[[Zawgyi/Unicode]]
ရုရှားက အီရန်ဒရုန်းတွေကို အသုံးပြုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က တောင်းဆိုလိုက်ကြပါတယ်။ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် တံခါးပိတ်အစည်းအဝေးမှာ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက လုံခြုံရေးကောင်စီကို အဲဒီကိစ္စတင်ပြဖို့လည်း တောင်းဆိုချက်ထဲမှာပါဝင်တယ်လို့ သံတမန်တွေက အင်္ဂါနေ့မှာ ပြောကြပါတယ်။
စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး အီရန်လုပ် ဒရုန်းစင်းရေ ၂၂၀ ကျော်ကို ပစ်ချခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက အေအက်ဖ်ပီ သတင်းဌာနကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့လထဲ ရုရှားက ပြည်နယ်တချို့ကို တရားမဝင်သိမ်းသွင်းခဲ့ပြီးတဲ့နောက် ယူကရိန်းတပ်တွေက တောင်ပိုင်းနဲ့အရှေ့ပိုင်းကို ထိုးစစ်ဆင်လာတဲ့အတွက် တောင်ပိုင်း ခါစန်ဒေသမှာ အလွန်ခက်ခဲတဲ့ အခြေအနေ ကြုံနေရကြောင်း ယူကရိန်းဆိုင်ရာ ရုရှားတပ်မှူးအသစ်က ပြောပါတယ်။ အဓိကကျတဲ့မြို့တွေကနေ အရပ်သားတွေကို ရွှေ့ပြောင်းပေးနေကြောင်း ရုရှားလိုလားတဲ့ ရုရှား ထိန်းချုပ် ခါစန်ဒေသက အရာရှိတွေက ဆိုပါတယ်။
အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း ရုရှားတပ်တွေဟာ ယူကရိန်းမြို့ အများအပြားကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းပြည်သူ သိန်းပေါင်းများစွာဟာ ရေပြတ်မီးပြတ် ကြုံတွေ့နေရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ရုရှားနဲ့ ယူကရိန်းကြား ဆွေးနွေးပွဲတွေဖြစ်ခဲ့ပေမယ့် ပျက်ပြားသွားခဲ့ပါတယ်။ သူ့ရဲ့တောင်းဆိုချက်တွေကို လိုက်လျောပြီး သိမ်းပိုက်နယ်မြေတွေကို ယူကရိန်း က အသိအမှတ်ပြုလက်ခံမှသာ ဆွေးနွေးပွဲဖြစ်နိုင်မယ်လို့ ရုရှားက ဆိုပါတယ်။
Your browser doesn’t support HTML5
===========
[[Unicode]]