[[Zawgyi/Unicode]]
ယူကရိန်းကိုထောက်ခံပြီး တရုတ်ရဲ့စိန်ခေါ်မှုတွေကိုအတူတုံ့ပြန်ကိုင်တွယ်ဖို့ အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်သစ် Rishi Sunak တို့ အင်္ဂါနေ့က သဘောတူခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဆူးနက် ဝန်ကြီးချုပ်တာဝန်ယူလိုက်တဲ့နေ့မှာပဲ သမ္မတဘိုင်ဒန်နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်ကြားမှာ အထူးဆက်ဆံရေးရှိတာကိုလည်း ခေါင်းဆောင် ၂ ဦး က သဘောတူကြပါတယ်။ “ယူကရိန်းကို ထောက်ခံရာမှာ အလုပ်အတူလုပ်ကြဖို့ အရေးကြီးတာကို သဘောတူကြသလို ကျူးကျော်စော်ကားမှုတွေအတွက် ရုရှားက တာဝန်ခံလာအောင် လုပ်ဖို့လည်း သဘောတူကြပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရုတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်ချက်တွေကိုလည်း ကိုင်တွယ်ကြဖို့ သဘောတူကြတယ်လို့ အိမ်ဖြူတော်ကြေညာချက်မှာ ပြောပါတယ်။ ဒါပေမယ့် တရုတ်က တိုင်းပြည်အားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းနဲ့ မိတ်ဘက်ဖြစ်ပြီး စိန်ခေါ်ချက်လည်းမဟုတ်သလို အန္တရာယ်လည်းမဟုတ်ပါဘူးလို့ ဒီနေ့ ဗုဒ္ဓဟူးနေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောပါတယ်။
“ခေတ်အောက်သွားပြီဖြစ်တဲ့ တရုတ်အန္တရာယ်သဘောတရားကို ပျံ့နှံ့စေမယ့်အစား ပွင့်လင်း၊ အားလုံးပါဝင်၊ သူကျိုးကိုယ်ကျိုးရှိ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သင့်တယ်လို့ သူက ဆက်လက် ပြောဆိုသွားပါတယ်။
ရုရှားက အီရန်ဒရုန်းယာဉ်တွေသုံးနေတယ်ဆိုတဲ့ အထောက်အထားကို အစ္စရေးသမ္မတ Isaac Herzog က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့တဲ့အခါ ပေးအပ်မယ်လို့ အစ္စရေးသမ္မတရုံးက ပြောပါတယ်။ ယူကရိန်းမှာ ပစ်ချခံရတဲ့ ဒရုန်းရုပ်ပုံဟာ ၂၀၂၁ ခုနှစ် အီရန်ကစမ်းသပ်ခဲ့တဲ့ ဒရုန်းရုပ်ပုံနဲ့တူညီနေတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို ပေးအပ်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]