အော်ဒါသစ် ထပ်မရလို့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတချို့ လည်ပတ်ဖို့ခက်

မြန်မာအထည်ချုပ်လုပ်ငန်း (ယခင်မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]

ပြည်ပကချုပ်ထည်ဝယ်ယူတဲ့ အော်ဒါအမှာတွေ အခုနှစ်ထဲမှာ ကျဆင်းသွားတယ်လို့ မြန်မာပြည်တွင်း အထည် ချုပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ အမေရိကန်နဲ့ ဥရောပလိုနိုင်ငံတွေဆီက အော်ဒါအသစ်တွေ ဆက်ပြီးမရတော့တဲ့အတွက် လုပ်ငန်းတချို့ ရပ်နားထားရမယ့်အခြေအနေ ရောက်သွားမှာကို လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတာပါ။ ဒီအခြေအနေမှာ လုပ်သားလျှော့ချတာတွေ၊ စက်ရုံယာယီရပ်နားတာတွေ ဖြစ်လာနိုင်တယ်လို့ တချို့ လုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဝင်းခန့်မောင် က တင်ပြပေးထားပါတယ်။

လာမယ့်တလအတွင်း ပြည်ပကနေမှာယူတဲ့ ချုပ်ထည်အော်ဒါအသစ်တွေ ထပ်ပြီးမရတော့ဘူးဆိုရင် အထည်ချုပ်လုပ်ငန်းတွေ ဆက်ပြီး လည်ပတ်ဖို့အတွက် ခက်ခဲသွားလိမ့်မယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ကိုဗစ်ကာလနောက်ပိုင်းမှာ အရင်ရှိပြီးသား အော်ဒါလက်ကျန်တွေကို ဆက်ချုပ်နေရတာဖြစ်ပြီး အော်ဒါအသစ်တွေ ထပ်ရဖို့ လုံးပန်းနေရဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသားတွေပိုင်တဲ့ အထည်ချုပ်လုပ်ငန်း အများအပြား လုပ်ငန်းရပ်ဆိုင်းမှုနဲ့ ကြုံရနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အစုံပဲဗျ။ နိုင်ငံစုံရှိမယ်။ China (တရုတ်) တို့ တခြားနိုင်ငံတွေ ဘာတွေ။ အဓိကတော့ အထည်ချုပ် အကြီးကြီးတွေမှာပဲ ပြတ်မယ်ဆိုတဲ့အသံ ကြားနေရတယ်။ ဒီလကုန်ပိုင်းလောက်ဆိုရင် စက်ရုံ ၂ ရုံ ၃ ရုံလောက်တော့ အော်ဒါ ရပ်ဖို့ရှိတယ်။ ပြီးရင် စက်ရုံနားမယ်လို့လည်း အသံတွေ ကြားနေရတယ်။ အဓိကတော့ အဲဒီ အော်ဒါ ပြတ်လပ်မှုပဲ။ လုပ်သားလျှော့တာတို့၊ စက်ရုံပိတ်တာတို့ ခေတ္တယာယီ အဲလိုမျိုးတွေ ဖြစ်မယ် ထင်တယ်။"

ပြည်ပက အမှာ အော်ဒါတွေ လျော့နည်းလာတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းကို ဗွီအိုအေက မေးမြန်းခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြေဆိုဖို့ငြင်းခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂလိုနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိနေဆဲဖြစ်သလို ဝယ်လိုအားလည်း ကျဆင်းနေတဲ့အတွက် အခုလို အော်ဒါအသစ်တွေ ဆက်ပြီးမရတာလို့ တချို့က ခန့်မှန်းပါတယ်။ ပြည်တွင်း အထည်ချုပ်စက်ရုံ အများစုကို ပိုင်ဆိုင်ထားတဲ့ တရုတ်လုပ်ငန်းရှင်တွေကတော့ စက်ရုံပြောင်းရွှေ့ဖို့ စဉ်းစားနေကြကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတခုဖြစ်တဲ့ STUM ရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျမတို့လည်းလုပ်ငန်းရှင်တွေဆီက ကြားတယ်။ အော်ဒါမရဘူးပေါ့။ အော်ဒါတွေရပ်မယ်၊ တချို့လုပ်ငန်းရှင်တွေ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို လုပ်ငန်းရွှေ့မယ် အဲလို အသံတွေကြားတယ်။ ဒါပေမဲ့ ဂျပန်လုပ်ငန်းရှင်တွေ ဆီကတော့ မကြားဘူးရှင့်။ တရုတ်လုပ်ငန်းရှင်တွေဆီက ကျမ တော်တော်ကြားတာ။"

လာမယ့်တလ၊ နှစ်လအတွင်းအမှာ ချုပ်ထည် မှာယူတာတွေ ထပ်မရဘူးဆိုရင် နောက်ထပ် နှစ်ဝက်လောက်အထိ အမှာရဖို့ ခက်ခဲသွားလိမ့်မယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တဦးက ခန့်မှန်းပြောဆိုပါတယ်။ လာမယ့် ၂၀၂၃ ဟာ ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေ အတွက် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ တချို့က ခန့်မှန်းပါတယ်။

ပြည်တွင်းမှာ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ နီးပါး လည်ပတ်နေပြီး မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အများအပြား ဖန်တီးပေး ထားပါတယ်။ ၂၀၁၃ မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးပြီးနောက်ပိုင်းမှာ မြန်မာ့အထည်ချုပ်လုပ်ငန်း တောက်လျှောက် တိုးတက်ခဲ့ပါတယ်။ ၂၀၁၉- ၂၀၂၀ မှာ အထည်ချုပ် တင်ပို့တာကနေ အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ ရရှိခဲ့တယ်လို့ စီမံဘဏ္ဍာဌာန၊ ဗဟိုစရင်းအင်းအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

အော်ဒါသစ် ထပ်မရလို့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတချို့ လည်ပတ်ဖို့ခက်.mp3

==============

[[Unicode]]







