သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အဖွဲ့အစည်း စွမ်းအင်မြှင့်တင်ရေး အဆင့်မြင့်စည်းဝေး မြန်မာပါဝင်ဆွေးနွေး


Triangle Women Support Group
Triangle Women Support Group
၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မကျင်းပခင် တရက်အလို ဒီကနေ့ တနင်္လာနေ့ညနေ နယူးယောက်မြို့မှာ သမ္မတ အိုဘားမားက နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်း အထောက်အကူပေးရေး တိုးမြှင့်လုပ်ဆောင်ဖို့ အဆင့်မြင့် ဆွေးနွေးပွဲတရပ်ကို တာဝန်ယူ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံ၂၀ ကျော်က လူမှုအဖွဲ့အစည်းတွေ တက်ရောက်ကြမယ့် ဒီစည်းဝေးပွဲကို မြန်မာနိုင်ငံက အမျိုးသမီးရေး ဆောင်ရွက်ပေးနေတဲ့ မခင်လေးလည်း တက်ရောက် ဆွေးနွေးဖို့ ရှိပါတယ်။ အကြောင်းစုံကို အခု နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ မခင်လေးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

နယူးယောက်မြို့က နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲမှာ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေရဲ့ အမြင်တွေကို ဖော်ပြရာမှာ အစိုးရတွေရဲ့ တာဝန်ခံမှုကို ဖိအားပေး လုပ်ဆောင်ဖို့နဲ့ ပြည်သူ့တွေရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေ ဖြေရှင်းရေးအတွက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်တဲ့ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်း အားကောင်းအောင် တည်ဆောက်ရမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆောင်ရွက်ပေးနေတဲ့ Triangle Women Support အဖွဲ့က မခင်လေးက တက်ရောက် ဆွေးနွေးဖို့ ရှိပါတယ်။

ဒီအစည်းအဝေးမှာ တက်ရောက်လာတဲ့ နိုင်ငံ၂၀ ကျော်က အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကြား မခင်လေးက မြန်မာနိုင်ငံကိုယ်စားပြု ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ မခင်လေးက အခုလို ပြောပါတယ်။

“အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို ကူညီဖို့အတွက် အဆင့်မြင့်အရာရှိများပေါ့ အစည်းအဝေးကို တက်ဖို့လာတာပါ။ သူတို့စိတ်ထဲမှာ ထင်နေတာကလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ အရမ်းကို ကောင်းနေပြီပေါ့နော် အဲ့လိုမျိုး သူတို့က ပြောချင်တဲ့အတွက်လား၊ အဲ့လိုမှမဟုတ်ရင် Lesson 1 ပေါ့ အခြားနိုင်ငံတွေမှာ ကျမတို့ထက် အခြေအနေဆိုးရွားနေတဲ့ နိုင်ငံတွေက ကျမတို့ဆီက အတွေ့အကြုံတွေ Learn လုပ်စေချင်တဲ့သဘောကြောင့်နဲ့တူပါတယ်။ ကျမကို အဲ့ဒီမှာ ၅ မိနစ်ပေါ့ ပြောခွင့်ပေးထားပါတယ်။ အဲ့လိုပြောခွင့်ပေးတဲ့အခါမှာ ကျမကတော့ အဓိကကတော့ နိုင်ငံတကာ အဖွဲ့အစည်းကနေ ကျမတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအတွက်ကို Policy ပိုင်းဆိုင်ရာနဲ့ ဘယ်လို အကူအညီပေးနိုင်တယ် ဆိုတဲ့ဟာလေးကို ကျမ အဓိကထားပြီးတော့ ပြောမှာပါ။”

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တဲ့အခါမှာ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးနိုင်ရေးနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်နိုင်တဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး တင်ပြမှာဖြစ်တယ်လို့ မခင်လေး က ပြောပါတယ်။

“ကျမ ဆွေးနွေးမယ့်ထဲမှာလည်း ထည့်ပြောထားတယ်။ နိုင်ငံတကာ အကူအညီဆိုတဲ့ နေရာမှာလည်း ကျမတို့ ငွေရေးကြေးရေး အကူအညီလည်း လိုအပ်တာကိုး။ ငွေရေးကြေးရေး အကူအညီရယ်၊ နည်းပညာရယ်၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စံတွေ၊ စည်းမျဉ်း ဥပဒေတွေကိုလည်း ကျမတို့ သိဖို့ လိုတယ်ပေါ့။ ပေါ်လစီတွေ ချမှတ်တဲ့အခါမှာ။ ဒါ့အပြင် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ အားပေးမှုတွေ အဲ့ဒါတွေလည်း ကျမတို့ လိုအပ်တယ်ဆိုတာကို ကျမ သုံးချက်ကို ထောက်ပြထားပါတယ်။ အဲ့လို ထောက်ပြခြင်းအားဖြင့် သူတို့လည်း ဒါ ဥပမာ အမေရိကန်သမ္မတတို့ အပိုင်းကလည်း သူတို့နိုင်ငံ အဆင့်မြင့်အရာရှိတွေအပိုင်း သူတို့ တာဝန်ယူရမယ့်အပိုင်းရှိသလို၊ တက်လာမယ့်အထဲမှာလည်း တခြား INGO တွေ၊ Donors တွေလည်း ပါတဲ့အခါကျတော့ သူတို့ရဲ့ အကူအညီဟာ ကျမတို့ နိုင်ငံ ရှေ့ဆက်သွားမယ့်လမ်းမှာ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ဟာကို ကျမ မီးမောင်းထိုးပြမှာပါ။ အခု လက်ရှိအချိန်ထိတောင် ကျမတို့အတွက် နိုင်ငံတကာကနေ သူတို့ တတ်နိုင်တဲ့ အခန်းကဏ္ဍလေးနဲ့ ကူညီတယ်။ ဒါပေမဲ့ ရှေ့လျှောက်ရင်တော့ ဒီထက်ပိုပြီးတော့ သေသေချာချာ ပိုကူညီပေးနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံတွင်း လွှတ်တော်မှာ တင်သွင်းထားတဲ့ သင်းပင်းဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေ မူကြမ်းရေးဆွဲတဲ့နေရာမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကြား အခြေအတင် ဆွေးနွေးနေရဆဲဖြစ်ပြီး အရပ်ဖက် လူ့အဖွဲ့အစည်းတွေဘက်က လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် တောင်းဆိုနေရတဲ့ အခြေအနေကိုလည်း အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ မခင်လေး က ပြောပါတယ်။

“ကျမတို့မှာ လုပ်စရာကိုင်စရာတွေ စိန်ခေါ်မှုတွေ အများကြီးရှိသေးတယ်။ နောက်ပြီးတော့ ဒီ အရပ်ဖက် လူ့အဖွဲ့အစည်းကြောင့် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာ အနှောင့်အယှက်ပေးတာတွေ အခုထိ ရှိနေတုန်းပဲဆိုတာကိုလည်း ကျမတို့ ပြောမှာပါ။ ဘာလို့လဲဆိုတော့ ခုန မဆုမွန်ပြောသွားသလိုပဲ ကျမတို့ မကြာခင်ကမှ အသင်းအဖွဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ သူတို့အစိုးရ ပထမဦးဆုံး ထုတ်ပြန်လိုက်တဲ့ အသင်းအဖွဲ့ဥပဒေဟာ လုံးဝမှ လက်ရှိ အခြေအနေနဲ့လည်း မသင့်တော်ဘူး။ အားလုံးကို နှိပ်ကွပ်တဲ့ဥပဒေမျိုးဖြစ်နေတဲ့အတွက် ကျမတို့ အဲ့ဒီအပေါ်မှာ ပြန်ပြီးတော့ ပြည်သူ့လွှတ်တော်က ရေးရာကော်မတီတွေနဲ့ ကျမတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေလုပ်တယ်။ အဲ့ဒီအခါမှာ နောက်ဆုံးထွက်လာတဲ့ ဥပဒေကြမ်းတွေက --- ကြည့်ရတာပေါ့။ နည်းနည်းလေး ကျမတို့ရဲ့ ပြောဆိုဆွေးနွေးတာတွေကို သူတို့ အလေးအနက်ထားပြီးတော့ အဲ့ဒီထဲမှာ ထင်ဟပ်စေတယ်လို့ မြင်တယ်။ အဲ့ဒီအတွက် ကျမတို့က အဲ့ဒါလေးကိုလည်း ကျမပြောမယ့်အထဲမှာပဲ သူတို့ကို Appreciate လုပ်မယ်။ အဲ့တော့ အခုထိကတော့ ကျမတို့က လုပ်စရာတွေက အများကြီးရှိသေးတယ်။ Challenge တွေလည်း အများကြီးရှိသေးတယ်။ ဥပဒေရှိနေပြီးသားတောင်မှ အဲ့ဒီဥပဒေကို လေးလေးစားစားနဲ့ ဒီဥပဒေကို ချမှတ်ထားတဲ့ လူတွေကိုကိုယ်တိုင်တောင်မှ မလုပ်တဲ့ကိစ္စတွေ၊ အများကြီးရှိနေပါသေးတယ်။ ဒါပေမဲ့ ကျမတို့မှာတော့ ဒီအသင်းအဖွဲ့ ဥပဒေနဲ့ ပတ်သက်ရင်တော့ ကျမတို့ အခုချိန်ထိ လုပ်ထားတော့ ကျေနပ်စရာတော့ ရှိနေတယ်ဆိုတာကိုတော့ ကျမ ထည့်ပြောမှာပါ။”

နယူးယောက်မှာကျင်းပမယ့် ဒီ နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်း အထောက်အကူပေးရေး အဆင့်မြင့် စည်းဝေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် နိုင်ငံတွေရဲ့ သမ္မတအကြီးအကဲတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း INGO၊ NGO က ကိုယ်စားလှယ်တွေ၊ အလှူရှင်တွေပါ ပါဝင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG