သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကုတ်အရေးအခင်း ဖမ်းဆီးထားသူများ ရုံးတင်စစ်ဆေး


ရခိုင်ပြည်နယ်တွင်း မီးရှို့အကြမ်းဖက်မှုများဖြစ်ပွားစဉ်။
ရခိုင်ပြည်နယ်တွင်း မီးရှို့အကြမ်းဖက်မှုများဖြစ်ပွားစဉ်။
၂၀၁၂ခုနှစ် ဇွန်လအတွင်းကဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူသတ်မှုမှာ မသင်္ကာသူတွေကို အခုရက်ပိုင်းအတွင်းမှာပဲ သံတွဲခရိုင် တရားရုံးမှာ ရုံတင်စစ်ဆေးနေပါပြီ။ ဖမ်းဆီးခံရသူတွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိဆိုတာနဲ့ပတ်သက်လို့ မြို့ခံတွေကြားထဲမှာ သံသယရှိနေကြတယ်ဆိုတဲ့ အကြောင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ကျော်ခန့်က ရခိုင်ပြည်နယ်တွင်း မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင်လူငယ်တွေက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်အပြီးမှာ အစ္စလာမ်ဘာသာဝင်တွေ လိုက်ပါလာတဲ့ ကားတစ်စီးပေါ်က လူ၁၀ဦး တောင်ကုတ်မြို့မှာ အသတ်ဖြတ်ခံခဲ့ရတာပါ။

ဒီသတ်ဖြတ်မူတွေနဲ့ပတ်သက်လို့ တရားခံအဖြစ် စွတ်စွဲခံရသူ ၆ဦးကို တနှစ်ကျော် အကြာ ပြီးခဲတဲ့ဇူလိုင်လ ၁၇ရက် က ဖမ်းဆီးခဲ့ပြီးနောက် သံတွဲအကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။ အခုအခါမှာတော့ ရုံးတင်စစ်ဆေးမူတွေ စတင် လုပ်နေပြီဖြစ် ပါတယ်။ တောင်ကုတ်မြို့ခံတဦးပြောပြတာက

"သူတို့ကို ပထမစွတ်စွဲထားတဲ့ ပုဒ်မက ၃၀၂၊ လူသတ်မှုပေါ့။ နောက်တခုက ၁၁၄၊ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီမှု၊ အဲ့ဒီ့ပုဒ်မနှစ်ခုနဲ့စွဲထားတယ်။ အခုကျတော့ ပုဒ်မ ၁၁၄အစား၊ ပုဒ်မ ၃၄၊ ပြစ်မှုတခုကို လူစုပြီး ကြံစည်ကျူးလွန်မှုပေါ့။ အဲ့တာနဲ့ပြောင်းလဲပြီးတော့ စွဲဆိုလိုက်တယ်။ အဲ့ဒီ့လူတွေက ဘူတာရပ်ကွက်ကပါ။"

ဖမ်းဆီးခံရတဲ့ဒေသခံ ၆ဦးနဲ့ ပတ်သက်ပြီး သူတို့ဟာ လူသတ်မူတွေကို ကျုးလွန်ခြင်းရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး မြို့ခံတွေကြား သံသယ ရှိနေကြတယ်လို့ ဆိုပါတယ်။

" ဒီလိုအမှုမျိုးနဲ့ ဖမ်းဆီး တရားစွဲဆိုထားတဲ့အပေါ်မှာ အများကြီး သံသယရှိကြ တာပေါ့။ ဘာလဲဆိုတော့ လူခြောက်ယောက်တည်းနဲ့ လူဆယ်ယောက် ကို သတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ ဒီတောင်ကုတ်မှာဖြစ် သွားတဲ့ လူသတ်မှုမှာ အများကြီး သံသယဖြစ်စရာတွေ ရှိတယ်။ တောင်ကုတ်ဒေသခံတွေမဟုတ်ပဲနဲ့ တခြား ဘယ်က ရောက်လာမှန်းမသိဘူး။ အဲ့လိုပြောကြတာတွေလည်း ရှိတယ်။ တောင်ကုတ်က အတွင်းရေးမှူးပြောတာဆိုရင် ဒီအကြမ်းဖက်မှု အတွင်း တောင်ကုတ်ဒေသခံတွေ မပါဘူးဆိုပြီး ပြောထားတာရှိတယ်။ဒါပေမဲ့ အဲ့သလိုဖြစ်တဲ့ အချိန်မှာ အုံးအုံးကြွက်ကြွက် လူတွေက အများကြီးရှိတာပေါ့။ တကယ်တမ်း လူကို သေလောက်အထိ သတ်တဲ့အချိန်မှာ မြို့ခံလူတွေပါတယ် ဆိုတဲ့အပေါ်မှာ နည်းနည်း သံသယရှိနေကြတယ်။ အဲ့လောက်မဖြစ်နိုင်ဘူး ဆိုပြီး။ နောက်ပြီးတော့ အခုဖမ်းထားတဲ့ လူခြောက်ယောက်က ဟုတ်မဟုတ် ဆိုတာလည်း အတိအကျ ဘယ်သူမှ မပြောနိုင်ဘူး။"

ဖမ်းဆီးခံထားရသူတွေကို ရုံးထုတ်စစ်ဆေးရာမှာ မိသားစုတွေတောင်တွေခွင့်မရပဲ လုံခြုံရေးအခြေအနေကြောင့် နာရီဝက်အတွင်းမှာပဲ စစ်ဆေးမူတွေ လုပ်သွားတယ်လို့လည်း မိသားစုနဲနီးစပ်သူတွေကဆိုပါတယ် ။

၂၀၁၂ ခုနှစ် ဇွန် ၃ရက်နေ့တုန်းက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့ လူ ၁၀ ယောက် အသတ်ခံရမှုနောက်ဆက်တွဲအဖြစ်နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ တာပါ၊ တောင်ကုတ်မြို့မှာ လူ၁၀ဦး သတ်ဖြတ်ခံရမူ မဖြစ်ခင်မှာ လှုံ့ဆော်မူတွေ ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပြီး လူသတ်မူ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကိုတော့ မေးခွန်းထုတ်နေရဆဲပဲလို့ ဆိုပါတယ်။

"ကျနော် တောင်ကုတ်ဒေသခံအနေနဲ့ပြောရမယ်ဆိုရင် ဒီလူ၁၀ယောက် က တောင်ကုတ်ကို ဖြတ်လာမယ်။ အဲ့လိုအချိန်မှာ ကြိုတင်ပြီး သတင်း ရရှိထားသူတွေ အစိုးရ ဌာနတို့ ဒီသက်ဆိုင်ရာဌာနတွေက အကုန်လုံး သတင်းရရှိထားတယ်။ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ဖြတ်သွားသင့်၊ မသွားသင့်။ သွားခွင့်ပြုသင့်၊ မပြုသင့်ဆိုတာ ဒီသက်ဆိုင်ရာအာဏာပိုင်တွေမှာ အများကြီး တာဝန်ရှိပါတယ်။ ဘာဖြစ်လို့ ဒီလူတွေဟာ တောင်ကုတ်အထိ ရောက် လာရသလဲ။ အဲ့ဒီ့မှာ ဂိတ်အဆင့်ဆင့်ရှိတယ်။ ရဲစခန်းရှိတယ်။ တပ်တွေရှိတယ်။ ဒီဟာတွေကို ကျော်ပြီးမှ ဖြတ်လာခဲ့တယ်။ အဲ့လိုမဖြစ်ခင် တောင်ကုတ်မှာ ညနေက စာဖြန့်တယ်။ အဲ့တာတွေဟာ ကျနော်တို့အနေနဲ့ပြောရရင် သံသယဖြစ်စရာတွေ ရှိတယ်။"

ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အဓိကရုဏ်းတွေဖြစ် အပြီးမှာတော့ မြို့နယ်အတော်များများမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အစိုးရက စစ်တပ်များ ကင်းလှည့်လည်ပြီး မြို့ခံလူထုတွေကို ညမထွက်ခိုင်းပဲ လုံခြုံရေးကို တင်းကြပ်စွာ ချထားခဲ့ပါတယ် ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကတော့ ငြိမ်သက်သွားခြင်းမရှိပဲ မကြာခဏဆိုသလို မီးရှို့မူတွေ အကြမ်းဖက်မူတွေ ရှိနေဆဲပါပဲ။
XS
SM
MD
LG