သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ၂၀၁၄ ဥက္ကဋ္ဌ


အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် တရားဝင်လွှဲပြောင်းလက်ခံယူဖို့ ဘရူနိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတဦးသိန်းစိန် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်) ၈ ရက် ၁၀ လ ၂၀၁၃။
အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် တရားဝင်လွှဲပြောင်းလက်ခံယူဖို့ ဘရူနိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာသမ္မတဦးသိန်းစိန် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်) ၈ ရက် ၁၀ လ ၂၀၁၃။
ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ကို တရားဝင် လက်ခံရယူမယ့် အစီအစဉ်တရပ်လည်း ပါဝင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထိပ်သီးအစည်းအဝေး တက်ရောက်ပြီးတော့ မိန့်ခွန်းပြောကြားပြီး ဥက္ကဋ္ဌတာဝန်ကို တရားဝင် လွှဲပြောင်း ရယူမှာပါ။

အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အချိန်ယူပြီး ပြင်ဆင်ထားခဲ့တယ်လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

ဘရူနိုင်းနိုင်ငံမှာ မနက်ဖြန် အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်မယ့် ၂၃ ကြိမ်မြောက် အာဆီယံ အရှေ့တောင်အာရှ ၁၀ နိုင်ငံက ခေါင်းဆောင်တွေရဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌတာဝန်ကို ယူတော့မယ့် မြန်မာနိုင်ငံအနေနဲ့ တရားဝင်လက်ခံတဲ့ အခမ်းအနားလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ထိပ်သီးစည်းဝေးပွဲ ပိတ်ပွဲနေ့မှာ မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လက်ခံတဲ့ မိန့်ခွန်းကို သမ္မတ ဦးသိန်းစိန်က ပြောကြားပြီး၊ မြန်မာအစိုးရဘက်က ပြင်ဆင်ထားတဲ့ ရာထူးလက်ခံ ဗွီဒီယိုအခွေတခုလည်း ပြသသွားမှာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ဗွီအိုအေကို ပြောပါတယ်။

“အခု ဒီအစည်းအဝေး၊ ဘရူနိုင်း အစည်းအဝေးကတော့ ဟိုဟာပေါ့ မြန်မာနိုင်ငံကနေ ပြီးတော့မှ Chairmanship (ဥက္ကဋ္ဌတာဝန်) ကို လက်ခံယူမယ့် အခမ်းအနား ပါပါမယ်။ Closing (အပိတ်) မှာလေ။ ဆိုတဲ့အခါကျတော့ ကျနော်တို့ကတော့ မြန်မာနိုင်ငံက လက်ခံမယ့်ဟာနဲ့ ပတ်သက်ပြီးတော့မှ ဗွီဒီယို Clip ပေါ့နော်၊ အဲဒီ Presentation ပြင်ဆင်သွားပါတယ်။ နောက်တခါကျတော့ သမ္မတကြီးကနေ ပြီးတော့မှ လက်ခံတဲ့မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ အသေးစိတ် လွဲှပြောင်းဖို့နဲ့ ပတ်သက်လို့တော့ ကျနော်တို့ဆီက အဆင့်မြင့် အရာရှိကြီးက အဲဒီမှာ တစ်ရက်လောက် ဆက်ပြီး နေပါ့မယ်။ နေပြီးတော့မှ ဘရူနိုင်းနဲ့ အလွဲှအပြောင်း ကိစ္စတွေကို အသေးစိတ် လုပ်ပါမယ်။ သမ္မတကြီးကတော့ အခမ်းအနားမှာပဲ တက်ပြီးတဲ့ အခါကျတော့ လက်ခံတဲ့မိန့်ခွန်း ပြောမယ်။ နောက်ပြီးတဲ့ အခါကျလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံက ပြုစုထားတဲ့ ဗွီဒီယို Clip ပေါ့နော်၊ Welcome to Myanmar ဆိုတဲ့ အဲဒီ ဗွီဒီယို Clip ကို ကျနော်တို့ ပြပါမယ်။ အဲဒီ ၂ ခုပေါ့။”

ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်လာပြီး ၁၆ နှစ်ကြာမှ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပထမဆုံးအကြိမ်အဖြစ် လက်ခံ ရယူတာလည်း ဖြစ်ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူတဲ့ တိုင်းပြည်တွေအနေနဲ့ သူတို့ တာဝန်ယူတဲ့ ၁ နှစ်တာကာလအတွင်း ထိပ်သီးစည်းဝေးပွဲ ၂ ခုအပါအဝင် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ၊ အာဆီယံ အပေါင်း ၃ ထိပ်သီးစည်းဝေးပွဲ၊ အာဆီယံအဖွဲ့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေနဲ့ ထိပ်သီးစည်းဝေးပွဲတွေ ကျင်းပတာတွေအပြင် ကုလသမဂ္ဂနဲ့ တခြား ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အစည်းအဝေးပေါင်း ၁၁ ခုလောက်ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရတာကြောင့် အဲဒီစည်းဝေးပွဲတွေမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကြိုတင် ညှိနှိုင်းမှုတွေကို အခုကတည်းက လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် ၂၃ ကြိမ်မြောက် အာဆီယံထိပ်သီး စည်းဝေးပွဲတွေအတွင်းမှာလည်း အလားတူ အစည်းအဝေးပွဲမျိုးတွေကို လက်ခံ ကျင်းပရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး အခုလို လက်ခံရယူနိုင်ဖို့အတွက် ၂ နှစ်လောက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဦးအောင်ထူးက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီဟာကို ယူဖို့ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျနော်တို့ ကြိုတင်ပြီးတော့မှ ပြင်ဆင်နေတာပါ။ အဲဒီတော့ အဆင်သင့်ဖြစ်တယ်၊ မဖြစ်တယ် ဆိုတာကတော့ ဒီရလဒ်ပေါ်မှာ မူတည်ပြီးတော့ပဲ ကြည့်လို့ ရမှာပါ။ ဒါပေမဲ့လည်း ကျနော်တို့ ဘက်ကတော့ အစွမ်းကုန် ပြင်ဆင်ထားပါတယ်။”

အလှည့်ကျဥက္ကဋ္ဌ ရာထူးလက်ခံတဲ့ မြန်မာနိုင်ငံရဲ့ ဆောင်ပုဒ်ကိုလည်း ဘရူနိုင်းနိုင်ငံမှာပဲ တပါတည်း အသိပေး အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တာဝန်ယူတဲ့ နေရာကတော့ အဓိကကတော့ ကျနော်တို့ဘက်က Priorities တွေပေါ့နော်၊ ဦးစားပေးမှု ဘာတွေ လုပ်မလဲဆိုတာ ကျနော်တို့ ပြောဖို့ရှိမှာပေ့ါနော်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ ဒီ ၂၀၁၄ မှာ Theme ပေါ့နော်၊ ဆောင်ပုဒ်ပေါ့နော်၊ အဲဒါကို ကျနော်တို့ အနေနဲ့ အသိပေးဖို့ ရှိပါလိမ့်မယ်။”

အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် မြန်မာနိုင်ငံရဲ့ ဆောင်ပုဒ်ကတော့ Moving forward in unity to a peaceful and prosperous community ကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းသော အသိုက်အဝန်းဆီသို့ တူညီစွာ တက်လှမ်းကြပါစို့ ဆိုတဲ့ ဆောင်ပုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လွှဲပြောင်း ရယူရေးကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ် ကြိုတင် ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးအောင်လင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘရူနိုင်း နိုင်ငံကို အောက်တိုဘာလ ၆ ရက်နေ့ကတည်း ရောက်ရှိသွားပြီး ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကို အမေရိကန်သမ္မတ ဘာရတ် အိုဘားမား မူလက တက်ရောက်ဖို့ စီစဉ်ထားပေမယ့်လည်း မမျှော်လင့်ဘဲ အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့တာကြောင့် သူ့ရဲ့ အဲဒီခရီးစဉ်ကို ဖျက်လိုက်ရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်ဖို့ ရှိနေတာကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG