သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်မှာ ကျေးရွာတချို့ မီးရှို့ခံရ 


စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်က မီးရှို့ခံရတဲ့ ဖွားစော၊ ကူးတို့ကုန်း၊ ကျောက်ဖူးကုန်းနဲ့ လှေဦးတင် ကျေးရွာများ။ (Crd: MIMU)
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်က မီးရှို့ခံရတဲ့ ဖွားစော၊ ကူးတို့ကုန်း၊ ကျောက်ဖူးကုန်းနဲ့ လှေဦးတင် ကျေးရွာများ။ (Crd: MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မြန်မာစစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကျေးရွာသုံးရွာက အရပ်သားနေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံကပြောပြပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒီဇင်ဘာ ၁၀ ရက်ကတည်းက မြောင်နယ်ထဲက ကျေးရွာတွေထဲကို ဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“၁၂ ရက်နေ့မှ အပြင်းအထန်ဖြစ်တာပေါ့နော်။ သူတို့ကမြောင်နယ်က ဖွားစောရွာကို မီးရှို့ပြီးတော့ပြန်အထွက်မှာ ကျနော်တို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်တာပေါ့။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ မိုင်းဆွဲတိုက်ခိုက်တာတော့ရှိတယ်။”

ဒီဇင်ဘာ ၁၃ ရက်နေ့က ကူးတို့ကုန်းကျေးရွာနားမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ကူးတို့ကုန်း ၊ ကျောက်ဖူးကုန်း၊ လှေတင်ဦးစတဲ့ ကျေးရွာ ၃ ရွာက နေအိမ်တွေကိုလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့လည်းရှို့တယ်ဗျာ။ မနေ့ကတော့ ရွာ ၃ ရွာရှို့တာပေါ့။ ကျနော်တို့ ကူးတို့ကုန်း ၊ ကျောက်ဖူးကုန်း ၊ လှေတင်ဦး တို့လေ။ အရှို့မခံရတဲ့ ရွာလေးတွေတော့ အဲ့လိုပဲရှောင်နေကြရတာပေါ့။ အခုလောလောဆယ်တော့။ စားရေးသောက်ရေးတွေက ကျေးရွာတွေပေါ့။ အရှို့မခံရတဲ့ရွာလေးတွေ အလှူခံပြီးတော့ အဲ့အတိုင်းကျွေးနေတယ်ဗျ။ ကျနော်တို့နယ်က တောက်လျှောက်ခံနေရတာပဲ။”

မြောင်မြို့နယ်အတွင်း အခုဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသလို စစ်ကောင်စီပြောခွင့်ရသူကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မြောင်မြို့နယ်ထဲကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ ကျေးရွာ ၁၀ ရွာက နေအိမ်ရာနဲ့ချီမီးရှို့ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနေအိမ်တွေမီးလောင်တာနဲ့ ပတ်သက်လို့ ဒေသခံတွေကတော့ နေအိမ်တွေမီးရှို့တာဟာ မြန်မာစစ်တပ်ဖြစ်တယ်လို့ ပြောပြီး စစ်ကောင်စီဘက်ကတော့ PDF နဲ့ KIA လက်နက်ကိုင်တပ်ဖွဲ့တွေ မီးရှို့တာလို့ပြောဆိုတုံ့ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]











XS
SM
MD
LG