သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကိုယ်စား ဝန်ကြီး Kerry အာဆီယံညီလာခံ ဦးဆောင်တက်ရောက်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ အခုကျင်းပနေတဲ့ အာဆီယံ အရှေ့တောင်အာရှ ထိပ်သီးညီလာခံကို မတတ်ရောက်နိုင်တာကြောင့်၊ အခုနှစ်ဆန်းပိုင်းတုန်းက သူ့အနေနဲ့ ကတိကဝတ် ပေးထားတဲ့ကိစ္စတခုကို ပြီးပြတ်အောင် မလုပ်နိုင်တော့ပါဘူး။

ဒါကတော့ တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်နေတဲ့ ပင်လယ်ရေကြောင်း ပိုင်နက်ဆိုင်ရာ အငြင်းပွား တင်းမာမှုတွေကို တတ်နိုင်သမျှ လျော့နည်းနိုင်သမျှ နည်းသွားအောင် လုပ်ဖို့ တရုတ်နိုင်ငံနဲ့ အာဆီယံအကြားမှာ ပဋိပက္ခဖြေရှင်းရေး ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတရပ် ထားရှိဖို့ ခေါင်းဆောင်တွေကို တိုက်တွန်း ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စပါ။

ဒါပေမဲ့ သမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အာဆီယံ အစည်းအဝေးကို တတ်ရောက်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ ဗွီအိုအေ သတင်းထောက် Steve Herman ဘရူနိုင်းနိုင်ငံကနေ သတင်းရေးသား ပေးပို့ထားချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အာဆီယံ ထိပ်သီးစည်းဝေးပွဲ အတွင်းမှာတော့ သမ္မတ အိုဘားမားအနေနဲ့ ဒီအစည်းအဝေး မတက်ရောက်နိုင်တဲ့အပေါ်မှာ သူ့အနေနဲ့ တောင်းပန်မှုကို နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က အာဆီယံခေါင်းဆောင်တွေကို စကားပါးခဲ့ပါတယ်။

APEC အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံနဲ့ အာဆီယံ ထိပ်သီးညီလာခံတွေကို သမ္မတ အိုဘားမား တက်မလာနိုင်တာကြောင့် အာရှ ပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ ပိုင်းဖြတ်ပြောဆိုမှုတွေအပေါ် အာရှမှာ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။

အမေရိကန် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းနေရတဲ့ အခြေအနေကြောင့် သမ္မတ မလာရောက်နိုင်တာကို သဘောပေါက် နားလည်ကြလိမ့်မယ်လို့ မစ္စတာ ကယ်ရီ က အာဆီယံခေါင်းဆောင်တွေကို မနေ့က ပြောခဲ့ပါတယ်။

“အခု ဝါရှင်တန်ဒီစီမှာ ကြုံနေရတဲ့ အခြေအနေ ဖြစ်ရပ်တွေဟာ နိုင်ငံရေးမှာ အခိုက်အတန့် သဘောဖြစ်ပါတယ်။ ဒီထက်မပိုပါဘူး။”

သမ္မတ အိုဘားမား အရင်စီစဉ်ထားတဲ့အတိုင်း နိုင်ငံအကြီးအကဲတိုင်းနဲ့ မစ္စတာ ကယ်ရီအနေနဲ့ တွေ့ဆုံနေပါတယ်လို့ မစ္စတာ ကယ်ရီနဲ့အတူ ပါသွားတဲ့ အကြီးတန်း အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။ ဒါ့အပြင် မစ္စတာ ကယ်ရီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာ အာဆီယံနဲ့ အမေရိကန်အကြား ညှိနှိုင်းရေးမှူးအနေနဲ့ ဆောင်ရွက်ပေးတဲ့အပေါ်မှာ မြန်မာအစိုးရနဲ့ သမ္မတ ဦးသိန်းစိန်းတို့ကို ကျေးဇူးတင်တဲ့အကြောင်း မနေ့က အစည်းအဝေးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူတဲ့အခါမှာ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေး ကောင်းမွန် တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း မစ္စတာ ကယ်ရီ က ပြောခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲ အခြေအနေတွေအပေါ်မှာလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်ဝင်တစားရှိတဲ့အကြောင်း အာဆီယံ ထိပ်သီး ညီလာခံ အပြင်ပန်းမှာလုပ်တဲ့ အာဆီယံ လူငယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပွဲမှာ မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး။ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ ဆက်ဖြစ်လာဖို့ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ မြန်မာနိုင်ငံမှာ တဖြေးဖြေးနဲ့တော့ ဒီမိုကရေစီ လမ်းပေါ်ရောက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဌ ရာထူးအတွက် ဒီကနေ့မှာ သမ္မတ ဦးသိန်းစိန်ကနေ တရားဝင် လက်ခံယူဖို့ ရှိနေပါတယ်။ ဒေသတွင်းမှာတော့ တောင်တရုတ် ပင်လယ်ပြင်မှာရှိနေတဲ့ ပဋိပက္ခတွေကို နည်းနိုင်သမျှ လျော့နည်းသွားအောင်လို့ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတရပ် ခိုင်ခိုင်မာမာ ရှိလာစေဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က ကြိုးပမ်း ဆောင်ရွက်နေတာတွေကို အိုဘားမားအစိုးရက ထောက်ခံမှု ပေးထားပါတယ်။

တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာရေး၊ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်၊ ဥပဒေနဲ့အညီ ကူးသန်းရောင်ဝယ်ခွင့်တွေ အနှောင့်အယှက် မဖြစ်ဖို့ အခြေခံမူတွေအပေါ်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေး တိုက်တွန်းတာတွေကို အမေရိကန်နဲ့ အာဆီယံအကြား ဆွေးနွေးပွဲတွေတိုင်းမှာ ပြောဆိုဖို့ရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတွေက ပြောပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ အာဆီယံနဲ့ တရုတ်အာဏာပိုင်တွေအကြား ဒီကိစ္စအပေါ် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်သွားမှာပါ။ နှစ်ဘက်စလုံးက အားစိုက် လုပ်ကြတဲ့အခါမှာ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဒါဟာ အရေးပါတယ်ဆိုတာ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ အာဆီယံအတွက်တင် မဟုတ်ပါဘူး။ တရုတ်အပါအဝင် ဒေသတွင်းက နိုင်ငံအားလုံးအတွက်ပါ။ ဒီလို သဘောပေါက်မယ်ဆိုရင် ခိုင်မာတဲ့ အဖြေရလဒ် တခုခု ထွက်လာမှာပါ။”

တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း တောင်တရုတ် ပင်လယ်ပြင်ဒေသ ငြိမ်းချမ်းရေးဟာ အားလုံးအတွက် ဖြစ်စေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပင်လယ်ရေကြောင်းဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ပြဿနာဖြစ်တဲ့
နှစ်နိုင်ငံအကြား ဖြေရှင်းသွားမယ်လို့ ရည်ညွှန်းပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ဒေသ နေရာအတော်များများဟာ သူတို့ပိုင်တယ်လို့ တရုတ်က ပြောနေတာပါ။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကလည်း ရေပိုင်နက် အချို့နေရာကို သူတို့ပိုင်တယ်လို့ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG