သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ မီဒီယာစည်းမျဉ်း ပြန်ကြားရေး ထုတ်ပြန်


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွင်း သတင်း သမားတွေ လိုက်နာရန် အတွက် ထုတ်ပြန် လိုက်တဲ့ အထဲက အချက်တချို့ဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်တယ်လို့ ပြည်တွင်း သတင်းသမား တွေက ဝေဖန်လိုက်ကြပါတယ်။ ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ သတင်းသမား တွေ လိုက်နာဖို့ အတွက် ပြန်ကြားရေး ဌာနက ဆောင်ရန် ရှောင်ရန် အချက်များ ဆိုပြီး ပြန်ကြားရေးဌာန က ထုတ်ပြန် လိုက်တဲ့အပေါ် အခုလို အမြင်တွေ ရှိကြတာပါ။

ပြန်ကြားရေးဌာနက ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း ပြည်ပ သတင်းသမားတွေ လိုက်နာဖို့ ဆောင်ရန် ရှောင်ရန် အချက်တွေအဖြစ် ကန့်သတ်ချက် တွေပါဝင်တဲ့ စာကို ဒီကနေ့ မတ်လ ၂၇ ရက် မှာ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ တွေကို လိုက်နာရမယ် နိုင်ငံရဲ့ အချုပ်အချာ အာဏာကို လေးစား လိုက်နာဖို့နဲ့ ရွေးကောက်ပွဲ အာဏာပိုင်တွေက ဥပဒေနဲ့ အညီ ညွန်ကြား တာကို လိုက်နာ ဖို့တွေ လည်း ပါဝင်ပါတယ်။ အဲဒီအချက် တွေထဲက အပိုဒ် (၆၄) မှာဖော်ပြထားတဲ့ ရွေးကောက်ပွဲတွင်း မသမာမှုတွေ ဆိုပြီး မမှန်မကန် တိုင်ကြားမှုတွေ စွပ်စွဲမှုတွေကို မဖော်ပြ၊ မရေးသားကြဖို့ ဆိုတဲ့ အချက်ပါ ပါတယ်။ ဒီအချက်ဟာ အတော်လေး သတင်းသမားတွေ အတွက် ရှုပ်ထွေးစေတဲ့ ကန့်သတ်ချက်တခု ဖြစ်နေပြီး သတင်း လုပ်ငန်း တွေအတွက် အတော်လေး အနှောင့်အယှက် ဖြစ်နေတဲ့ အချက်တခု ဖြစ်တယ်လို့ ပြည်တွင်း သတင်းအယ်တီတာ တဦးက သုံးသပ်ပါတယ်။

“အဲဒီ အပိုဒ် က ပိုခက်ပါတယ်။ အဲဒီ အပိုဒ်က ကျနော် တို့ က Complaints တွေ တိုင်း သတင်း သမားက မှန် မမှန် ချက်ခြင်း မသိနိုင်ပါဘူး။ ဘယ်နေ့မှာ ဘယ်သူက Complaint တက်တယ် ဆိုတာ နောက်နေ့မှာ ရေးဖို့ ကျနော် တို့မှာ တာဝန် ရှိတယ်လေ။ ကျနော် တို့မှာ တာဝန်ရှိတယ်။ ရေး လိုက်တဲ့ Issue ပေါ်မှာ သူတို့က ဟုတ်လား မဟုတ်လား စုံစမ်း စစ်ဆေးပြီးတော့ အဲဒီ သက်ဆိုင်ရာကို သူတို့ဘာသာ သူတို့ ဖြေရှင်းဖို့ ပဲ လိုအပ်တယ်။ ကျနော်တို့ ကို မမှန် သတင်း လွှင့်တယ် ဆိုတာ မျိုး Article 64 နဲ့ စွပ်စွဲ တာမျိုး ဆိုရင် အဆင်မပြေ လောက်ဖူး ခင်ဗျ။ အခက် အခဲတော့ ရှိမယ်။ သို့သော် ကျနော်တို့က တော့ ရေးဖို့ တာဝန် ရှိပါတယ်။ အဲဒါကို မရေးဘဲနဲ့ သိသိကြီးနဲ့ မျက်စိမှိတ် နေရတာ မျိုး ဆိုရင်တော့ အဆင် မပြေဘူးလေ။ ကျနော်တို့ ဒါ ရေးတော့ ရေးကြမှာပါဘဲ။ ဓာတ်ပုံဘဲဖြစ်ဖြစ် သတင်းဘဲ ဖြစ်ဖြစ် ဖော်ပြကြမှာဘဲ ခင်ဗျ။ လွှင့်တဲ့သူ၊ ကော်မရှင် အဖွဲ့ဝင်တွေ မှာဘဲ တာဝန် ရှိမှာပါဘဲ ခင်ဗျ။”

ဒီလိုအချက်အပြင် ရွေးကောက်ပွဲမှာ မဲလာပေးတဲ့ မဲဆန္ဒရှင်တွေကို နှောင့်ယှက် တာတွေ မလုပ်ရဘူး။ ပါတီတခုခု အတွက် မဲဆွယ်မှုလိုပုံစံမျိူးနဲ့ ဆော်သြတာတွေ မလုပ်ရဘူး ဆိုတာတွေအပြင် မဲရုံစောင့်သူရဲ့ ခွင့်ပြုချက် မရပဲ မဲရုံကို မဝင်ရဘူး မြင်သာတဲ့နေရာတွေကသာ သတင်းယူရမယ် တခါ လုံခြုံရေးအတွက် ကန့်သတ်ချက်တွေ လိုက်နာရမယ် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့လည်း ကန့်သတ်ချက်တွေပါပါတယ်။

“မဲလာထည့် တဲ့ အခါမှာ သူတို့ လာထည့်တဲ့ ပုဂ္ဂိုလ် ကို ကျနော် တို့ ထုံးစံကတော့ လာမထည့်ခင်ပေ့ါ၊ လမ်းမှာ တွေ့ပြီးတော့ ဘယ်လို စိတ်နဲ့ လာပါလဲ။ Candidate တွေကို ဘယ်လို လေ့လာထားပါသလဲ။ ဘယ်လို လူမျိုးကို ပေးချင်ပါလဲ စသည်ဖြင့် ကျနော်တို့ မေးခွန်း မေးချင်တာပေ့ါနော်။ ကျနော်တို့က သွားမေးတဲ့ အခါ ဒီအထဲမှာ ပါတဲ့ ဥပဒေအရ ဆိုရင် သွားမေးတယ် လို့ မမြင်ဘဲ နဲ့ စည်းရုံးတယ် လို့ သတ်မှတ် ယူဆလို့ ရပါတယ်။ နောက်တစ်ခုက ထည့်ပြီးတဲ့ အချိန်မှာလည်း ကျနော်တို့က အလားတူ မေးကောင်း မေးမယ် ပေ့ါ။ အဲဒီ အခါမှာ ဒီမှာ ပါနေသလိုမျိုး ကျနော်တို့က ဝင်ရောက် စည်းရုံးတာတို့ နှောက်ယှက်တာတို့ အဲဒီလို မျိုး ပုဒ်မတွေ တပ်မယ် ဆိုရင် ကျနော် တို့ ခံရဖို့ရှိတယ်။ အဲဒီ အခက်အခဲ တစ်ခုရှိမယ်။ နောက်တစ်ခုက ကျနော်တို့ အထဲ မဝင်ဘဲနဲ့ မြင်သာတဲ့ နေရာက သတင်းယူပါ ဆိုတဲ့ ကိစ္စတစ်ခု က အခက်အခဲ ဖြစ်နိုင်တယ်။ တောက်လျှောက် မဲပေးဖို့ လာတဲ့ လူနဲ့ ကျနော်တို့ တွေ့မယ့် ကိစ္စကို အဟန့်အတားတွေ ကြုံရမယ် ထင်ပါတယ် ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၁၀ တုန်းကထက်စာရင်တော့ သတင်းယူခွင့်တွေ ပိုပြီး ရမယ်ဆိုပေမယ့် သတင်း လွတ်လပ်ခွင့် တွေကိုတော့ ဒီအချက် တွေက ထိန်းချုပ်ကန့်သတ်ထားဆဲပဲလို့လည်း သုံးသပ်ပါတယ်၊

