သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပညာရေးဆိုင်ရာ မူဝါဒ မူကြမ်း လွှတ်တော် တွင်း ဆွေးနွေးမည်


ဒေါ်အောင်ဆန်းစုကြည် NLD ပညာရေးရန်ပုံငွေပွဲ ဖွင့်လှစ်စဉ်။
ဒေါ်အောင်ဆန်းစုကြည် NLD ပညာရေးရန်ပုံငွေပွဲ ဖွင့်လှစ်စဉ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက် ကနေ ဦးစီးပြီးရေးဆွဲ ထားတဲ့ ပညာရေး မူဝါဒ မူကြမ်းကို အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေကနေ တဆင့် လာမယ့် လွှတ်တော် မှာ တင်သွင်းမှာ ဖြစ်တယ်လို့ NLD ပညာရေးကွန်ယက် ရဲ့ ပြောခွင့်ရသူ တစ်ဦးကပြောပါတယ်။ အခုလို တင်ပြလာမယ့် ပညာရေးဆိုင်ရာ တင်ပြချက်တွေကို လွှတ်တော်ထဲမှာ ဖွဲ့စည်းထားတဲ့ ပညာရေးမြင့်တင်မှု ဆိုင်ရာကော်မတီက ထည့်သွင်းစဉ်းစားပြီး ပညာရေးဥပဒေ မူကြမ်း တစ်ရပ် ကို ရေးဆွဲမှာဖြစ်တယ်လို့ ကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။
ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပညာရေး စနစ်တွေကို ပြောင်းလဲနိုင်ဖို့ မူဝါဒ တစ်ရပ် ရေးဆွဲနေတဲ့ NLD ပညာရေးကွန်ယက် က ဦးဆောင်ပြီး ဆောင်ရွက်နေရာ ကနေ လာမယ့် လွတ်တော် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီနဲ့ ဦးစိန်သန်းတို့နေ ပြည်သူ့လွှတ်တော်ကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ တင်ပြမှာဖြစ်တယ်လို့ NLD ပညာရေးကွန်ယက် ရဲ့ ပြောခွင့်ရ သူ ဒေါက်တာ သိန်းလွင် ကပြောပါတယ်။

NLD ပညာရေးကွန်ယက်ကနေ ဦးစီးပြီးတော့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်ကို ဖွဲ့စည်းပြီး အမျိုးသားပညာရေးမူဝါဒ မူကြမ်း တစ်ရပ်ကိုလည်း ရေးဆွဲခဲ့တာပါ။ ဒီကွန်ယက်က ရေးဆွဲထားတဲ့ မူကြမ်းမှာ လွတ်လပ်ပြီး အဆင့်အတန်းမြင့်တဲ့ ပညာရေး စနစ် တစ်ရပ် ကို ဦးစားပေးထားတယ်လို့ ဒေါက်တာသိန်းလွင် ကပြောပါတယ်။

"ကျနော်တို့မျှော်လင့်တာတော့ အဓိကအချက်တွေပါဖို့လိုတယ်။ အဓိကအချက်တွေကတော့ ပညာရေးလွတ်လပ်ခွင့်ရှိဖို့လိုတယ်။ ဒါမှပညာရှင်တွေ၊ ဆရာတွေ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိမယ်။ နောက်တခါ ဆရာတွေ အဆင့်မြှင့်ဖို့ကတော့ လုံလုံလောက်လောက် ဘဏ္ဍာငွေ အထောက်အပံ့ လိုမယ်။ နောက်တခြားစနစ်တွေ စာမေးပွဲစနစ်ပြင်ရမယ် အဲ့တာတွေလုပ်ဖို့လိုတယ်။"

အခုလို ပညာရေးမူဝါဒ မူကြမ်းတစ်ရပ် ရေးနိုင်ဖို့အတွက် ဒီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ ပညာရေး ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ အဲဒီ့ညီလာခံက နေ ထွက်ရှိလာတဲ့ အကြံပြုချက် ၁၃ ချက် ကို ပေါင်းစည်းပြီး လွတ်လပ်တဲ့ ပညာရေး စနစ်တစ်ရပ်ပေါ်ထွန်းဖို့ကို ဦးတည်ခဲ့တယ်လို့ ဒေါက်တာ သိန်းလွင်ကပြောပါတယ်။

အခု ထွက်ပေါ်လာခဲ့တဲ့ ပညာရေးမူဝါဒ မူကြမ်းမှာ အရင် စစ်အစိုးရ လက်ထက်က အကောင်အထည်ဖော်ပြီး အခု အစိုးရ လက်ထက်ထိ ပုံမဖော်နိုင်ခဲ့တဲ့ စနစ်အသစ်တွေလည်း ပါရှိနေပြီး ကျောင်း မတက်နိုင်တဲ့ ကလေးတွေ အတွက် ပညာရေး အပါအဝင်၊ စစ်ဘေး ဒဏ်သင့် ပြည်သူတွေ၊ ရွှေ့ပြောင်း ကလေးငယ်တွေရဲ့ ပညာရေး အခြေအနေတွေကိုပါ ဒီ မူဝါဒ အကြမ်းထဲမှာ ထည့်သွင်းထားတယ် လို့ ဒေါက်တာသိန်းလွင်ကပြောပါတယ်။

