သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြဿနာ ဖြေရှင်းပေးဖို့ ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်တွေ တောင်းဆို


မယ်လဒုက္ခသည်စခန်းမှာကမ္ဘာဒုက္ခသည်နေ့ကျင်းပနေပုံ(ဇွန် ၂၀၊ ၂၀၂၂။ ဓာတ်ပုံ- CJ)
မယ်လဒုက္ခသည်စခန်းမှာကမ္ဘာဒုက္ခသည်နေ့ကျင်းပနေပုံ(ဇွန် ၂၀၊ ၂၀၂၂။ ဓာတ်ပုံ- CJ)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ အဲဒီလို ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လစခန်းမှာ ဇွန်လ၂၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာဒုက္ခသည်နေ့ကျင်းပခဲ့ပြီး ဒုက္ခသည်တွေကတော့ နှစ်ပေါင်း၂၀ လောက် ဒုက္ခသည်စခန်းထဲမှာပဲ ထွက်ပေါက်မရှိသလိုနေထိုင်နေရတဲ့အတွက် သူတို့ရဲ့ကလေးငယ်တွေအနာဂါတ်ကင်းမဲ့နေတဲ့အကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတနိုင်ငံမှာခိုလှုံခွင့်မရဘဲ ဆယ်စုနှစ် ၂ ခုနီးပါး ဒုက္ခသည်စခန်းမှာပဲ နေထိုင် စားအသောက်ရေးအခက်အခဲတွေနဲ့ ပိတ်လှောင်ခံထားရသလိုဖြစ်နေတယ်လို့ မယ်လဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက အခုလိုပြောပါတယ်။

မယ်လဒုက္ခသည်စခန်းမှာကမ္ဘာဒုက္ခသည်နေ့ကျင်းပနေပုံ(ဇွန် ၂၀၊ ၂၀၂၂။ ဓာတ်ပုံ- CJ)
မယ်လဒုက္ခသည်စခန်းမှာကမ္ဘာဒုက္ခသည်နေ့ကျင်းပနေပုံ(ဇွန် ၂၀၊ ၂၀၂၂။ ဓာတ်ပုံ- CJ)

“UN တဲထိုးထားတဲ့ရှေ့မှာပဲ ငြိမ်းချမ်းစွာ ဆိုင်းဘုတ်တွေထောင်ပြီး ဆန္ဒထုတ်ဖော် တာပေါ့နော်။ ဒုက္ခသည်တွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ ဒီထဲမှာ ပိတ်လှောင်မထားဘဲ ထွက်ခွါခွင့်ပေးဖို့ပေါ့နော်။ ပိတ်လှောင်မထားဖို့ဆိုတာကတော့ ယဉ်ယဉ်ကျေးကျေးပြောလိုက်တာပေါ့နော်။ ဒုက္ခသည်တွေကို ပိတ်လှောင်မထားဘဲ ကောင်းတဲ့အကြောင်းတခုခု လုပ်ပေးဖို့ ဒီအတိုင်းထားမယ့်အစား ထွက်ပေါက်တခုပေးဖို့ ပေါ့နော် ကျနော်တို့အတွက်ဆိုလို့ရှိရင် ကျနော်တို့ရဲ့သားသမီးတွေရဲ့နောင်ရေးအတွက် ထွက်ပေါက်ပေးတဲ့အနေနဲ့ တနေရာရာကိုခိုလှုံခွင့် ဒါမှမဟုတ် တနေရာကိုပို့ပေးမလား၊ ဘာလုပ်ပေးနိုင်မလဲ၊ ဒီမှာလုံးဝနေထိုင်ခွင့်တွေပေးမလား၊ အဲဒါဆိုလည်းအဆင်ပြေတယ်။ တခုခုလုပ်ပေးနိုင်ရင်တော့ အဆင်ပြေတယ်။”

ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်နီးပါးအတွင်းမှာ အပြင်ထွက် အလုပ်လုပ်ခွင့် မရတဲ့ အခက်အခဲတွေကြောင့် ဒုက္ခသည်စခန်းတိုင်းမှာ စားဝတ်နေရေး ကြပ်တည်းမှုက ပိုပြီးကြီးထွားလာကြပါတယ် ။ ဒုက္ခသည် စခန်းတွေမှ ာ စားဝတ်နေရေး ပြဿနာက အကြီးဆုံးဖြစ်နေပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လစဉ် ဒုက္ခသည်တဦးအတွက်ပေးတဲ့ စားသောက်စရိတ်ဟာ တလလုံးမှ ဘတ်ငွေနဲ့ဆိုရင် ဘတ် ၂၇၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၉ ဒေါ်လာလောက်သာ ရှိတဲ့အတွက် မလောက်ငကြပါဘူး။ ဒီအတွက် အခက်အခဲတွေဖြစ်နေတယ်လို့လည်းဆိုပါတယ်။

