သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေဆောင်းပါးရှင် ဦးစည်သူအောင်မြင့် အလုပ်နဲ့ ထောင် ၃ နှစ်ချခံရ 


ဗွီအိုအေ ပင်တိုင်ဆောင်းပါးရှင် စည်သူအောင်မြင့်
ဗွီအိုအေ ပင်တိုင်ဆောင်းပါးရှင် စည်သူအောင်မြင့်

[[Zawgyi/Unicode]]

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့တရားစွဲထားတဲ့အမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ ၅၀၅-က နဲ့နောက်ထပ်တရားစွဲခံထားရတဲ့ အမှုအတွက်လည်း ရှေ့သီတင်းပတ်ထဲ အပြီးသတ်အမိန့်ချခံရဖို့ရှိနေပါတယ်။ နောက်ဆုံးသိထားသမျှ ရန်ကုန်က ပေးပို့တဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်က စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ ဖမ်းဆီးခံခဲ့ရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို ဒီကနေ့ အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ ပုဇွန်တောင်မြို့နယ် အထူးတရားရုံးက ထောင်ဒဏ်ချလိုက်တာဖြစ်ပါတယ်။ တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က အမှုအတွက် အလုပ်နဲ့ထောင် ၃ နှစ်ချမှတ်ခဲ့တာလို့ သူ့ရှေ့နေကပြောပြပါတယ်။ ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ ခုစွဲထားတာဖြစ်ပြီး ဗဟန်းမြို့နယ်မှာ တရားစွဲထားတဲ့ နောက်တမှုအတွက်လည်း ရှေ့သီတင်းပတ် ကြာသပတေးနေ့မှာ အပြီးသတ် အမိန့်ချမှတ်ဖွယ်ရှိနေတယ်လို့ ရှေ့နေကပြောပါတယ်။

“သူတို့ဆီကိုတိုင်တန်းလာတဲ့ အတိုင်းစစ်ဆေးပေါ်ပေါက်တယ်ဆိုပြီး အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချလိုက်တာပါ။ ဆရာကအယူခံတက်ပေးဖို့ပြောထားတယ်။ အဆင့်မြင့်တရားရုံးတွေကိုပေါ့။ အယူခံအဆင့်ဆင့်တက်ပေးဖို့ ပြောထားပါတယ်။ ဗဟန်းမြို့နယ်တရားရုံးကတော့လာမယ့် ကြာသပတေး နောက်တပတ်ကိုအမိန့်ချဖို့ချိန်းထားတယ်။ လာမယ့်သောကြာ ၁၄ ရက်မှာက အရှေ့ပိုင်းခရိုင်တရားရုံး ဗိုလ်တထောင် ခရိုင်ရုံးကအမှုကတော့ ခံပြသက်သေ စစ်ဖို့ ချိန်းထားပါတယ်။”

လူမှုမီဒီယာပေါ်မှာ ဦးစည်သူအောင်မြင့်ရေးသားထားတဲ့ စာသားက နိုင်ငံတော်နဲ့တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်ရေးသားမှုဖြစ်စေခဲ့တယ်လို့ စွပ်စွဲပြီး တပ်မတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ပုဇွန်တောင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အမှု ၂ မှုနဲ့ တရားစွဲခံရတာဖြစ်ပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့လည်း တရားစွဲခံထားရပါတယ်။ ၅၀၅-က အမှုတခုအတွက် စစ်ကောင်စီက ထောင်ချလိုက် တဲ့အပေါ် သမီးဖြစ်သူကတော့ ဖခင်ဖြစ်သူက သတင်းသမားအလုပ်ကို လုပ်ခဲ့တာဖြစ်လို့ သတင်းသမားတယောက်အတွက် စစ်မှန်တဲ့ တရားမျှတမှု ရချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဦးစည်သူအောင်မြင့်က သတင်းလောကမှာ အကြာကြီး သတင်းဆောင်းပါးတွေ၊ နိုင်ငံရေးသုံးသပ်တဲ့ဆောင်းပါးတွေ ရေးခဲ့တာ ရှိပါတယ်။ ဒါတွေကလည်း သတင်းအချက်အလက်ကိုအခြေခံ ရေးခဲ့တာဖြစ်တယ်။သူ့ရဲ့ ပရော်ဖက်ရှင်နယ်တခုအနေနဲ့ လုပ်ခဲ့တာဖြစ်တယ်။လုပ်ခဲ့တာကြာပြီ။ ဒါက အာဏာသိမ်းပြီးမှရေးခဲ့တာလည်း မဟုတ်ဘူး။ ခေတ်အဆက်ဆက် ဝေဖန် ရေးဆောင်းပါးတွေ ရေးခဲ့တာဖြစ်ပါတယ်။ သူက ဘာရာဇဝတ်မှုကိုမှ ကျူးလွန်တာမဟုတ်ပါဘူး။ ဒီလိုဖြစ်တာကတော့ မတရားဘူးပဲ ပြောရမှာပေါ့။ ဦးစည်သူအောင်မြင့်ရယ်မှမဟုတ်ဘူး။ ခုမြန်မာနိုင်ငံမှာစာရင်းအရ သတင်းသမား ၁၀၀ ကျော်ကိုဖမ်းဆီးပြီး ဒီလိုစွပ်စွဲချက်အမျိုးမျိုးနဲ့ တင်ထားတာတွေ့ရတယ်။ ဒါက မတရားပါဘူး။ ဂျာနယ်လစ်အနေနဲ့သတင်းတွေတင်ဆက်တာက ရာဇဝတ်မှုမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမား တယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင် ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းသမား အယောက် ၁၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ ဖမ်းဆီးအရေးယူခံနေရဆဲပဲလို့ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့‌တွေက ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းသမားတွေ အဖမ်းခံရတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဝန်ခံတာ၊ အတည်ပြုချက် တစုံတရာပေးတာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]









XS
SM
MD
LG