" Non-Formal ကတော့ ကျနော်တို့ ကျောင်းမနေနိုင်တဲ့ကလေးတွေ အများကြီးရှိတယ်။ ကျောင်းတဝက်တပျက်နဲ့ထွက်တဲ့ကလေးတွေ အများကြီးရှိတယ်။ အဲ့ဒီ့ကလေးတွေကို အခြေခံပညာပြန်ပေးပြီးတော့ အသက်မွေးဝမ်းကျောင်းတို့၊ တက္ကသိုလ်တို့ပြန်တက်နိုင်အောင် လုပ်ပေးဖို့ အဲ့တာကတော့ ဒေသတိုင်းမှာ လုပ်ဖို့ နောက်တခါ စစ်ပြေးဒုက္ခသည်စခန်းတို့ ထိုင်းဖက်ရောက်တဲ့ကလေးတွေ ပြန်လာတဲ့အခါကျရင် ဒီမှာကျောင်းတက်ဖို့ပေါ့။ အဲ့တာလေးတွေ ကျနော်တို့အကြံပေးထားတယ်။ အခု အခက်အခဲက ပြန်လာတဲ့ကလေးတွေ ဒီမှာကျောင်းအပ်ရင် ကျောင်းတွေက လက်မခံဘူး ငြင်းလိုက်တယ်။ အဲ့တော့ကလေးတွေ ပညာဆက်သင်ဖို့မှာ အခက်အခဲဖြစ်တယ်လေ။ အဲ့တာပညာဆက်သင်နိုင်အောင်ပေါ့။ ဆက်သင်နိုင်လောက်တဲ့ အရည်အချင်းလည်းရှိအောင်ပေါ့။ အဲ့တာလေးတွေ ထည့်ပြီး ကျနော်တို့အကြံပေးထားပါတယ်။"

အခုလို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က အကြံဉာဏ်ပေးလာတဲ့ မူဝါဒ မူကြမ်းကို လွှတ်တော်ထဲမှာရှိနေတဲ့ ပညာရေးမြင့်တင်မှု ဆိုင်ရာ ကော်မတီက လက်ခံ ကြည့်ရှု အကြံဉာဏ် ယူမှာ ဖြစ်ပြီးတော့ ရရှိလာတဲ့ အကြံဉာဏ်တွေကနေ နိုင်ငံမှာ တကယ် လိုအပ်နေတဲ့ ပညာရေးမူဝါဒ ဥပဒေ တစ်ရပ် ကို ရေးဆွဲပြီး လွှတ်တော်က ပြဌာန်းမှာ ဖြစ်တယ်လို့ ပညာရေးမြင့်တင်မှု ဆိုင်ရာ ကော်မတီ က အတွင်းရေးမှူး ဒေါက်တာ မြဦးကပြောပါတယ်

"အမျိုးသားကွန်ယက်လို လုပ်တဲ့ဟာတွေကလည်း ကျနော်တို့က ပြည်သူ့အသံတွေပဲ။ အဲ့တာတွေ အကုန်လုံး အချက်အလက်တွေ ယူပြီးတော့ ဆွေးနွေးမှာပါ။ အခုလောလောဆယ်တော့ ကျနော်တို့ အစီအစဉ်နဲ့ကျနော်တို့ လုပ်နေတာရှိပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေပါပြီးတော့ ပြင်ပက သက်ဆိုင်ရာဝန်ကြီးဌာန ပုဂ္ဂိုလ်တွေပါပြီးတော့ အမျိူးသားပညာရေးကော်မတီဆိုတာ ဖွဲ့ထားတာရှိပါတယ်။"

အခု ရေးဆွဲပြီးဖြစ်တဲ့ မူဝါဒ မူကြမ်းမှာ တိုင်းရင်းသားတွေရဲ့ ပညာသင်ကြားရေး အခွင့်အလမ်းတွေ အပြင် ဘုန်းတော်ကြီး သင်ပညာရေး အခြအနေတွေ ကို ပါ ခြုံမိအောင် တင်ပြထားတယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်မှာ ပါဝင်တဲ့ ဆရာတော် ဦးဝီစာရ ကပြောပါတယ်။

" ကိုယ်တွေကတော့ ဘကကျောင်းတွေနဲ့ပတ်သက်လို့ ဆရာ၊ ဆရာမတွေကို တရားဝင်လိုင်စင်ရတဲ့သူတွေဖြစ်အောင် လုပ်မယ်။ ဒါက ဆရာ၊ ဆရာမ အရည်အသွေးမြှင့်တင်ရေးကို ဦးတည်ချင်လို့ပါ။

အတိုက်အခံပါတီ ဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မကြာခဏ ဆိုသလို မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ညံ့ဖျင်းပြီး ပြုပြင်ဖို့ တွေ လုပ်ဖို့ လိုနေပြီဆိုတာကို လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပက သူမရဲ့ မိန့်ခွန်းတွမှာလည်း ပြောကြားခဲ့ဖူးပါတယ်။
XS
SM
MD
LG