“အခုပေးတဲ့ ဘတ်ငွေ၂၇၀ ဆိုတာက ကျနော်တို့ကို အရင်က ဆန်တို့ ဘာတို့ရိက္ခာတွေပေးတယ်၊ အခုက အဲဒီလိုမထုတ်ပေးတော့ဘူး။ Food Card ဆိုပြီးကဒ်ပြားလေးပေးပြီး အဲဒီထဲမှာ ပိုက်ဆံ၂၇၀ ထည့်ပေးထားတယ်။ အဲဒီထဲက ရိက္ခာပေါ့ ငါးဝယ်ဝယ်၊ ဆန်ဝယ်ဝယ်ပေါ့။ မီးသွေးကတော့ လူတယောက်ကို အိမ်ထောင်ဦးစီးကတော့ ၁၀ ကီလိုရတယ်။ ကျန်တဲ့သူတွေကတော့ မှီခိုသူမိသားစုက တယောက်ကို ၅ ကီလိုရတယ်။ တလ အတွက်ပေါ့နော်၊ အဲဒါကတော့ ပိုက်ဆံမပေးရဘူး။ကျန်တဲ့ ၂၇၀ ထဲက ဆန် ဆီ ဆား ငရုပ် ကြက်သွန် စတာတွေဝယ်ပေါ့နော်။”

ဒုက္ခသည်အများစုဟာ တတိယနိုင်ငံ ထွက်ခွါဖို့ စောင့်နေကြရတာ ဆယ်စုနှစ် ၂ ခု နီးပါးလောက် ကြာနေပေမယ့် ခုထိလည်း သွားလို့ မရကြပါဘူး။ အခုဆိုရင် ဒုက္ခသည်တွေဟာ အစားအသောက်မလုံလောက်တဲ့ ပြဿနာတွေသာမက ကျန်းမာရေး၊ ကလေးသူငယ်တွေရဲ့ပညာရေးအခက်အခဲတွေကိုပါရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

“လတ်တလောရင်ဆိုင်နေရတာကတော့ ရိက္ခာလုံလုံလောက်လောက်မရတာပေါ့နော်။ နောက်တချက်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးကုသတာက ဒီမှာကသတ်မှတ်ချက်ထားတယ်။ တနေ့ကို ၁၀ ယောက်ဆို ၁၀ ယောက်ပဲပို့မယ်။ ဆေးဝါးပိုင်းဆိုင်ရာ အခက်အခဲတွေရှိတယ်။ တခြားအရေးကြီးတဲ့လူနာတွေကို မဲဆောကိုပို့တယ်ဆိုပေမယ့် အခုကနေမကေင်းတဲ့သူတိုင်း၊ အရေးကြီးတဲ့သူတိုင်း ၁၅ ယောက်ရှိတယ် ဆိုပါတော့ ၁၅ ယောက်လုံးပို့ မရဘူး။ ဘတ်ဂျက်အရဆိုပြီး ၁၀ ယောက်လောက်ပဲ ပို့နိုင်တယ်ခွဲတမ်းနဲ့သာ ပို့နိုင်တယ်။

အခုနောက်ပိုင်းမှာ မဲဆောက်ကို ကျန်းမာရေးပြချင်တယ်ဆိုရင် လက်မှတ်လုပ်ပေးတယ်။ လက်မှတ်ခကတော့ ဘတ်၂၀၀ ပေးရတယ်။ လွဲှပြောင်းတာမဟုတ်ဘူး။ အဲဒါက ဥပမာ ကျနော်တို့သွားနုတ်ချင်တယ်ဆိုရင် စခန်းမှာသွားနုတ်တာမရှိဘူး။ အဲဒီတော့ လက်မှတ်ယူပြီး မယ်တော်ဆေးခန်းမှာ သွားနုတ်ကြတယ်။ ကားခကတော့ ကိုယ့်ဖာသာခံပေါ့။ အရင်က စခန်းထဲမှာ သွားနုတ်တာ မျက်မှန်ပြတာရှိတယ်။ အခုနောက်ပိုင်းမှာတော့မရှိတော့ဘူး။ နောက်ပြီးတော့ ကျောင်းထားတဲ့ကိစ္စဆိုရင်လည်း ဒီမှာက ကျောင်းတွေက ပိုက်ဆံအကုန်ပေးရတယ်။ အလကားထားလို့ရတဲ့ကျောင်းတွေ မရှိတော့ဘူး။ ဒီတော့ မရှိဆင်းရဲသားတွေက ဘယ်လိုလုပ်မလဲ။”

မယ်လစခန်းအပါအဝင် ဒုက္ခသည်စခန်းတိုင်းမှာ အခုလိုပြဿနာတွေနဲ့ရင်ဆိုင်နေရတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ချောလက်ဟာ ဇွန် ၉ ရက် ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြို့နယ်ထဲက အကြီးဆုံးဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လစခန်းကိုလာရောက်ခဲ့ပြီး ဒုက္ခသည်တွေ နေထိုင်နေရတဲ့အခြေအနေတွေနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို လေ့လာခဲ့ပြီး လူသားချင်းစာနာတဲ့အကူညီပေးမူတွေ တိုးမြှင့်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ မယ်လဒုက္ခသည် စခန်းမှာ လက်ရှိဒုက္ခသည် ၂၇,၉၀၈ ဦးရှိပြီး ကရင်အပါအဝင် လူမျိုးပေါင်းစုံ မျိုးနွယ် စု ၁၃ မျိုး နေထိုင်နေတာပါ။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည်တသိန်းလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]













=====================

XS
SM
MD
LG