[[Zawgyi/Unicode]]
ကျင့်ဝတ်စံနှုန်းတွေနဲ့အညီ တွင်းထွက်ပစ္စည်းတူးဖော်ရေး လှုံ့ဆော်တွန်းအားပေးဖို့ ဖွဲ့ထားတဲ့ အမေရိကန်ဦးဆောင်တဲ့ ဓာတ်သတ္တုလုံခြုံရေးဆိုင်ရာ မိတ်ဖက်အဖွဲ့မှာ အခုနောက်ဆုံး အဖွဲ့ဝင်နိုင်ငံအဖြစ် အီတလီနိုင်ငံလည်း ပါဝင်လာပါပြီ။
တောင်အဖရိကမှာကျင်းပနေတဲ့ အာဖရိကတွင်းထွက် ဓာတ်သတ္တုတူးဖော်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု Indaba ညီလာခံမှာ အမေရိကန်စီးပွားရေးဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ဒုဝန်ကြီး ဟိုဆေး ဖာနန်းဒတ်စ် (Jose Fernandez) က ဒီအကြောင်းကို ကြေညာခဲ့တာပါ။ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့က ဗွီအိုအေသတင်းထောက် ဗစ်ကီ စတာ့ခ် (Vicky Stark) ပေးပို့ထားတဲ့သတင်းလွှာကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။
ဓာတ်သတ္တုလုံခြုံရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အဖွဲ့ဝင်သစ် အီတလီအပါအဝင် ၁၁ နိုင်ငံနဲ့ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေဟာ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးရာနဲ့ အုပ်ချုပ်မှုဆိုင်ရာအခြေခံမူတွေကို မကြာခင် ထုတ်ပြန်ကြေညာသွားဖို့ရှိတယ်လို့ ဒုဝန်ကြီး ဖာနန်းဒတ်စ်က ညီလာခံရဲ့ အဓိကမိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
မနှစ် ဇွန်လတုန်းက အမေရိကန်ကဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ဒီမိတ်ဖက်အဖွဲ့ဟာ အရေးပါတဲ့ ဓာတ်သတ္တုတူးဖော်ရေးနဲ့ ဘက်ထရီထုတ်လုပ်ရေးဖြစ်စဉ်မှာ စံနှုန်း တန်ဖိုးတွေကို ထည့်သွင်းနိုင်ဖို့ရည်ရွယ်တယ်လို့ မစ္စတာဖာနန်းဒတ်စ်က ပြောပါတယ်။
“စီမံကိန်းကြီးတွေနဲ့ ဆုံးဖြတ်ချက်တွေကြောင့် ထိခိုက်မှုရှိလာမယ့် လူမှုအသိုင်းအဝန်းတွေကို ကျနော်တို့အနေနဲ့ အားလုံးပါဝင်စေချင်ပါတယ်။ ဒါက ကိုယ့်ဘက်ကို တာလုံအောင် အခြေခံ အဓိကအချက်အနေနဲ့ လုပ်တာပါလို့ ပြောရင်လည်း တစိတ်တပိုင်းမှန်ပါတယ်။ ကမ္ဘာမှာ ဥပမာပြုစရာဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ တောင်အမေရိကမှာဆိုရင် အကျိုးအမြတ်များမယ့် တွင်းထွက်တူးဖော်ရေး မိုင်းလုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်ကြလို့ ပိတ်လိုက်ရတာတွေ ရှိပါတယ်။”
ဒါပေမဲ့ ဒီအဖွဲ့အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း လိုလားပါတယ်လို့ အမေရိကန်ဒုဝန်ကြီးက ပြောပါတယ်။ မိတ်ဖက်ဖြစ်လာနိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေအရ မြေကမ္ဘာအတွက်ထည့်သွင်းစဉ်းစားပြီး မှန်မှန်ကန်ကန်လုပ်ဖို့ဆန္ဒရှိတဲ့ ကုမ္ပဏီတွေလည်းအများအပြားရှိကြောင်း သိလာရတယ်လို့ သူက ဆိုပါတယ်။
“မိုးသစ်တောတွေ ပြုန်းတီးစေမယ့် စီမံကိန်းတွေ၊ ပြန်လည်ကုစားထိန်းသိမ်းရေးမပါတဲ့ တွင်းထွက် သယံဇာတတူးဖော်မှုတွေ၊ အစိုးရအရာရှိကြီးတွေကို ပိုက်ဆံပေး လာဘ်ထိုးရမယ့်စီမံကိန်းတွေဆိုရင် သူတို့က ရင်းနှီးမြှုပ်နှံမှာမဟုတ်ပါဘူး။ သူတို့ ဒါမျိုးမလုပ်ပါဘူး။ သူတို့ရဲ့ရှယ်ယာ ရင်းနှီးမြှပ်နှံသူက ဒါကို လက်ခံမှာမဟုတ်ပါဘူး။ သူတို့ရဲ့ဖောက်သည်တွေကလည်း ဒါကို ငြင်းဆန်မှာဖြစ်သလို ဒီလို ပြုမူလုပ်ကိုင်ရင် ကျနော်တို့ရဲ့ဥပဒေတွေကလည်း ကြည့်မနေပါဘူး၊ အရေးယူမှာပါ။”
ဒါကြောင့် တာဝန်သိသိနဲ့ ဓာတ်သတ္တုပစ္စည်းတွေ ရောင်းဝယ်ကုန်သွယ်ဖို့အတွက် အမေရိကန်ရဲ့အစိုးရ၊ ပုဂ္ဂလိက မဟာမိတ်အဖွဲ့ကို ကုမ္ပဏီအများအပြားပါဝင်လာကြတယ်လို့ မစ္စတာ ဖာနန်းဒတ်စ်ကဆိုပါတယ်။
