သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက် စတင်လက်ခံ


အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ရွှေ့ပြောင်း အခြေချနေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် ကံစမ်းမဲ အစီအစဉ်အတွက် လျှောက်လွှာတွေကို စတင် လက်ခံတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးကလည်း ရန်ကုန်မြို့မှာ ဟောပြော ရှင်းလင်းပွဲတွေ လုပ်ပေးသွားဖို့ ရှိပါတယ်။ ဒီအကြောင်း အသေးစိတ် အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

DV ဗီဇာလို့ လူသိများကြတဲ့ အမေရိကန်နိုင်ငံမှာ တရားဝင် ရွှေ့ပြောင်း အခြေချနေထိုင်ဖို့ ပြည်ဝင်ခွင့် ကံစမ်းမဲ အစီအစဉ်ရဲ့ ၂၀၁၅ ခုနှစ်အတွက် လျှောက်လွှာတွေကို မြန်မာစံတော်ချိန် အောက်တိုဘာလ ၁ ရက်၊ ည ၁၀ နာရီခွဲကစပြီး လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ လျှောက်လွှာပိတ်မယ့် ရက်နဲ့အချိန်က မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက်၊ ည ၁၀ နာရီခွဲတိတိ အချိန်မှာဖြစ်တာကြောင့် စုစုပေါင်း တစ်လပဲ အချိန်ရမှာပါ။

အခု ၂၀၁၅ ဘဏ္ဍာနှစ်အတွက် DV ကံစမ်းမဲပေါင်း ၅၀,၀၀၀ အတွက် မဲဖောက်ပေးသွားမှာဖြစ်ပြီးတော့ ဒီ DV အစီအစဉ်မှာ လျှောက်ထားတဲ့အတွက် အခကြေးငွေ လုံး၀ ပေးစရာမလိုပါဘူး။

လျှောက်ထားသူတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း တိတိကျကျ အမှားအယွင်းမရှိစေဘဲ ဖြည့်စွက် လျှောက်ထားကြရမှာဖြစ်ပြီးတော့ သတ်မှတ်ကာလအတွင်း အင်တာနက်အွန်လိုင်းပေါ်မှာပဲ လျှောက်လွှာကို ဖြည့်သွင်း လျှောက်ထားကြရမှာပါ။ လျှောက်လွှာကို သီးခြား စာရွက်နဲ့ ရမှာမဟုတ်သလို စာတိုက်ကနေပို့ပြီး လျှောက်ထားလို့လည်း မရပါဘူး။

တကယ်ကတော့ DV ကံစမ်းမဲကို ကမ္ဘာပေါ်က နိုင်ငံတိုင်း လျှောက်ခွင့်ရတာမဟုတ်ဘဲ မြန်မာနိုင်ငံကတော့ အာရှတိုက်က လျှောက်ခွင့်ရတဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ဟာ လျှောက်ထားခွင့်ရဖို့အတွက် အဓိကကျတဲ့ အချက်ကြီး နှစ်ချက် ထဲမှာ ပထမအချက်ဖြစ်ပါတယ်။

နောက် အဓိကကျတဲ့ အချက်တစ်ချက်ကတော့ အထက်တန်းပညာရေးကို ပြီးဆုံးအောင် သင်ယူထားတာ ဒါမှမဟုတ် လွန်ခဲ့တဲ့ငါးနှစ်အတွင်း နှစ်နှစ်ကြာ သင်တန်းတစ်ခုတက်ရောက်ထားတဲ့ သို့မဟုတ် လုပ်ငန်းခွင် အတွေ့အကြုံလိုအပ်တဲ့ အလုပ်အကိုင်တစ်ခုခုမှာ လုပ်သက် နှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရမယ် ဆိုတာပါပဲ။ ဒီနှစ်ချက်နဲ့မှ မကိုက်ညီသူတွေအနေနဲ့ လျှောက်ထားဖို့ရာ အကျူံးဝင်မှာမဟုတ်ပါဘူး။

၂၀၁၅ DV ကံစမ်းမဲအစီအစဉ်အတွက် အွန်လိုင်းကနေ လျှောက်ထားတဲ့နေရာမှာ ပိုပြီးတော့ သိရှိနားလည်စေဖို့ဆိုပြီး ရန်ကုန် မြို့၊ အမေရိကန်သံရုံးက ရန်ကုန်မြို့မှာ ဟောပြောပွဲ သုံးကြိမ် ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့လုပ်မယ့် အဲဒီဟောပြောပွဲတွေကို ဘယ်သူမဆို တက်ရောက် နားထောင်နိုင်ပါတယ်။

