သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hong Shin စက်ရုံ အလုပ်သမားပြဿနာ ပြေလည်မှုရ


အလုပ်ရှင်က အလုပ်သမားတွေကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် စက်ရုံပိတ်ပစ်ဖို့ စီစဉ်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် အခု ပြေလည်သွားပြီ ဖြစ်ပါတယ်။ နှစ်ဘက် ပြေလည်မှု ရသွားပြီ ဖြစ်တဲ့အတွက် အလုပ်သမားတွေက သူတို့ရဲ့ သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ ဟုန်ရှင်း အအေးခန်းစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ပြေလည်စေဖို့ အအေးခန်းစက်ရုံပိုင်ရှင်နဲ့ အလုပ်သမားခေါင်းဆောင်တွေကြား အလုပ်သမားဝန်ကြီး ဦးစိုးမင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ညနေပိုင်းမှာ ကြားဝင် စေ့စပ်ပေးခဲ့တဲ့အတွက် ပြေလည်သွားပြီလို့ အလုပ်သမားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ယု က ပြောပါတယ်။

“ညနေ ၆ နာရီခွဲမှာ အလုပ်သမား ၁ ယောက်နဲ့ အလုပ်ရှင်နဲ့ ဒီက ညှိနှိုင်းအဖွဲ့တွေပေါ့လေ တိုင်းဝန်ကြီးတို့ရော၊ ရဲကွပ်ကဲရေးအဖွဲ့တွေရော နောက် ညှိနှိုင်းရေးအဖွဲ့တွေရောပေါ့ အကုန်လုံး ညှိနှိုင်းလို့ ပြီးသွားပြီလေ။ စာချုပ်ချုပ်ပြီးပြီလေ။ စက်ရုံက လုံး၀ အပြီး ပိတ်လိုက်ရတယ်။ အပြီးပိတ်လိုက်တော့ ပိုင်ရှင်ကနေပြီးတော့ ကိုယ်တိုင်ကြေညာပေးရင် သူတို့ လက်ခံမယ်ပေါ့နော်။ အဲ့ဒီသဘောပဲ။”


အအေးခန်းစက်ရုံအနေနဲ့ နောက်ထပ် လည်ပတ်နိုင်တော့ခြင်း မရှိတဲ့အတွက် စက်ရုံကို ပိတ်တော့မှာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အလုပ်သမားတွေကို စက်ရုံပိုင်ရှင်ဘက်က လျော်ကြေးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒါက ဥပဒေအတိုင်းပဲကွဲ့။ ဥပဒေဆိုတာက လုပ်သက် ဘယ်လောက်ရှိရင် ဘယ်လောက်၊ တဦးချင်းတဦးချင်း တွက်ချက်ပြီးတော့ ကျန်ငွေနဲ့ အဲ့ဒါ ပေးမှာပါ။ အဲဒါ မနက်ဖြန်မနက် ၉ နာရီ။ ဒဂုံဆိပ်ကမ်း စက်မှုဇုန် ကနောင်ခန်းမမှာ ပေးမယ်နော်။ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးမှူးရှေ့မှောက်မှာ သုံးဦးသုံးဖလှယ်ပေါ့နော်။ အစိုးရရော၊ အလုပ်သမားကိုယ်စားလှယ်တွေရော၊ အလုပ်ရှင်ရောပေါ့နော်။”

အလုပ်သမားတွေ အခုလို အလုပ်ပြုတ်ကြပြီဆိုရင် အလုပ်သမားတွေ အလုပ်ပြန်ရဖို့ အလုပ်သမားဝန်ကြီးဌာနက တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပေးနေတဲ့အကြောင်းလည်း ဦးကျော်ယု က ဆက်ပြောပါတယ်။

“အရင် ထွက်သွားတဲ့ ၁၂၄ ယောက်လေ။ လျော်ကြေးယူသွားတဲ့ ၁၂၄ ယောက်လည်းပဲ သူတို့နဲ့ပတ်သက်ပြီးတော့ ကျန်တဲ့စက်ရုံတွေက လုပ်အားလိုအပ်မယ်ဆိုရင် ရှာဖွေပေးဖို့ပေ့ါနော် စီစဉ်ပေးတယ်။ အခြား အလားတူစက်ရုံတွေလည်း အဲ့လိုပဲ လုပ်ပေးပါတယ်။ စက်ရုံတရုံက အလုပ်ရပ်ပြီဆိုရင် ကျန်တဲ့စက်ရုံတွေကနေပြီးတော့ စက်မှု---ရုံးမှာ သူတို့ကို ခေါ်ပြီးတော့ အလုပ်လေးတွေ လိုတဲ့ ဘယ်ရုံက ဘယ်လောက်လိုတယ်၊ ဘယ်ရုံကတော့ ဘယ်လောက်လိုတယ် ဆက်သွယ်ပေးတယ်ပေါ့။ သူတို့အဖွဲ့တွေကိုလည်း ဆက်သွယ်ပေးမှာပါ။”

အလုပ်ရှင်ဘက်က လူအများရှေ့မှာ လက်မှတ်မထိုးလိုဘူးလို့ ပြောတာကြောင့် လက်မှတ်ထိုးတဲ့နေရာမှာ အချိန်နှောင့်နှေးမှု ဖြစ်ခဲ့တာကလွဲလို့ အားလုံး အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားပြီး အလုပ်သမားတွေလည်း သူတို့သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းလိုက်ကြပြီ ဖြစ်ပါတယ်။ အလုပ်သမားတွေ အစောပိုင်းက တောင်းဆိုထားတဲ့ အချက်တွေကိုတော့ စက်ရုံအလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်ကြီးက ဗွီအိုအေကို ရှင်းပြပါတယ်။

“စက်ရုံပိတ်သိမ်းခြင်းကို အလုပ်သမားများက ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ နာမည်ပြောင်းတာလား။ ယာယီပိတ်တာလား။ ဒေဝါလီခံတာလား။ အလုပ်ရှင် အလုပ်သမားရှေ့မှာ လာရောက်ဖြေရှင်းပေးရေးရယ်၊ နောက် ရေလုပ်ငန်း အပြီးအပိုင် ပိတ်သိမ်းရင် အစိုးရအာဏာပိုင်တွေကလည်း တာဝန်ယူပေးရမယ်။ ဘယ်အမည်နဲ့ပဲလုပ်လုပ် ရေလုပ်ငန်း ဆက်လုပ်ရင် ဒီအလုပ်သမားတွေကို အလုပ် ဆက်ခန့်ပေးရန် ဒါပေါ့”

အလုပ်ရှင်ဘက်က အကြောင်းပြချက် တစုံတရာမရှိဘဲ ရုတ်တရက် စက်ရုံကို ပိတ်ပစ်မယ့်အကြောင်း အခုလ အစောပိုင်းတုန်းက စက်ရုံအတွင်း စာကပ် အသိပေးခဲ့တာလို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

“ဒီလ ၄ ရက်နေ့ကနေပြီးတော့ ကျမတို့ အလုပ်စပြီးတော့ ၉ လပိုင်းပေါ့နော် ၄ ရက်နေ့ကစဝင်ခဲ့တယ်။ ၁၀ ရက်နေ့ထိပေါ့နော်။ ၁၃ ရက်နေ့ကျတော့ သူတို့က ကျမတို့ကို အလုပ်ဖြုတ်ပါတယ်ဆိုပြီးတော့ စာရွက်ကို လာကပ်တယ်။ အဲ့ဒါ လူမြင်ကွင်းမှာ မဟုတ်ပါဘူး။ ကျမတို့ရှိတဲ့နေရာတိုင်းမှာ ကျမတို့ကို အလုပ်ဖြုတ်တယ်ဆိုပြီး လာကပ်တယ်။ လျော်ကြေးယူပြီး ထွက်သွားဖို့ပေါ့နော်။ ကျမတို့ကို ၁၆ ရက်နေ့မှာ လျော်ကြေးယူပြီးတော့ စက်ရုံအပြင်ကို ထွက်ပေးပါဆိုပြီးတော့ လာကပ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့က ဒီလိုမျိုး လုပ်ရတာပါ။ ကျမတို့က ယူတဲ့သူမဟုတ်တော့ မသိပါဘူး လျော်ကြေးကတော့။ သူတို့ကတော့ ပြောတာပဲ ဥပဒေပါအတိုင်း လျော်ကြေးပေးမယ်လို့တော့ ပြောပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အလုပ်သမားရုံးက တာဝန်ရှိသူတွေ လာရောက် ဖြေရှင်းပေးဖို့ အလုပ်သမားတွေဖက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း တစုံတရာ ကူညီ လုပ်ဆောင်ပေးခဲ့ခြင်း မရှိဘူးလို့ အလုပ်သမားတွေက အစောပိုင်းက ပြောပါတယ်။

ဒါကြောင့် သူတို့ကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဖက်က ဝင်ရောက် မဖြေရှင်းပေးမချင်း ဆက်လက် ဆန္ဒပြသွားမယ်ဆိုပြီး အလုပ်သမားတွေက ညလုံးပေါက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်သေးကလတွေက စတင်ပြီး တဖြည်းဖြည်း အဖြစ်များလာနေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်လို့ တချို့ကိစ္စတွေမှာ အာဏာပိုင်တွေဖက်ကနေ အလုပ်သမားဖက်က ရပ်တည်ပေးခြင်းမရှိဘူးဆိုတဲ့အမြင်မျိုး အလုပ်သမားတွေကြား ထွက်ပေါ်နေတယ်လို့ အလုပ်သမားတဦးဖြစ်သူ ကိုမင်းမင်းက ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ အာဏာပိုင်တွေကို ပြောချင်တယ်။ ဘာကိစ္စပြောချင်တာလည်းဆိုရင် ကျနော်တို့ အလုပ်သမားတွေက အလုပ်သမားနဲ့အညီ ဥပဒေကိုလည်း လေးလေးစားစား ကျနော်တို့ လုပ်ခဲ့တယ်။ လုပ်ဆောင်ခဲ့တယ်။ အဲ့ဒီဟာကို ကျနော်တို့က ကျနော်တို့ကို အသိအမှတ်လည်း မပြုပေးဘူး။ အလုပ်ရှင်တွေဘက်က ကျနော်တို့ အလုပ်သမားဥပဒေကို ချိုးဖောက်တာကျတော့ အရေးမယူဘူး။ ကျနော်တို့ အလုပ်သမားတွေ ဒီအလုပ်သမားဥပဒေကို ချိုးဖောက်ရင်ကျတော့ အရေးယူခံရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အဓိက နိုင်ငံတော်ကို ကျနော်တို့က ပြောချင်တာက ဘယ်လိုပြောမလဲ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ဟာတွေကိုက အဲ့ဒါတွေကို ပြန်စဉ်းစားစေချင်တယ်ပေါ့။ တရားဥပဒေစိုးမိုးရေး ဆိုတာကလည်း တနေရာတည်းမှာကို မစိုးမိုးပါနဲ့။ တနိုင်ငံလုံး တပြည်လုံးမှာ တကမ္ဘာလုံးကို စိုးမိုးစေချင်ပါတယ်။”

အခု ဆန္ဒပြနေကြတဲ့ ဟုန်ရှင်း အအေးခန်းစက်ရုံမှာ အလုပ်သမား ၂၀၀ လောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG