သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာဈေးမတည်ငြိမ်လို့ ငွေလဲလှယ်မှုနဲ့ ရွှေအရောင်းအဝယ်တွေ အလုပ်မဖြစ်


 မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေ လဲလှယ်နေတဲ့ ငွေလွှဲဌာနတခုမြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ/ ဒီဇင်ဘာ ၁၆၊ ၂၀၁၆) 
 မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေ လဲလှယ်နေတဲ့ ငွေလွှဲဌာနတခုမြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ/ ဒီဇင်ဘာ ၁၆၊ ၂၀၁၆) 

[[Zawgyi/Unicode]]

ရန်ကုန် ပြင်ပငွေလဲနှုန်း ဈေးကွက်မှာ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေပြီး အမေရိကန်တဒေါ်လာနဲ့ ကျပ်ငွေလဲလှယ်တဲ့ဈေးနှုန်းကို အမျိုးမျိုးပြောဆိုနေကြပေမယ့် တကယ်တမ်း အရောင်းအဝယ်မဖြစ်ဘူးလို့ တရားဝင်ငွေလဲစင်တာတခုမှာ အလုပ် လုပ်ကိုင်နေသူတဦးက VOA ကို ပြောပါတယ်။ ဒေါ်လာဈေးနှုန်း မတည်ငြိမ်တဲ့အတွက် ရွှေအရောင်းအဝယ် ရပ်ဆိုင်းနေသလို သွင်းကုန်လုပ်ငန်းရှင်တွေက အခြေအနေကိုစောင့်ကြည့်ပြီး လုပ်ငန်းတချို့ရပ်ဆိုင်းထားပါတယ်။ ငွေကြေးဈေးကွက်နဲ့ စီးပွားရေးလောကသတင်းတွေကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းမှာ တဒေါ်လာကို လေးထောင်လောက်အထိ ရောက်သွားပြီဆိုပြီး လူမှုကွန်ယက်တွေနဲ့ အပြင်မှာပြောနေကြပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း အရောင်းအဝယ် ဖြစ်တာမျိုး မရှိတဲ့အကြောင်းနဲ့ ငွေလဲစင်တာတွေ တော်တေ်တော်များများ ရပ်နားခဲ့တဲ့အကြောင်း ရန်ကုန်မြို့ တရားဝင်ငွေလဲစင်တာတခုမှာ အလုပ်လုပ်နေသူတယောက်က VOA ကို ပြောပါတယ်။

“ဒေါ်လာ၊ ယွမ်၊ ဘတ် ဘာတခုမှ ကျမတို့ အရောင်းအဝယ်မလုပ်နိုင်လို့ ပိတ်လိုက် ရတယ်။ ဈေးတွေက ခေါ်နေကြတာ တကယ် အရောင်းအဝယ်ဖြစ်လားဆိုတော့ မဟုတ်ဘူး။ ကျမတို့ဘယ်ဈေးရောင်းဝယ်ရမလဲမသိတော့တာ။ အဲတော့ ပိတ်လိုက်တော့တယ်။ ရောင်းစရာလည်း မရှိသလိုဝယ်မယ့်သူလဲ ရှိမှမရှိတာ။”

မြန်မာနိုင်ငံဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေထိန်းချုပ်ရေးကြိုးပမ်းတဲ့ ညွှန်ကြားချက်တွေ ဆက်တိုက်ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဒေါ်လာလဲနှုန်းက တဒေါ်လာကို ၂,၁၀၀ ကျပ်မှာပဲ ရှိနေပါတယ်။ နိုင်ငံခြားငွေလဲလှယ်ရာမှာ ဗဟိုဘဏ်သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်းရဲ့ ဝ.၃ ရာခိုင်နှုန်း ဘောင်အတွင်းမှာပဲ သတ်မှတ်ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ ဒေါ်လာဈေး မငြိမ်တဲ့အတွက် အရောင်းအဝယ်မဖြစ်ဘူးလို့ VOA ကို ပြောပါတယ်။

“ကျနော်တို့အသင်းရုံးကတော့ ဒီနေ့အရောင်းအဝယ်မဖြစ်ဘူးဗျ၊ ဒေါ်လာဈေးမငြိမ်တော့ ကျနော်တို့လည်း အရောင်းအဝယ်မဖြစ်ကြဘူး။ ..အပြင်ဈေးကွက်တွေလည်း အတိအကျမသိဘူး။ ဒေါ်လာဈေးကိုအတိအကျမသိလို့ လိုက်စုံစမ်းနေတုန်းပဲ။ အခုထိ စုံစမ်းတုန်းပဲရှိသေးတယ်။ ဒေါ်လာဈေး ဘယ်လောက်လဲဆိုတာ။”

ပြင်ပ ပေါက်ဈေးကတော့ တကျပ်သားကို ၃၅ သိန်းနီးပါးရှိခဲ့ပြီး အရောင်းအဝယ်မရှိသလောက် အေးနေတယ်လို့ ရွှေဆိုင်တချို့ကပြောပါတယ်။

အခုလို မြန်မာငွေနဲ့ ဒေါ်လာငွေလဲနှုန်းတွေ ပြောင်းလာတာကြောင့် ပြည်ပက တင် သွင်းလာတဲ့ ကုန်ပစ္စည်းတွေလည်း အရောင်းအဝယ်တွေလုပ်ရမှာ ဈေးနှုန်းအပြောင်းအလဲတွေဖြစ်လို့ လုပ်ကိုင်ရခက်ခဲတာကြောင့်တချို့ လုပ်ငန်းတွေ အရောင်းအဝယ်နဲ့ ဆိုင်တွေပါ ပိတ်ထားလိုက်ရကြောင်း ဆိုင်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကြေငြာထားပါတယ်။ မူဆယ်နယ်စပ်ကုန်စည်ဒိုင်မှာတော့ငွေဈေးမတည်မငြိမ်မှုကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေရပ် နားထားရတယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။

“ကျနော်တို့ အခုလောလောဆယ် export တို့ဘာတို့ အကုန်လုံးရပ်ထားရတယ်။ ဘာမှမလုပ်နိုင်ဘူး။ အလုပ်တွေရပ်ထားရတာပေါ့။ ဘာလို့လဲဆို လွှဲရမယ့်ဟာတွေလည်းရှိနေတယ်လေ။ export လုပ်ပေမယ့် ယွမ်နဲ့လုပ်ရင် ယွမ်နဲ့လွှဲရတယ်။ ဒေါ်လာနဲ့လုပ်ရင် ဒေါ်လာပြန်ဝယ်ရတယ်လေ။ အဲဒီဟချက်တွေရှိနေတော့ အကုန်လုံး ရပ်တဲ့သူများတယ်။ အခု အခြေအနေစောင့်ကြည့်မှရမှာလေ။ နို့မို့ရင် လုပ်လည်းရှုံး၊ လုပ်တိုင်းရှုံး အဲလိုဖြစ်နေကြတာလေ။ အဲလို အခက်အခဲတွေအများကြီးဖြစ်သွားတာပေါ့လေ နော်။”

ဒေါ်လာကို ပြင်ပကနေ ပေါက်ဈေးနဲ့ ဝယ်ယူရာမှာလည်း ဈေးအဆမတန်ခေါ်တာ၊ တကယ်ဈေးကွက်တွင်းဝယ်မရတာနဲ့ သွင်းကုန်ကန့်သတ်ချက်တွေများလာတာတွေကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေက အခြေအနေကို စောင့်ကြည့်ပြီး လုပ်ငန်းတချို့ ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။

စီးပွားရေးသုံးသပ်သူတဦးကတော့ ကျပ်ငွေကျဆင်းမှုဟာ သွင်းကုန်အခြေပြုတဲ့ စီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စီးပွါးရေးပုံမှန်လည်ပတ်မှု မရနိုင်တဲ့အခြေအနေမျိုး၊ အဆင့်မျိုးကိုရောက်လာပြီပေါ့။ တဖြည်းဖြည်းနဲ့ရောက်လာတာပေါ့။ ရောက်လာတာက အခုအခြေအနေ ရောက်လာပြီ။ အဲဒီတော့ ဒီအတိုင်းသွားရင် ပိုပိုပြီးတော့ ကျပ်တည်းမယ်၊ ပိုပိုပြီးတော့ လုပ်ငန်းတွေမလည်ပတ်နိုင်တာဖြစ်မယ်။ တိုက်ရိုက်ထိခိုက်တာလည်း ရှိမယ်။ တဆင့်ခံ၊ နှစ်ဆင့်ခံ သွယ်ဝိုက်ထိခိုက်တာလည်းရှိမယ်။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းကအစ၊ လုပ်ခလစာ အလယ်ပေါ့- ပြီးတော့ တိုင်းပြည်ရဲ့ထွက်ကုန်တွေအဆုံး အကုန်လုံးကို တောက်လျှောက် တဆင့်ခံ ထိခိုက်နိုင်တယ်။ အဲလိုထိခိုက်ရင် အဆိုးသံသရာလည်တာမျိုးပေါ့-နော်၊ စီးပွါးရေးဟာ အဆိုးသံသရာလည်ပြီးတော့ ဆိုးသွားနိုင်တယ်၊ ဆိုးလည်းဆိုးနေပြီပေါ့နော်။”

ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်နေချိန်မှာပဲ အမေရိကန်တဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း ရည်ညွှန်းတန်ဖိုးကို ဗဟိုဘဏ်က ပြန်ပြင်ပေးတော့မယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက်ပေါ်မှာ ဒီရက်ပိုင်း ပျံ့ခဲ့ပါတယ်။ စစ်ကောင်စီရဲ့တာဝန်ရှိသူ ဝန်ကြီးတဦးကတော့ ဒါတွေက ကောလာဟလတွေဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ အွန်လိုင်းကနေ ငွေအရောင်းအဝယ်လုပ်တာကို မယုံကြည်ဖို့နဲ့ ငွေကြေးကစားတဲ့ ရောင်းဝယ်မှုတွေကို နိုင်ငံခြားငွေသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ဗဟိုဘဏ်က မကြာခင်ရက်ပိုင်းက သတိပေး ထပ်ပြီးထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







ရှှအေသငျး ဥက်ကဋ်ဌ ဦးမြိုးမွင့ျကတော့ ဒေါျလာဈေး မငွိမျတဲ့အတှကျ အရောငျးအဝယျမဖွဈဘူးလို့ VOA ကို ပွောပါတယျ။









XS
SM
MD
LG