သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ ငွေလဲသူတချို့ ဖမ်းဆီးစစ်ဆေးခံရ


Thai baht notes
Thai baht notes

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်းမှာ ထိုင်းငွေနဲ့ မြန်မာကျပ်ငွေ ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စစ်ကောင်စီဘက်က အရပ်ဝတ်နဲ့ရဲတွေ ဝင်ရောက်သိမ်းဆည်းပြီး လူ ၁၀ ဦးလောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ငွေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ငွေလဲခုံတွေပေါ်က ဘတ်ငွေတွေကိုလည်း သိမ်းယူသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေချိန် မြန်မာအာဏာပိုင်တွေဘက်က နယ်စပ် ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးနှိမ်နှင်းတာဖြစ်ပြီး အရင်က အခုလို ငွေလဲကောင်တာတွေကို ဝင်ရောက်ရှာဖွေတာမျိုး မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကို ထိုင်းမြန်မာနယ်စပ်ကနေ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်းက ထိုင်းငွေနဲ့ မြန်မာကျပ်ငွေ လဲတဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်လေးတွေကို သြဂုတ်လ ၁၃ ရက်နေ့က ဝင်ရောက်စီးနင်းပြီး လူကိုလည်းဖမ်း၊ ငွေတွေလည်းသိမ်းယူသွားတယ်လိ့ု့ ထိုင်းမြန်မာနယ်စပ်က ပြည်သူတဦးကပြောပြပါတယ်။

“၁၃ ရက်နေ့ နေ့လယ် ၂ နာရီထိုးတဲ့အချိန်မှာ ထိုင်းမြန်မာ ငွေလဲလုပ်ငန်းလုပ် စားနေတဲ့သူတွေကို အရပ်ဝတ် အောက်က ဘောင်းဘီနဲ့ သေနတ်ခါးကြားထိုးထားတယ်။ အကျီအဖြူနဲ့ အဲဒီလူတွေအယောက် ၃၀ လောက်ရှိတယ်၊ အကုန်လုံး ဝင်းပြီး ဖမ်းတယ်။ လူ ၁၀ ယောက်ပါသွားတယ်။ ငွေလဲခုံ ၁၀ ခုံပါသွားတယ်။ ဘာအကြောင်းမှ မပြောဘူး။ အကုန်လုံးဖမ်းပြီး ကောက်သိမ်းသွားတယ်။ ထိုင်းဘတ်ငွေတွေ အကုန်သိမ်းသွားတယ်။ အိမ်ပေါ်မှာရှိတာ၊ ဗူးတွေထဲမှာရှိတာတွေ ကောက်သိမ်းသွားတယ်။ ထိုင်းဘတ်ငွေတွေကိုအဓိကထားပြီး ယူသွားတယ်။ မြန်မာငွေက တအားကျနေတော့ ထိုင်းဘတ်ငွေ တွေစုမှာစိုးလို့ ဖမ်းတာလား၊ ဘယ်လိုမှစဉ်းစားလို့မရဘူး။”

မျက်မြင်တွှေ့ရှိသူတဦးကလည်း အခုလိုပြောပါတယ်။

“ဘတ်တွေကိုပေးမကိုင်ဘူး။ ကြံခင်းလမ်းတလျှောက်မှာ အကုန်လုံး လိုက်ဖမ်းနေတယ်။”

နယ်စပ်မြို့ဖြစ်တဲ့အတွက် မြန်မာကျပ်ငွေနဲ့ထိုင်းဘတ်ငွေ လဲလှယ်တဲ့နေရာတွေလည်းအများကြီးရှိနေတာပါ ။ မြဝတီမြို့ရဲ့တဘက်ကမ်း မဲဆောက်ဈေးမှာလည်း အခုလို ငွေလဲလုပ်ငန်းလုပ်နေတဲ့ဆိုင်လေးတွေ အများအပြားရှိပြီး နေရပ်ပြန်ကြမယ့် မြန်မာအလုပ်သမားတွေက ကျပ်ငွေလဲလှယ်တာ ရှိသလို ထိုင်းအတွင်းပိုင်းကိုသွားကြမယ့်သူတွေကလည်း ကျပ်ငွေကနေ ဘတ်ငွေ လဲလှယ်တာတွေလုပ်ကြရတာပါ။ အလားတူ မြဝတီမြို့မှာတော့ ချစ်ကြည်ရေးတံတားပတ်ဝန်းကျင်နဲ့ လှေဂိတ်တွေအနီးအနာမှာ အခုလိုငွေလဲလို့ရတဲ့နေရာတွေ အများအပြားရှိပြီး နှစ်ပေါင်းများစွာ ဒီလိုအလုပ်တွေ လုပ်ကိုင်စားသောက်နေကြတာလို့လည်း နယ်စပ်မှာ အလုပ်လုပ်ကိုင်နေသူကပြောပြပါတယ်။

“တံတားပေါ်ကနေ တရားဝင်ပြန်တဲ့သူတွေကလည်း မြဝတီမှာလဲတာ ရှိတယ်။ တချို့က ကားဝန်းကြီးထဲမှာ လဲတာရှိတယ်။ တံတား (၁)ဘက်မှာလည်း လဲတာရှိတယ်။ တံတား (၂) ထိပ်မှာလဲတာလည်း ရှိတယ်။ ကြံခင်းဘက်မှာ လဲတာရှိတယ် ။ လွန်ခဲ့တဲ့နှစ် ၂၀ လောက် ၃၀ လောက်ကတည်းက ဒီလိုပဲ လုပ်စားနေကြတာပဲ။အခုမှပဲ ဖမ်းခံထိတာ။ စစ်အစိုးရတက်လာမှပဲ အခုမှဖမ်းခံထိတဲ့ဟာ။”

အခုဆိုရင် မြဝတီဘက်မှာ ထိုင်းဘတ်ငွေဆောင်ထားတဲ့သူတွေလည်း ဖမ်းဆီးပြီး ငွေတွေသိမ်းယူခံရမလားဆိုပြီး စိုးရိမ်စိတ်တွေရှိနေပါတယ်။ မြဝတီမြို့ဟာ နယ်စပ်မြို့ဖြစ်ပြီး ကုန်သည်အများစုက စီးပွားရေးလုပ်ကိုင်စားသောက်ဖို့အတွက် အခြေချနေထိုင်နေတဲ့မြို့ဖြစ်ပါတယ်။ ထိုင်းဘက်က ကုန်ပစ္စည်းတွေဝယ်ဖို့အတွက် ဘတ်ငွေ ဆောင်ထားတဲ့သူတွေကလည်း စိုးရိမ်စိတ်တွေရှိလာပြီး ထိုင်းဘက်ကို ဘတ်ငွေတွေပြန်ပို့နေကြတယ်လို့လည်း ဆိုပါတယ်။အခုဆိုရင် မြန်မာကျပ်ငွေတန်ဖိုးက တနေ့ထက်တနေ့လျော့နည်းလာပြီး ငွေဈေးမတည်ငြိမ်တာတွေကြောင့် ထိုင်းမြန်မာ ကုန်ပစ္စည်းအရောင်းအဝယ်လုပ်နေတဲ့ မြန်မာကုန်သည်တွေအဖို့လည်း အခက်အခဲတွေကြုံနေရပါတယ်။

သြဂုတ်လ (၁၅) ရက်နေ့မှာတော့ မြန်မာကျပ်ငွေတသိန်းကို ထိုင်းဘတ်ငွေ (၁၃၂၀) ထိပဲ ပေါက်ဈေးရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]











XS
SM
MD
LG