ပထမအကြိမ် ဟောပြောပွဲကို စက်တင်ဘာလ ၂၇ ရက်၊ သောကြာနေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ YMCA ရုံး၊ ပဉ္စသိက္င်္ခိ ခန်းမ၊ ဒုတိယအကြိမ် ဟောပြောပွဲကို အောက်တိုဘာလ ၃ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ American Center၊ တတိယအကြိမ်ဟောပြောပွဲကို အောက်တိုဘာလ ၁၀ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ ယုဒသန်ခန်းမတို့မှာ အသီးသီး လုပ်သွားမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန် ကြေညာထားပါတယ်။

ဟောပြောပွဲတွေအတွင်း DV ကံစမ်းမဲကို ဘယ်လိုလျှောက်ရမယ်၊ မဲပေါက်ရင် ဘာတွေ ဆက်လုပ်ရမယ်ဆိုတာကို ကောင်စစ် ဌာနအရာရှိက ရှင်းပြသွားမှာဖြစ်ပြီး ယေဘုယျမေးခွန်းတွေကိုလည်း ဖြေကြားပေးမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒီဟောပြောပွဲတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတယ်ဆိုရင် ကောင်စစ်ဌာနရဲ့ အီးမေးလိပ်စာ ConsularRangoon@State.gov ဆီ အီးမေးလ်ပို့ပြီး စုံစမ်းနိုင်ပါတယ်။

အွန်လိုင်း DV လျှောက်လွှာ DS-5501 ကို www.dvlottery.state.gov ဆိုတဲ့ အင်တာနက်စာမျက်နှာမှာ ဖြည့်စွက် လျှောက်ထားနိုင်ပါတယ်။ ဒီနေရာမှာ အထူးသတိပြုဖို့လိုတာက အမေရိကန်အစိုးရရဲ့ တရားဝင်စာမျက်နှာသဖွယ် အတုလုပ် ထားတဲ့ အင်တာနက်စာမျက်နှာတွေဖြစ်ပါတယ်။

ဒါ့အပြင် တချို့သောကုမ္ပဏီတွေဟာ အမေရိကန်အစိုးရအဖြစ် ဟန်ဆောင် လိမ်လည်ပြီး DV ကံစမ်းမဲလျှောက်လွှာကို ဖြည့်ဖို့ အခကြေးငွေ တောင်းယူ လုပ်ဆောင်ကြတာတွေလည်းရှိတာမို့ အထူး သတိ ထားဖို့လိုပါတယ်။ ထပ်ပြီး အခိုင်အမာ အသိပေးချင်တာကတော့ DV ကံစမ်းမဲလျှောက်လွှာကို အွန်လိုင်းကနေ ရယူ လျှောက်ထားဖို့ အခကြေးငွေ လုံး၀ ပေးစရာမလိုဘူးဆိုတာပါပဲ။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ DV ကံစမ်းမဲအစီအစဉ်နဲ့ဆိုင်တဲ့ အင်တာနက်စာမျက်နှာမှာ နောက်ဆုံးတင်ထားတဲ့ ကိန်း ဂဏန်းတွေအရ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ကံစမ်းမဲ လျှောက်လွှာပေါင်း ၂၆,၀၆၀ လက်ခံရရှိခဲ့ပြီး အဲဒီထဲမှာ အိမ်ထောင်ဖက်နဲ့ သားသမီးအရေအတွက်က ၁၈,၃၄၇ ဦး ပါဝင်ပါတယ်။

ဒါကြောင့် လျှောက်ထားသူ စုစုပေါင်း ၄၄,၄၀၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ် ကနဦး ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံကနေ ကံစမ်းမဲပေါက်တဲ့သူပေါင်း ၁၉၇ ဦးရှိပြီး ၂၀၀၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ဆယ်နှစ်တာကာလအတွင်း ကံစမ်းမဲပေါက်သူအရေအတွက် ၂,၄၉၅ ဦး ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ DV ကံစမ်းမဲအစီအစဉ်ဆိုင်ရာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

၂၀၁၅ DV Lottery နဲ့သက်ဆိုင်သည် Links များ
www.dvlottery.state.gov
http://travel.state.gov/pdf/DV_2015_Instructions.pdf

အသေးစိတ်သိလိုတယ်ဆိုရင် ကောင်စစ်ဌာနရဲ့ အီးမေးလိပ်စာ ConsularRangoon@State.gov ဆီ အီးမေးလ်ပို့ပြီး စုံစမ်းနိုင်ပါတယ်။
XS
SM
MD
LG