[[Zawgyi/Unicode]]
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက ထိပ်တန်းအရာရှိကြီးတွေဟာ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို အွန်လိုင်းကနေတက်ရောက်ပါဝင်ခဲ့သူ ထိုင်းနိုင်ငံမှာရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်းဌာန အယ်ဒီတာ ဦးသိန်းထိုက်ဦးကို အသံလွှင့်ချိန်မတိုင်ခင်မှာ Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးသိန်းထိုက်ဦး။ ။ ဟုတ်ကဲ့၊ သတင်းစာရှင်းလင်းပွဲကတော့ အဓိက-ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့မဟုတ်ပေမဲ့ မြန်မာ့အရေးဟာ အဓိကအကြောင်းအရာအနေနဲ့ ပါလာတာပါခင်ဗျ။ သတင်းစာရှင်းလင်းပွဲမှာ အဓိကပြောသွားတဲ့သူတွေကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J.Kritenbrink -ပါ။ နောက်တယောက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်းဟဲန်းနက်စ် အေဘရာဟင် တို့နှစ်ယောက်ပါ။ သူတို့နှစ်ယောက်က ဖနွမ်းပင်ကိုရောက်နေတယ်။ ... ကမ္ဘောဒီးယားနိုင်ငံကို အာဆီယံအစည်းအဝေးတက်ဖို့ ရောက်နေတဲ့အချိန်မှာ - နောက် ဒီအစည်းအဝေးမှာ သမ္မတဂျိုးဘိုင်ဒန်လည်း တက်ပါလိမ့်မယ်။ နိုဝင်ဘာထဲမှာက မအင်ကြင်းတို့သိတဲ့အတိုင်းပဲ- အင်ဒိုနီးရှားမှာ G20 အစည်းအဝေးရှိတယ်။ နောက် ထိုင်းမှာက APEC အစည်းအဝေးရှိတယ်။ APEC အစည်းအဝေးမှာတော့ အမေရိကန်ဒုသမ္မတ ကင်မလာဟဲရက်စ်က ရောက်ပါလိမ့်မယ်။ အဲဒီတော့ ဒီ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးတွေ ပြောတာကတော့ “အဆင့်မြင့်ဆက်ဆံရေး” - အမေရိကန်ပြည်ထောင်စုနဲ့အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ အထူးသဖြင့်- ဆက်ဆံရေးပိုပြီးတော့ ကောင်းမွန်လာတဲ့အပေါ်မှာ မဟာဗျူဟာမြောက် ပိုပြီးတော့ တိုးမြှင့်ဖို့အတွက် အရေးကြီးတဲ့အကြောင်းအရာတွေ ဆွေးနွေးမယ်ဆိုပြီးတော့ အဓိက ပြောသွားတာပါ။
....သူတို့အပြောအရဆိုရင် လူဦးရေ ၁ ဘီလီယံပေါ့၊ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံဒေသမှာရှိတဲ့ပြည်သူတွေကြား ဒီလူတွေရဲ့အကျိုးစီးပွါးအတွက် အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေးတွေမှာ အရင်ကထက်ပိုပြီးတော့ မဟာဗျူဟာမြောက် တိုးမြင့်လာတဲ့အတွက် စိတ်လှုပ်ရှားရတယ်-ဆိုတဲ့အကြောင်း၊ သူတို့အနေနဲ့ဒါတွေကို အားတက်မိတယ်-ဆိုတဲ့အကြောင်းတွေကို အဓိက ပြောသွားတာပါခင်ဗျ။
မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ကော သူတို့ ဘာတွေ ထူးထူးခြားခြား ပြောသွားတာ ရှိလဲရှင့်။
ဦးသိန်းထိုက်ဦး။ ။ ဟုတ်ကဲ့၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒဲန်နီရယ်လ် ဂျေ၊ ခရစ်တန်ဘရင့်ခ် က - မြန်မာနိုင်ငံ့အရေးက ရှင်းပါတယ်-တဲ့။ မြန်မာနိုင်ငံမှာ ကိုယ့်ပြည်သူကိုယ်၊ ကိုယ့်ပြည်သူတွေအပေါ်မှာ ရက်ရက်စက်စက်လုပ်နေတဲ့ စစ်အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လုံးဝ လက်မခံဘူးဆိုတာ ပြခဲ့ပြီးသား၊ ဒီကိစ္စကို ဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ဖို့၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့အတွက် ဒေသတွင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး အမေရိကန်ပြည်ထောင်စုဘက်ကနေပြီး ဆက်ပြီး စစ်ကောင်စီအပေါ်မှာ ဖိအားပေးသွားမယ်၊ ဒီဟာကို မဖြစ်မနေဆက်လုပ်သွားမယ်ဆိုတာကို အဓိက ပြောသွားတာပါခင်ဗျ။
မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ သမ္မတဘိုင်ဒန်အစိုးရက ခန့်အပ်ထားတဲ့ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့အခန်းကဏ္ဍကရော အခု ဘယ်လိုရှိမလဲရှင့်။
ဦးသိန်းထိုက်ဦး။ ။ ဟုတ်ကဲ့၊ ကျနော်တို့သိသလောက်တော့ သံအမတ်ကြီး ဂျွန်ဟဲန်းနက်စ် အေဘရာဟင်က အာဆီယံသံအမတ်ကြီးအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ အခုလို ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတာကို သိပါတယ်။ သူတို့အဓိကဆွေးနွေးနေတဲ့အကြောင်းအရာတွေထဲမှာ ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးကိစ္စလိုဟာမျိုးတွေ၊ နောက် ကိုဗစ် ၁၉ ကြားကနေ စီးပွါးရေးပြန်ပြီးတော့ ဦးမော့လာရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ၊ နောက် အင်ဒိုပစိဖိတ်ဒေသ ရေကြောင်းသွားလာမှု လွတ်လပ်တဲ့သွားလာရေးတွေ ဖြစ်ဖို့ကိစ္စ- ဒါတွေကို အဓိကထား ဆွေးနွေးတဲ့အချိန်မှာ - နောက် မြန်မာနိုင်ငံအရေးကိစ္စကလည်း အရေးကြီးတယ်ဆိုတာကို သူက အခုလို ပြောသွားပါတယ်။
...“မြန်မာပြည်သူတွေ ဖိနှိပ်ခံနေရတဲ့၊ ရက်ရက်စက်စက်ညှင်းပမ်းနှိပ်စက်ခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့အတွက် သူတို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးမယ်ဆိုတာကို ထည့်သွင်းပြီးတော့ ပြောသွားတာပါခင်ဗျ။ ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့ အစည်းအဝေးမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ကိစ္စတွေအပြင် မြန်မာနိုင်ငံ့အရေးကိစ္စ- ဒီနှစ်ခုကတော့ မပါမဖြစ် အရေးကြီးတဲ့ကိစ္စတွေဆိုပြီးတော့ ထည့်ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။
မအင်ကြင်းနိုင်။ ။ တကယ်လို့ပေါ့နော်- အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်ငါးချက်က အလုပ်မဖြစ်ဘူး-ဆိုတာမျိုးလည်း ဖြစ်လာပြီ၊ အလုပ်မဖြစ်ဘူးဆိုပြီးတော့လည်း အာဆီယံနိုင်ငံတွေကိုယ်တိုင်ကိုက ပြောလာပြီဆိုတော့ အဲလိုအလုပ်မဖြစ်ရင်ကော အမေရိကန်က ဘာဆက်လုပ်ဖို့ရှိလဲလို့ သိရလဲရှင့်။
ဦးသိန်းထိုက်ဦး။ ။ ဟုတ်ကဲ့၊ ဒါနဲ့ပတ်သက်လို့တော့ တိတိကျကျ- အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်မဖော်ခဲ့ဘူးဆိုရင် ဘာဆက်လုပ်မလဲဆိုတဲ့ကိစ္စမှာ အာဆီယံကပဲ အဓိကဆုံးဖြတ်ရမယ့်ကိစ္စသဘောမျိုး အမေရိကန်ဘက်က သဘောထားနေပုံရပါတယ်ခင်ဗျ။ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စကိုဘာဆက်လုပ်မယ်ဆိုတာ တိတိကျကျ ပြောသွားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအပေါ်မှာ ပိုပြီးတော့ ပြင်းထန်တဲ့အရေးယူမှုတွေလုပ်မယ်၊ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေပျောက်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့အတွက် အာဆီယံရဲ့အခန်းကဏ္ဍက အဓိကကျတယ်၊ ဒေသတွင်းနိုင်ငံတွေပူးပေါင်းပြီးတော့ အတူလက်တွဲလို့ရတဲ့နိုင်ငံတွေနဲ့အတူ မဖြစ်မနေ ဆက်ပြီးတော့ အဘက်ဘက်က ပိုပြီးတော့ ပြင်းထန်တဲ့ဖိအားတွေပေးမယ်ဆိုတာ အဓိကပြောသွားပါတယ် မအင်ကြင်းခင်ဗျ။
Your browser doesn’t support HTML5
==============
[[Unicode]]
==============