သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှိပ်ကွပ်မှုတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးဆုရှင်တွေ မြန်မာကို တိုက်တွန်း


Nobel Women’s Initiative
Nobel Women’s Initiative
မြန်မာနိုင်ငံအနေနဲ့ ပိုမို ပွင့်လင်းပြီး ဒီမိုကရေစီနည်းကျတဲ့ စနစ်တရပ်ဆီ ဦးတည်ပြောင်းလဲနေချိန်မှာ လူမျိုးရေးနဲ့ ဘာသာရေးအသွင် အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အကြောင်း ထောက်ပြပြီးတော့၊ မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူနည်းစုတွေနဲ့ ဘာသာရေးအရ လူနည်းစုဖြစ်တဲ့ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၁၂ ဦးက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာ ဒီလထဲမှာပဲ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သလို၊ ကချင်ပြည်နယ်တွင်း မြန်မာစစ်တပ်က ကချင်ဒေသ လက်နက်ကိုင် အဖွဲ့တွေအပေါ် ထိုးစစ်ဆင်မှုတွေ စခဲ့တဲ့ ၂ နှစ်ပြည့်ချိန်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၁၂ ဦးက မနေ့ကပဲ ကြေညာချက်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ စတင် လုပ်ဆောင်လာနေတာမှာ ခုလို အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှု ကာလမျိုးမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ရပ်တန့်အောင် ဆောင်ရွက်ဖို့ အရေးကြီးတာကြောင့် ခုလို တိုက်တွန်း တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်များအဖွဲ့ Nobel Women’s Initiative ရဲ့ သတင်းမီဒီယာနဲ့ ဆက်သွယ်ရေးတာဝန်ခံ Rachel Vincent ကပြောပါတယ်။

“အဓိက တောင်းဆိုချက်ကတော့ မူစလင်တွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ပါ။ ဒါက အဓိကပါ။ မြန်မာနိုင်ငံထဲက မူစလင်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်နေ တာတွေကို အဆုံးသတ်ပေးဖို့ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးတခု ဖွင့်လှစ်ခွင့် ပြုပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် ခွင့်ပြုဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ဒီကိစ္စက သိပ်ကို အရေးကြီးတဲ့ ကိစ္စပါ။ ဒါဟာ မြန်မာနိုင်ငံတွင်း လူနည်းစုတွေကို အကာအကွယ်ပေးနိုင်ဖို့ အတွက် အရေးကြီးသလို၊ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးတော့ ပွင့်လင်းပြီး ဒီမိုကရေစီနည်းကျတဲ့ စနစ်တခုဆီ ဦးတည်လျှောက်လှမ်းနေချိန်မှာ အရေးတကြီး ရှေ့တိုးဆောင်ရွက်ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ အရေးကိစ္စတွေ မှာ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေ အနေနဲ့ အရင်ကတည်းက အမြဲလို ရှေ့ထွက် ပြောဆိုလာနေခဲ့တာ ဖြစ်သလို၊ တိုင်းရင်းသားလူနည်းစုတွေ၊ မူဆလင်တွေ အပေါ် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆို တာဟာလည်း ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူးလို့လည်း Rachel Vincent က ပြောပါတယ်။ ဘာကြောင့် အခုချိန်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းရသလဲ ဆိုတဲ့အပေါ်မှာတော့ သူ က အခုလို ရှင်းပြပါတယ်။

“ဘာကြောင့် ခုချိန်မှာ ထုတ်ပြန်တာလဲ ဆိုတာကတော့ အကြောင်းရင်းတချို့ ရှိပါတယ်။ သိပ်မကြာခင်တုန်းကပဲ ကျမတို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တချို့၊ အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၆ ဦးကနေပြီးတော့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ဆွေးနွေးခဲ့ကြသလို၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ပြီးရှိနေတာနဲ့ပတ်သက်လို့ လူတွေရဲ့အာရုံစိုက်မှုရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကို နည်းလမ်းရှာ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ မူစလင်တွေအပေါ် အကြမ်းဖက် မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာ အခုဆိုရင် တနှစ်ထဲ ဝင်လာခဲ့ပါပြီ။ တခါ ကချင်ပြည်နယ်တွင်းမှာလည်း အစိုးရနဲ့ ကချင်လက်နက်ကိုင် အဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကစလို့ အကြမ်းဖက်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာ ခုချိန်ထိ ပဋိပက္ခ မပြေလည်သေးပါဘူး။ ဒါကြောင့် ဒီလထဲ နှစ်ပတ်လည်တွေ ဖြစ်လာခဲ့တဲ့ ဒီဖြစ်ရပ်နှစ်ခုကြောင့် ခုလို ကြေညာချက်ထုတ်ပြန်ပြန် တိုက်တွန်းဖို့ ဖြစ်လာခဲ့ရတာပါ။”

ပြီးခဲ့တဲ့နှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဒေသခံရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေအကြား အကြမ်းဖက် အဓိကရုဏ်းတွေ စတင် ဖြစ်ပွားခဲ့တာမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် မိတ္ထီလာနဲ့ တခြားမြို့နယ် ဒေသတွေမှာလည်း ဘာသာရေးအသွင် အကြမ်းဖက်အဓိကရုဏ်းတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး၊ ထိခိုက် သေဆုံး ဒဏ်ရာ ရမှုတွေလည်း အများအပြား ရှိခဲ့တာပါ။

ကချင်ပြည်နယ်မှာတော့ မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စလို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွား ခဲ့တာမှာ မြန်မာအစိုးရဘက် က လက်နက်ကြီးတွေနဲ့ တပ်အင်အား အလုံးအရင်းသုံး တိုက်ခိုက်မှုတွေကြောင့် ကချင်ဒေသခံ ထောင်ပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို သေဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့်လဲ ဒီလို ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေတာဖြစ်ပါတယ်။

အခုမြန်မာအစိုးရကို တိုက်တွန်းခဲ့ကြတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၁၂ ဦးကတော့ အိုင်ယာလန်နိုင်ငံက Mairead Maguere နဲ့ Betty Williams၊ အာဂျင်တီးနားနိုင်ငံက Adolfo Perez Esquivel ၊ တောင်အာဖရိကက ဘုန်းတော်ကြီး Desmond Tutu ၊ Costa Rica က Oscar Arias ၊ Guatemala နိုင်ငံက Rigoberta Menchu Tum ၊ အရှေ့တီမောက Jose Ramos Horta ၊ အမေရိကန်က Jody Williams ၊ အီရန်နိုင်ငံက Shirin Ebadi၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Muhammad Yunus ၊ လစ်ဗျားနိုင်ငံက Layman Gbowee နဲ့ ယီမင်နိုင်ငံက Tawakkol Karman တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG