သေဒဏ်ဆန့်ကျင်ရေးနေ့အတွက် အီးယူ မြန်မာသံရုံးကြေညာချက်  

[[Zawgyi/Unicode]]

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို သေဒဏ်ပေးခဲ့တဲ့အတွက် သေဒဏ်ပေးတာကိုဆိုင်းငံ့ထားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ၃၄ နှစ်တာ ဂုဏ်ယူစရာသမိုင်းကြောင်းကို ပျက်သုဉ်းစေခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ပိုမိုပျက်ယွင်းစေခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ မနေ့က သေဒဏ်ဆန်ု့ကျင်ရေးနေ့မှာ ရေးသားထားပါတယ်။ ကမ္ဘာမှာ သေဒဏ်ကွပ်မျက်စီရင် တာ ၁၈ နိုင်ငံပဲရှိပြီး မြန်မာနိုင်ငံဟာ တနိုင်ငံအဖြစ်ပါဝင်လာခဲ့တယ်လို့ အီးယူမြန်မာကဆိုပါတယ်။

နိုင်ငံတကာ ဥပဒေအောက်၊ အကန့်အသတ်အခြေအနေထဲမှာ သေဒဏ်အပြစ်ပေးတာကိုခွင့်ပြုထားပေမယ့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်ထားထားတဲ့ နိုင်ငံတွေဟာ လက်တွေ့မှာ သေဒဏ်ချမှတ်ဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်အပြစ်ပေးတာကိုပယ်ဖျက်ရေးဟာ တခုတည်းသော လျှောက်ရမယ့်လမ်းကြောင်း ဖြစ်တယ်လို့ ကုလသမဂ္ဂကလည်း မနေ့ကဆိုပါတယ်။

ညှင်းပန်းနှိပ်စက်မှု၊ လူမဆန် ရက်စက်ကြမ်းကြုတ်စွာအပြစ်ပေးမှုနဲ့ တရားဥပဒေကြောင်းအရမဟုတ်ဘဲ ထင်သလို အဆုံးစီရင်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ် နှစ်ယောက်ဖြစ်ကြတဲ့ Alice Edwards နဲ့ Morris Tidball-Binz တို့က သေဒဏ်ဆန့်ကျင်ရေးနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ကြတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၇၀ က သေဒဏ်နဲ့ပတ်သက်ပြီး ပယ်ဖျက်၊ ဒါမှမဟုတ် ပြင်ဆင်ထားပြီး ဖြစ်ကြပေမယ့် သေဒဏ်ပေးတာက ပြီးခဲ့တဲ့ ၁ နှစ်အတွင်းမှာ ၂၀ ရာနှုန်းတက်လာခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

နိုင်ငံတကာ ဥပဒေအောက်မှာ သေဒဏ်ပေးဖို့အတွက် အကြီးလေးဆုံးသော ရာဇဝတ်မှုစံနှုန်းနဲ့ တိုင်းတာ ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆို ဆန္ဒပြခွင့်လို နိုင်ငံရေး အမှုတွေ၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ပုတ်ခတ်စော်ကားတယ်လို့ စွပ်စွဲတဲ့အမှုတွေ၊ အိမ်ထောင်ရေးဖောက်ပြားတဲ့အမှုတွေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အမှုတွေကို သေဒဏ်ပေးနေတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ကုလသမဂ္ဂ ကြေညာချက်က ပြောပါတယ်။ ဉာဏ်ရည် မပြည့်သူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးတွေ အပေါ် သေဒဏ်ပေးရာမှာ ချွင်းချက်ထားစဉ်းစားဖို့လည်း ကုလသမဂ္ဂက နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

Your browser doesn’t support HTML5

သေဒဏ်ဆန့်ကျင်ရေးနေ့အတွက် အီးယူ မြန်မာသံရုံးကြေညာချက်.mp3

================

[[Unicode]]




