သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲ ဒေသခံတချို့ ဘုန်းကြီးကျောင်းထဲ ထိန်းသိမ်းခံထားရ 


ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့။
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့။

[[Zawgyi/Unicode]]

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့အတွင်း ဘာသာရေး ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတဲ့ အရပ်သား ၁၀၀ နီးပါး စစ်ကောင်စီက ထိန်းသိမ်းထားပြီး စစ်ကောင်စီအတွက် ထမင်း၊ ဟင်းချက်ပြုတ်တာတွေ အဝတ်အစား လျှော်ပေးတာတွေ စတဲ့ အလုပ်တွေ လုပ်ပေးနေရတယ်လို့ မြို့ခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက VOA ကို ပြောပါတယ်။ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားပြီး လမ်းတွေ ပိတ်ထားတဲ့ အတွက် ထိန်းသိမ်း ခံထားရသူတွေနဲ့ ဆွေမျိုးသားချင်းတွေ တွေ့ဆုံခွင့် မရတဲ့အကြောင်းလည်း ပြောပါတယ်။ ဗိုးဗြဲမြို့နယ်ဘက်က အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၁၉ ရက် မနေ့က မနက်အစောပိုင်း မြန်မာစစ်တပ်တွေ မိုးဗြဲမြို့ထဲကို ဝင်လာပြီး မြို့ထဲက စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ အရပ်သား ၁၀၀ နီးပါးကို အပြင်ထွက်ခွင့်မပေးဘဲ ထိန်းသိမ်းထားတယ်လို့ မြို့ခံနဲ့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ဝင်လာခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အရင် လက်နက်ကြီးကျတဲ့ မွေတော်ကျောင်းမှာ တနေရာရယ်၊ အခုနောက် မိုးဗြဲအနောက်လက် စက်တော်ရာကြောင်း တနေရာရယ်၊ မွေတော်ကျောင်းမှာကျတော့ ဒီပြည်သူတွေက ဟိုအရင် လက်နက်ကြီးကျကတည်းက အကုန်ရွှေ့ကုန်တာပေါ့။ ဒီလူငယ်လူကြီးတွေ တချို့က ကျောင်းကို တက်အိပ်စောင့်တာတွေ အဲ့လိုမျိုးရှိတာပေါ့နော်။ ၁၀ ဦးကျော်လောက်ရှိမယ်ထင်တယ်၊ အဲ့ဒါကို စစ်သားက ညကြီးရောက်လာတော့ သူတို့ကို အပြင်မထွက်ခိုင်းတော့ဘူးပေါ့နော်။ နောက် စက်တော် ရာကျောင်းမှာပေါ့ ဒီပြည်သူက ၆၀ ကျော် ၇၀ လောက်ရှိနိုင်တယ်ပေါ့နော်။”

ထိန်းသိမ်းခံထားရတဲ့ သူတွဟာ စစ်တပ်စားဖို့ ထမင်းဟင်း ချက်ပြုတ်တာတွေ အဝတ်အစားလျော်ပေးတာတွေ လုပ်ဆောင်နေရတာလို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံက ခုလို ပြောပါတယ်။

“သူတို့ စစ်ကောင်စီအတွက် အဝတ်အစားတွေ လျှော်ပေးရတာတို့၊ နောက်ထမင်းချက်ပေးရတာတို့၊ နောက် ရေတွေ ရေသန့်သွားလဲပေးရတာ ဘာညာမျိုးတွေ၊ အဲ့လိုမျိုးတွေ လုပ်ပေးနေရတယ်ဗျဟုတ်။ လောလောဆယ်တော့ သူတို့ ကျောင်းမှာပဲ ထားတယ် အဲ့လိုမျိုးပဲသိရတယ်ဗျ။ အိမ်ပြန် ထွက်ပြေးမယ်ဆို အိမ်ထိပြန်လာခေါ်တယ်လို့ အဲ့လိုမျိုးပြောကြတယ်ဗျ။”

ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ မိုးဗြဲမြို့ခံတဦးကတော့ သူ့ဆွေမျိုးတွေလည်း မြို့ထဲမှာ ကျန်ရှိနေပြီး အဆက်အသွယ် ပြတ်တောက်နေတဲ့အကြောင်း ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ ကျန်တဲ့ ဆွေမျိုးတွေ တွေ့ခွင့်မရသလို လမ်းတွေလည်း ပိတ်ထားတယ်လို့ မိုးဗြဲ ဒေသခံ တဦးက ပြောပါတယ်။

“လုံခြုံရေးအခြေအနေအရလည်း ကျနော်တို့ကလည်း တော်တော်လေး စိုးရိမ်ကြတာပေါ့။ နောက် ဓားစာခံနဲ့ ဖမ်းတာလား၊ သတ်တာလား၊ ဖြတ်တာလား၊ စစ်ဆေးမေးမြန်းတာလား။ အဲ့ဒါတွေကလည်း ဒီလိုနဲ့ပဲ စိုးရိမ်းမိတယ်။ ဆွေမျိုးတော့ ပါမယ်လို့တော့ ကျနော်အဲ့လိုမျိုးထင်တာပေါ့နော်။ ဖုန်းကလည်း ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်။ ကျနော်တို့ကလည်း သွားကြည့်မယ်ဆိုရင်လည်း သူတို့က ပေးမဖြတ်ကြဘူး။ လမ်းလည်း ပိတ်ဆို့ထားတယ်။ လမ်းလည်း သစ်တုံးတွေနဲ့ ပိတ်ထားတဲ့အခါကျတော့…သွားလို့လည်းမရဘူး။ လာလို့လည်း မရဘူးလေ။”

ညနေပိုင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ မြို့ခံနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက VOA ကို ပြောပါတယ်။ လောလောဆယ်တော့ မိုးဗြဲမြို့ထဲက နေရာတော်တော်များများ စစ်တပ်က လမ်းတွေပိတ်ဆို့ထားပြီး သွားလာလို့ မရတဲ့အကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

အရပ်သားတွေကို ဘုန်းတော်ကြီးကျောင်းထဲမှာ ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒီဒေသတွေမှာ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါင်းပြီး အကြမ်းဖက်မှုတွေ ကျုးလွန်နေတယ်ဆိုပြီး စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တာတွေ မကြာခန လုပ်နေပါတယ်။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် PDF ကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ အပြစ်မဲ့ပြည်သူတွေ စစ်တပ်ရဲ့ ဓါးစာခံအဖြစ် ဖမ်းဆီးတာကို ခံနေရတယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]











XS
SM
MD
LG