“Telsa လို ကုမ္ပဏီတွေက ကုန်ကြမ်းထောက်ပံ့ရေးဖြစ်စဉ် တည်ငြိမ်စေဖို့အတွက် နီကယ်ဓာတ်သတ္တုတူးဖော်ရေးမိုင်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်လာကြပါတယ်။ General Motors ဆိုရင် အရင်းအမြစ်တွေ ရေရှည်တည်တံ့ဖို့ကို ကတိကဝတ်ပြုထားပါတယ်။ Ford နဲ့ အခြား ကားထုတ်လုပ်ရောင်းချသူတွေဆိုရင်လည်း အလားတူ ကတိတွေပေးထားကြပါတယ်။”
သူတို့မိတ်ဖက်အဖွဲ့အနေနဲ့စတင်တာ ၁ နှစ် မပြည့်သေးခင်မှာပဲ စီမံကိန်းပေါင်း ၂၀၀ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဲဒီထဲက ၁၂ ခုမှာပဲ လုပ်ငန်းလုပ်ဖို့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
“အရှေ့အာရှက နှစ်နိုင်ငံဆိုရင် အရေးပါတဲ့တွင်းထွက်နဲ့ သတ္တုတူးဖော်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာတည်ထောက်ပြီး လက်တွဲလုပ်ကိုင်နေပါတယ်။ တနိုင်ငံရဲ့ကျွမ်းကျင်မှုတွေကို အခြားတနိုင်ငံကို မျှဝေပေးနေကြပါတယ်။ ပစိဖိတ် ဒေသမှာဆိုရင်လည်း ဓာတ်သတ္တုထုတ်လုပ်မှုက တိုးတက်နေပါတယ်။ အဲဒီမှာ ဘက်ထရီ ဆက်စပ်ပစ္စည်းတွေထုတ်လုပ်ရေးအတွက် မိတ်ဖက်နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နေသလို ပစိဖိတ်ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးမှာ ပွင့်လင်းမြင်သာရှိဖို့ကိုလည်း လုပ်ဆောင်နေကြပါတယ်။ ရေနံနဲ့ သဘာဝဓတ်ငွေ့တူးဖော်ရေးဖြစ်စဉ်က သိုလှောင်၊ ချက်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အာဖရိကက နိုင်ငံတနိုင်ငံနဲ့ လက်တင်အမေရိကက နိုင်ငံတနိုင်ငံနဲ့လည်း ကျနော်တို့အလုပ်တွဲလုပ်နေပြီး ဒါက သူတို့ရဲ့ဖွံ့ဖြိုးရေးအတွက် တော်လှန်ပြောင်းလဲလိုက်သလို တိုးတက်လာစေပါတယ်။ တောင်အမေရိကတိုက်မှာ ထုတ်လုပ်မှု ဖြစ်စဉ် တန်ဖိုးကွင်းဆက်ကြီးတခုလုံး ပြီးပြည့်စုံနိုင်ဖို့အတွက်လည်း အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းစုကြီးတခုကို မိတ်ဖက်နိုင်ငံတွေက တည်ထောင်နေပါတယ်။”
အလျင်အမြန် ကြီးထွားလာနေတဲ့ ကမ္ဘာကြီးပူးနွေးလာမှုကိုတားဆီးနိုင်ဖို့ရာ စွမ်းအင်ဆိုင်ရာ အကူးအပြောင်းကာလတခုကို ကျော်ဖြတ်နေရတဲ့ မြေကမ္ဘာ အတွက် ဒီ တွင်းထွက်တူးဖော်ရေးကဏ္ဍမှာ ကျင့်ဝတ်နည်းလမ်းတကျ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
တောင်အာဖရိက ဓာတ်သတ္တု ရင်းမြစ်နဲ့စွမ်းအင်ဆိုင်ရာဝန်ကြီး ဂွိမန်တာရှီ Gwede Mantashe ကတော့ ညီလာခံအဖွင့်မိန့်ခွန်းမှာ တောင်အဖရိကအနေနဲ့ မကြခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်တဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ အလေးထား ပြောကြားခဲ့ပါတယ်။ နေ့စဉ် လျှပ်စစ်ဓာတ်အား ပြတ်တောက်တာက သတ္တုတူးဖော်ရေးမိုင်းလုပ်ငန်းအပေါ် သက်ရောက်စေပါတယ်။
“ဒါက တိုင်းပြည်ကိုထိခိုက်စေပါတယ်။ လျှပ်စစ်ဝန်ဆောင်မှုအားနိုင်နင်းဖို့ မီးဖြတ် နေရတာကို လာမယ့် ၁ နှစ်အတွင်း ဖြေရှင်းနိုင်ရေးအတွက် အချက် ၄ ချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒါက တိုင်းပြည်ရဲ့ရေရှည် စွမ်းအင်လုံခြုံရေး အတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။”
တောင်အဖရိကနိုင်ငံ ကိတ်တောင်းမှာကျင်းပနေတဲ့ အာဖရိကတွင်းထွက် ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာ ရင်းနှီုးမြှုပ်နှံ့မှုညီလာခံက လာမယ့် ကြာသပတေးနေ့ကျရင် ပြီးဆုံးမှာ ဖြစ်ပါတယ်။
============
[[Unicode]]