သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမီးလေးဒုက္ခသည်တွေ ထပ်ပြီးပြောင်းရွှေ့ခိုင်း


သမီးကလေးကျေးရွာ ကိုယ်ထူကိုယ်ထဆေးခန်းအား ဖြိုဖျက်စဉ်။ (ဓာတ်ပုံကို ဦးကျော်လွင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူပါသည်။)
သမီးကလေးကျေးရွာ ကိုယ်ထူကိုယ်ထဆေးခန်းအား ဖြိုဖျက်စဉ်။ (ဓာတ်ပုံကို ဦးကျော်လွင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူပါသည်။)
ပဲခူးတိုင်း၊ အောင်သိန္ဒိကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာက ဒုက္ခသည် ၅၀၀ ကျော်ကို ပဲခူးတိုင်းအတွင်းက အာဏာပိုင်တွေက မတ်လ ၉ ရက်နေ့မှာ ဖယ်ရှားပေးရမယ်လို့ သတိပေးလာပါတယ်။ ဒီဒုက္ခသည်တွေဟာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအပါအဝင် အနီးက ကျေးရွာ ၇ ခုကဖြစ်ပြီး သူတို့ရဲ့အိမ်တွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့နောက်ပိုင်းကစပြီး တပ်မြေကျူးကျော်သူတွေဆိုပြီး ဖယ်ရှားခံရပြီးတဲ့နောက် ဒုက္ခသည်တော်တော်များများဟာ အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ သွားရောက်ခိုလှုံနေကြတာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကစပြီး စစ်တပ်မြေကျုးကျော်တယ်ဆိုပြီး အိမ်တွေဖျက်ဆီးခံလိုက်ရတဲ့ သမီးကလေး၊ အုတ်ဖို၊ အင်းမတီး စတဲ့ကျေးရွာ ၇ ရွာလောက်က ဒုက္ခသည်တွေဟာ အနီးတဝိုက်က ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်နေရသလို တချို့ကတော့ တောတောင်ထဲမှာ နေထိုင် နေကြရတာပါ။ အခုအခါမှာတော့သမီးကလေးကျေးရွာသားတွေကို ပဲခူးတိုင်းအာဏာပိုင်တွေက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေ ဖယ်ရှားပေးရမယ်လို့ လာရောက်ပြောဆိုခဲ့ကြောင်း သမီးကလေးကျေးရွာရဲ့ဆရာတော် ဦးအာစရကမိန့်ပါတယ်။

“၉ ရက်နေ့ကို အပြီးဖယ်ရှားပေးရမယ်လို့ မနက်ကတုန်းက ပဲခူးဘက်က အုပ်ချုပ်ရေးမှူးတွေ လာပြီး ပြောသွားပါတယ်။ ရွက်ဖျင်တဲလေးတွေ ထိုးထားတဲ့ဥစ္စာတွေကိုတော့ ဖယ်ပြီးတော့ အောင်သိဒ္ဓိ ဓမ္မရုံလေးထဲမှာ၊ ကျောင်းတွေထဲမှာ အကုန်ထည့်ထားရတယ်။ သူက ၉ ရက်နေ့ကို ကျန်တဲ့ ကျောင်းထဲကဟာတွေပါ အကုန်လုံးဖယ်ရမယ်ဆိုပြီး လာပြောသွားပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေရော၊ ဗဟို မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ဘာတွေ ပါတာပေါ့။”

မကြာသေးခင်တုန်းကတော့ ပြည်ခိုင်းဖြိုးပါတီ၊ ရနု်ကုန်တိုင်းဒေသကြီးကပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းလာရောက်ခဲ့ပြီး သမီးကလေးကျေးရွာအတွက် မြေအစားေပေးဖို့ ပြည်ခိုင်ဖြိုးပါတီကလှူဒါန်းမယ်လို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအစီစဉ်ဟာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲရဲ့အစီအစဉ်သာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရန်ကုန်းတိုင်းအစိုးရအဖွဲ့က စီစဉ်ထားတဲ့နေရာကတော့ လှည်ကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဝါးယာကုန်းကျေးရွာအနီးမှာဖြစ်ကြောင်း VOA က ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေကို ထားမယ့်အခြေအနေနဲ့ပတ်သက်လို့ ပြောင်းရွှေ့ရေး၊ နေရေးထိုင်ရေးကိစ္စတွေကိုတော့ ဘယ်သူမှ လာရောက်စီစဉ်ပေးတာ မရှိသေးသလို ဝါးယားကုန်းကျေးရွာဘက်မှာလည်း ဒုက္ခသည်တွေ လက်ရှိနေဖို့က အခက်အခဲတွေ ရှိနေတယ်လို့ ဆရာတော်ဦးအာစရက မိန့်ပါတယ်။

“ဝါးယားကုန်းမှာတော့ နေဖို့ထိုင်ဖို့ အစီအစဉ်ပြောတယ် သူတို့ကတော့၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်က အဲလိုပြောတယ်။ ဝါးယားကုန်းမှာကျတော့လည်း ဘာအဆောက်အဦးမှ မရှိသေးဘူး။ နေရာထိုင်ခင်းက ဘာမှ ချရသေးတာ မဟုတ်ဘဲနဲ့ မနက်ဖြန် သွားရမယ်၊ လာရမယ်ဆိုတော့ လူတွေ ဘယ်နေရာသွားနေကြမလဲ၊ နေကလည်း ပြင်းနေပြီလေ။ ဟိုမှာလည်း မနေ့ကမှ သွားကြည့်တဲ့လူတွေက လယ်ကွင်းပြောင်တွေချည့်ပဲ ရှိသေးတယ်။ ဘာအဆောက်အဦးမှလည်းမရှိဘူး။ ဘာရေမှလည်း မရှိသေးဘူး။ ပြောင်းရမယ့်နေရာကလည်း နီးနီးမဟုတ်ဘူး။ မိုင် ၃၀ နီးပါးလောက်ရှိတယ်။ ဒီ ဒုက္ခသည်စခန်းကနေလေ။”

ရွာတွေကဖယ်ရှားခိုင်းရုံသာမက လမ်းဘေးတွေမှာ ရေနဲ့နီးတဲ့နေရာလေးတွေမှာ ဝါးလေးတွေနဲ့ လေးတိုင်စင်လေးတွေ ဆောက်လုပ် နေထိုင် နေရတဲ့လူထုတွေကို ဖယ်ရှားခိုင်းနေမှုတွေကတော့ မဖြစ်သင့်ဘူးလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မြန်မာလူမှုဘဝ တိုးတက်ဖွံ့ဖြိုးမှုကွန်ယက်က ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ဆိုပါတယ်။

“ဝါးလေး လေးချောင်းထောင်ထားပြီးတော့ တာလပတ်ကို လေးထောင့်ချည်ထားပြီး နေနေကြတာပါ။ ဘာမှ တခြား ဒုက္ခမရှိပါဘူး။ အဲဒါကိုပါ ဖယ်ခိုင်းတယ်ဆိုတော့ တော်တော်လေးကို လူမဆန်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်ဗျ။”

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဆင်းရဲမွဲတေမှုတွေ လျှော့ချနိုင်ဖို့ ကျေးရွာဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေပေမယ့် ထင်သလောက် ခရီးမပေါက်ဘဲ ဆင်းရဲသားတွေအတွက်ကတော့ နေထိုင်လက်စ အဆောက်အဦးတွေကအစ ကျုးကျော်ဆိုပြီးဖယ်ရှားခံနေရတာပါ။ သမီးကလေးကျေးရွာ၊ အင်းပတီးကျေးရွာတွေဟာ နှစ်ရှည်လများ အခြေတကျတည်ရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး အုပ်ချုပ်ရေးရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးပေးခန်းတွေပါ ရှိနေကြတာပါ။

အင်းပတီးရွာကတော့ နယ်မြေခံ စစ်တပ်တွေရောက်လာပြိး နောက် သူတို့မြေတွေသိမ်း၊ ရာဘာပင်တွေစိုက်ခဲ့ပြီး ရွာသားတွေကို နေ့စားသမားတွေအဖြစ် ခိုင်းစေခဲ့ကြောင်း နောက်ပိုင်းမှာတော့ ရွာသားတွေဟာ စစ်တပ်မြေပေါ်မှာ ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ရန်ကုန်တိုင်းအတွင်းမှာပဲ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖျက်ဆီးခံရတဲ့ အိမ်ခြေပေါင်းဟာ ထောင်နဲ့ချီရှိနေပြီဖြစ်သလို နေထိုင်စရာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့လူဦးရေဟာလည်း သောင်းဂဏန်း လောက်ရှိနေပြီဖြစ်ပါတယ်။ အခုလို ကျူးကျော်နေထိုင်သူတွေနဲ့ မြေယာမဲ့ဖြစ်ရတဲ့ လူထုတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာတော့ အစိုးရအနေနဲ့ မြေယာမဲ့ အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းနဲ့အညီ နေရာချထားဖို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့သလို ဥပဒေမဲ့ တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကိုလည်း အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG