သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်းမျှော်လင့်


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ ဆိုင်ရာ စနစ်တွေကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ်တွေကို အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စုကို သူတို့ ရောက်ရှိ လာခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံရေး နဲ့ နိုင်ငံခြားရေး ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၃ရက်နေ့ နေ့လည်က ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ National Democratic Institute NDI အပါအဝင် အမေရိကန်အဖွဲ့အစည်း ငါးခုက ကမကထ ပြုလုပ် ကျင်းပခဲ့တဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဲ့ဒီ့လို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ဦးရော်နီငြိမ်းက ဆက်ပြောပြပေးပါမယ်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ စနစ်တွေကို လေ့လာဖို့ အကောင်းဆုံး နေရာဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်လို့ သူယုံကြည်ကြောင်း လည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ဒီကနေ့ ကျင်းပတဲ့ “တာဝန်သိ၊ အရည်အချင်းရှိ အစိုးရအဖြစ် မြှင့်တင်ရေးနဲ့ ဒီမိုကရေစီအခြေခံအဆောက်အအုံများကို အားဖြည့်ပေးရေး” ဆိုတဲ့ ပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဦးရွှေမန်းပြောကြားခဲ့တဲ့ အထဲမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ၊ လုပ်နည်း ကိုင်နည်းတွေကို ပြည်သူတွေက လေ့လာသင်ကြားရမှာဖြစ်သလို၊ နှစ်ပေါင်းများစွာ အမိန့်ပေး အုပ်ချုပ်မှုစနစ်ကနေ ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကြောင့် အခုအခါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍက တာဝန်ရှိသူတွေ ကလည်း ဒီမိုကရေစီ ကျင့်ထုံးတွေ လုပ်နည်းကိုင်နည်းတွေ ကို လေ့လာ သင်ယူကြရမှာဖြစ်တယ်။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဟာ အရင်တုန်းက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုပဲ အကာအကွယ်ပေး ခဲ့ပြီးတော့ ပြည်သူတွေ ကို အကာအကွယ်မပေးခဲ့ဘူး။ ဒီမိုကရေစီ လုပ်ပုံ လုပ်နည်းတွေမှာ အစိုးရတွေဟာ တာဝန်ခံမှုရှိရသလို ဥပဒေပြုသူတွေကလည်း ဒါတွေကို ဖြည့်စည်းလုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)

အမျိုးသမီးရေးရာမေးခွန်းတွေနဲ့ ပတ်သက်ပြီးမေး ကြရမှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်လာရေး အခက်အခဲ ဖြစ်နေတဲ့ ကိစ္စကို ဦးရွှေမန်းက အခုလိုဖြေကြားခဲ့ပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာ သုံးသပ်ပြီး ပြင်ဆင် သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် လေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ပယ်ဖျက်ဖို့၊ အစားထိုးစရာရှိတာ အစားထိုးဖို့၊ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ တချို့ကိစ္စတွေက လွှတ်တော်တွင်းမှာ ဆောင်ရွက်ရတာရှိသလို၊ တချို့ကိစ္စတွေ ကျတော့ ပြည်သူလူထုအထိ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)

“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးခွဲ စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီဖြစ် ပါတယ်။"

ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”

ဝါရှင်တန်ဒီစီမြို့တော်လေ့လာရေးခရီးပြီးဆုံးသွားတဲ့အခါ အမေရိကန်အစိုးရပိုင်း၊ ကွန်ကရက်လွှတ်တော်၊ တခြားသော အမေရိကန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တံခါးပိတ်ဆွေးနွေးပွဲတွေရဲ့ ရလာဒ်အပေါ်မှာ ခြံငုံသုံးသပ်ပြီးတော့ ဦးရွှေမန်းက ဗွီအိုအေကို အခုလိုပြောကြားခဲ့ပါတယ်။

“တိုတိုနဲ့ရှင်းရှင်းပြောရမယ်ဆိုရင် ကျနော်တို့ခရီးစဉ်ကြောင့် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုပိုမိုတိုးတက် မှာသေချာပါတယ်။ အဲ့ဒီ့လိုပဲ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ ကွန်ကရက်ဆိုင်ရာကိစ္စများလည်း ကျနော်တို့ များစွာလေ့လာ ခွင့်ရတဲ့အတွက် ကျနော်တို့နိုင်ငံ အတွက် များစွာအကျိုးရှိကြောင်း ပြောကြားလိုပါတယ်။”

ဦးရွှေမန်းဟာ ဇွန်လ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ နယူးယောက်မြို့ကို ထွက်ခွာသွားပြီးတော့ ဇွန်လ ၁၄ရက်နေ့မှာတော့ GOOGLE ကုမ္ပဏီဥက္ကဌ၊ နယူးယောက်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Chuck Schumer နဲ့တွေ့ဆုံမှာဖြစ်သလို၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၅ရက်နေ့မှာတော့ မြန်မာနိုင်ငံက ပြည်သူ့ လွှ့တ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်မြို့ကနေ အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်ဆစ္စကိုမြို့ကို ခရီးဆက်ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG