[[Zawgyi/Unicode]]
အိန္ဒိယနိုင်ငံ New Delhi မြို့တော်နဲ့ Mumbai မြို့တို့မှာအခြေစိုက်ကြတဲ့ BBC သတင်းဌာနခွဲ ရုံးတွေကို အင်္ဂါနေ့က အိန္ဒိယအခွန်ဦးစီးဌာန အရာရှိတွေက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။ BBC ကနေထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ဟာ ဝါဒဖြန့်ချီရေးသက်သက်ဖြစ်တယ်လို့ အိန္ဒိယအစိုးရကခေါ်ဆိုလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အဲဒီလို ဖြစ်ပေါ်လာတာပါ။
BBC သတင်းဌာနကတော့ သူတို့ရဲ့ရုံးတွေကို အဲဒီလို ဝင်ရောက်ရှာဖွေတဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဒီအပေါ်မှာ အမြန်ဆုံး ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော့်လင်ထားကြောင်း Twitter မှာ ရေးသားထားပါတယ်။
ဝန်ကြီးချုပ် Narandi Modi ရဲ့ Bharatiya Janata Party BJP ပြောရေးဆိုခွင့်ရှိသူ Gaurav Bhatia ကတော့ အခုလို လုပ်ဆောင်တာဟာ အခွန်ဆိုင်ရာ စစ်ဆေးမှုဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် BBC ဟာ အိန္ဒိယကို ဖျက်လုပ်ဖျက်ဆီးလုပ်နေသူတွေနဲ့ လက်တွဲလုပ်ဆောင်နေပြီး အဂတိလိုက်စားမှုအများဆုံး နဲ့ ရီစရာအကောင်းဆုံး သတင်းဌာနဖြစ်တယ်လို့ ပြောပါတယ်။
" India : The Modi Question " လို့ အမည်ပေးထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ၂ဝဝ၂ ခုနှစ် အိန္ဒိယနိုင်ငံအနောက်ပိုင်း Gujarat ပြည်နယ်မှာ အဲဒီအချိန် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Narendra Modi လက်ထက် ဘာသာရေး အဓိကရုန်းဖြစ်ပွားခဲ့တာကို အဓိကဖော်ပြထားပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့် အနည်းဆုံး လူတထောင်အသတ်ခံခဲ့ရပြီး သေဆုံးသူအများစုဟာ မွတ်ဆလင်တွေဖြစ်ကြပါတယ်။
အဲဒီ မှတ်တမ်းဗွီဒီယိုကိုတော့ BBC ကနေ အိန္ဒိယမှာ ထုတ်လွှင့်ခြင်းမရှိသလို အိန္ဒိယအစိုးရကလည်း သတင်းနဲ့နည်းပညာဆိုင်ရာ အရေးပေါ်ဥပဒေကို အသုံးပြုပြီး အဲဒီဗွီဒီယိုကို ပိတ်ထားပါတယ်။
အဲဒီလို BBC ရုံးတွေကို အဲဒီလို ရှာဖွေကြတာနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယ မီဒီယာအုပ်စုတွေကို ကိုယ်စားပြုထားတဲ့ အစည်းအရုံးကလည်း စိုးရိမ်မှုရှိကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုပါတယ်။ အိန္ဒိယအတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဂရက်ပါတီကလည်း အစိုးရကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒါ့ပြင် မီဒီယာ စောင့်ကြည်ရေးအဖွဲ့ဖြစ်တဲ့ CPJ ကလည်း BBC မှတ်တမ်းရုပ်ရှင်ကို လူမှုကွန်ယက် ပလက်ဖောင်းပေါ်ကနေပိတ်ပင်တာဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ဆန့်ကျင်ရာရောက်ပြီး လွတ်လပ်တဲ့စာနယ်ဇင်းတွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။
RSF ခေါ် နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ ကမ္ဘာ့ မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာလည်း အိန္ဒိယရဲ့သတင်းလွတ်လပ်ခွင့်ဟာ ၂၀၂၁ ခုနှစ်က အဆင့် ၁၄၂ နေရာကနေ မနှစ် ၂ဝ၂၂ ခုနှစ်မှာတော့ အဆင့် ၁၅ဝ ကို ကျဆင်းသွားပါတယ်။
================
[[Unicode]]
အိန်ဒိယက ဘီဘီစီ သတငျးဌာနရုံးခှဲတှေ ရှာဖှခေံရ