“ဟို လိုတိုရှင်း ပြောရရင်တော့ လုံးဝကို မလုပ် အပ်တဲ့ ကိစ္စဘဲလေ။ သတင်း သမားဆိုတာ ကျနော်တို့ ကြိုးစား ပြီးတော့ Free and Fair ဖြစ်ဖို့ အတွက် ကျနော်တို့ လည်း ဝိုင်းပြီး ကြိုးစားနေကြတာပဲ။ Free and Fair ဖြစ်ဖို့ဟာ ကျနော်တို့ အနှောက်အယှက် မပေးဖို့ သိပြီးသားပါ။ ကျနော် တို့ ethic အရလည်း သိပြီး သား။ ကျနော်တို့ နိုင်ငံသား တစ်ယောက် ကျင့်ဝတ်အရလည်း သိပြီးသား။ စာနယ်ဇင်း ကျင့်ဝတ် အရလည်း သိပြီးသား။ ကျနော်တို့ ဒီ ဥပဒေကို လိုကို မလိုအပ်တာခင်ဗျ။ အခုဟာက ပြန်ကြားရေးက ထုတ်ပြန်တယ် ဆိုတော့ ကျနော် ကလည်း ပြန်ကြားရေး အောက်မှာ ရှိနေတာကိုး။ ပြန်ကြားရေးက ထုတ်ပြန်မဲ့ အစား ရွေးကောက်ပွဲ ကော်မရှင် ကပဲ ထုတ်ပြန်မယ် ဆိုရင် ပိုတောင်မှ ဆီလျော်ဦးမယ် ခင်ဗျ။ ဒီလို မျိုး စည်းကမ်းချက်တွေ ရှိနေသမျှ ကာလပတ်လုံး ဒီမိုကရေစီ နိုင်ငံလို့ ကျနော်တို့ မခေါ်နိုင်သေးပါဘူး ခင်ဗျ။ ”

ပြည်တွင်းသတင်းအယ်တီတာ တဦးရဲ့ သုံးသပ်ချက်ပါရှင်၊ သတင်းယူကြမယ့် သတင်းသမားတွေဟာ မနေ့ မတ်လ ၂၆ ရက်နေ့မှာ နောက်ဆုံး စာပေစီစစ်ရေးကို စာရင်းပို့ခဲရတဲ့အကြောင်းကိုလည်း ပြည်တွင်း သတင်းထောက် တဦးကလည်း ပြောပြပါတယ်၊

“မနေ့ က နောက်ဆုံး ဆိုပြီး တနင်္ဂနွေ နေ့ က မှ ကပ်ပြီး သတင်းရတယ်။ တနင်္လာနေ့ နောက်ဆုံးပေါ့နော်။ လိုက်ပါ သတင်းယူမယ့် သတင်းထောက်တွေ မှန်သမျှ ပေါ့နော်။ ဓာတ်ပုံ သုံးပုံရယ်၊ မှတ်ပုံတင်ရယ်၊ တနင်္လာနေ့ နောက်ဆုံး စာပေ စီစစ်ရေး ဌာနကို လာပြီး လာပေးပါလို့ အဲဒါ တောင်းဆိုတာတော့ ရှိတယ် ခင်ဗျ။ အဲဒါကြောင့် မို့လို့ ကျနော်တို့ ကလည်း မှတ်ပုံတင်တွေ အကုန်လုံးကို တနင်္လာနေ့ ညနေ နောက်ဆုံး ထားပြီး သွားပို့လိုက်တယ် ခင်ဗျ။ ”

လာမယ့် တနင်္ဂနွေ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ပြည်ပ အခြေစိုက် သတင်း မီဒီယာ တွေကို သတင်း ယူခွင့်ပေးသလို နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ တွေကိုလည်း လာခွင့် ပြုထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း မနက်ဖြန် မတ် လ ၂၈ ရက် မနက် ၉ နာရီကျရင် နေပြည်တော်မှာ ေရွေးကောက်ပွဲအတွက် သတင်းစာရှင်းလင်းပွဲတခုလည်း လုပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG