သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးဘာသာ သာသနာ နဲ့ နိုင်ငံတော်တည်ဆောက်ရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) အတည်ပြုပြဌာန်းရေး ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်နေတဲ့ လှုပ်ရှားမှုတွေ ယုံကြည်ခံယူချက်ဆိုင်ရာတို့ကို ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် မဟာဌာနမှုူး ပါမောက္ခ ဒေါက်တာဓမ္မပီယ ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတော်ဘုရား တပည်တော် ပထမဦးဆုံး လျှောက်ထားလိုတာကတော့ တပည်တော်က သတင်းသမားအနေနဲ့ မေးရမှာ ဖြစ်ပါတယ်။ အင်မတန်လေးနက်တဲ့ ဘာသာရေး၊ သာသနာရေးကိစ္စကို မေးမှာဖြစ်ပါတယ်ဆိုတော့ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ တပည်တော်ကို ခွင့်လွှတ်ပြီးတော့ ဖြေကြားပေးပါလို့ တောင်းပန်ချင်ပါတယ်။

ဒေါက်တာဓမ္မပီယ ။ ။ တတ်နိုင်သမျှတော့ ဖြေကြားပေးပါမယ် ဒကာကြီး။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက မြန်မာနိုင်ငံမှာ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းဆိုတာနဲ့ ပတ်သက်ပြီးတော့ အဲဒီအထဲမှာ ကိုးကွယ်ရာဘာသာဆိုတာကို အဓိပ္ပါယ်ဖွင့်ထားတာ တွေ့ရပါတယ်။ ဒါဟာ တော်တော်ထူးဆန်းတဲ့ ဥပဒေမူကြမ်းတခု ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကိုယ်ယုံကြည်ရာအလိုက် စွဲယူကိုးကွယ်သော ဘာသာကို ဆိုလိုသည်ဆိုတော့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် စသဖြင့်ဆိုတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုးကွယ်မှုဆိုတာနဲ့ ပတ်သက်ပြီးတော့ သူတို့ ရှင်းရှင်းလင်းလင်း မပြောထားတော့ အတော်လေး နားလည်းရခက်တယ်လို့ ထင်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဆိုတာဟာ ကိုယ်က ယုံကြည်မှုဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုအတိုင်း ကျင့်ကြံတယ်။ ဓမ္မကို လိုက်နာကျင့်ကြံတာကို ဆိုတယ်လို့ တပည်တော် နားလည်းပါတယ်။ ဒီမှာ ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်က လုံလောက်ပါရဲ့လား ဘုရား။

ဒေါက်တာဓမ္မပီယ ။ ။ ဒီလိုတော့ရှိတယ်။ ဘုန်းဘုန်းတို့က traditional ရိုးရာအရ ပြန်ဆိုတာနဲ့၊ philosophical ရှုထောင့်က ပြန်ဆိုတာ ဒီလိုတော့ ကွဲတာပေါ့။ ယေဘုံယျအားဖြင့် ပြန်တာကတော့ ကိုးကွယ်ရာဘာသာဆိုရင် မိမိကိုးကွယ်တဲ့ဘာသာပေါ့။ အဲဒီမှာ ကိုးကွယ်ခြင်းဆိုတဲ့နေရာမှာ ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ အဲဒီလိုမျိုးပေါ့။ ဗုဒ္ဓဘာသာလည်း ဥပမာ အကြမ်းအားဖြင့်ပြောရင် ဘုရားကို ကိုးကွယ်ပါ၏၊ တရားကို ကိုးကွယ်ပါ၏ဆိုတော့ ယေဘုယျပြောရင်တော့ ဒီသဘောပဲ သက်ရောက်တယ်။ သူက philosophical အရ၊ academic သဘောအရ၊ လေးလေးနက်နက် ဖွင့်ဆိုကြတဲ့အခါမှာဆိုရင်တော့ ဗုဒ္ဓဘာသာသည် ဘာသာမဟုတ်၊ religion မဟုတ်။ သူက the way of life ဆိုတာမျိုး ပြန်တာရှိတယ်။ ဘာသာမဟုတ်ဘူးဆိုတာ။ အဲဒီလိုမျိုး ပြောကြတာ။ ဒါကတော့ acedmic ရှုထောင့်ကဖြစ်ဖြစ်၊ philosophical ရှုထောင့်ကဖြစ်ဖြစ် ဘာသာတရားကို အဲဒီလိုမျိုးပြောတာ။ အဲဒီတော့ ဘုန်းဘုန်းအနေနဲ့ကတော့ ဗုဒ္ဓဘာသာသည် religion မဟုတ်ဘူး။ religion ဟုတ်တယ်ဆိုတာကိုတော့ ဒီနေရာမှာတော့ အလေးအနက် မပြောလိုဘူး။ အားသန်ရာကို ပြောချင်ကသည် သူတို့ ဒီလိုပြောကြတယ်လို့ ဘုန်းဘုန်း personal အနေနဲ့ ဒီလိုပဲ ယူဆထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တပည်တော် အဲဒီမေးခွန်းကို မေးရချင်အကြောင်းရင်းက လူတယောက်ဟာ ရိုးရာအားဖြင့်၊ မိရိုးဖလားအားဖြင့် ဘယ်ဘာသာစာရင်းမှာပါနေပါနေ၊ ဗုဒ္ဓရဲ့ ဓမ္မကို သက်ဝင်ယုံကြည်လို့ အဲဒီအတိုင်း လိုက်နာကျင့်ကြံပြီး နေထိုင်တယ်ဆိုရင် မှတ်ပုံတင်စရာ လိုသေးသလားဆိုတဲ့ မေးခွန်းများ ပေါ်ထွက်နေသလားလို့ပါ ဘုရား။

ဒေါက်တာဓမ္မပီယ ။ ။ သူက ဒီလိုရှိတယ် ဒကာကြီး။ ဒီမှာက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေဆိုတဲ့နေရာမှာ အကုန်လုံး စင်္ကာပူမှာလည်း ရှိပါတယ်။ သူက ဘာသာတူရင် လက်ထပ်ရင်၊ အဲဒါက issue မဟုတ်ဘူး။ ဘာသာတရားနဲ့ ဘာသာတရားတခုကို cross လုပ်တဲ့အခါ သူတို့ဆီမှာတော့ high court commission ဆိုတာရှိတယ်လို့ ဘုန်းဘုန်းတို့ သိရပါတယ်။ အခုဟာကလဲ ဘာသာမတူတဲ့သူတွေ၊ ဘာသာ cross လုပ်တဲ့အခါမှာ ပြဿနာတွေက ရှုပ်ထွေးလို့ အဲဒီလို မတူညီတဲ့ ဘာသာ (၄) ခုမှာ အများစုက ပိုပြီးတော့ သူတို့က ပေးဆပ်မှုအနေနဲ့ ရှိရသလိုရှိတော့ ဒီဘာသာဝင်၊ ဘာသာကူးပြောင်းရေး ဥပဒေဆိုင်ရာ ဖြစ်ပေါ်လာတယ်လို့ ဘုန်းကြီးက ဒီလိုပဲ ယုံကြည်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တပည်တော် တခုလျှောက်ထားချင်တာကတော့ မြတ်စွာဘုရားလက်ထက်ကရော ဗုဒ္ဓဘာသာကို မိသားစုထဲမှာ တယောက်ယောက်က ကူးပြောင်းလာခဲ့ပြီ၊ ကျန်တဲ့မိသားစုဝင်တွေ ခင်ပွန်းသည်သော်လည်းကောင်း၊ ဇနီးသည်သော်လည်းကောင်း သူတို့က Hindu ဝါဒဖြစ်ဖြစ်၊ တခြားဆရာကြီးတွေကို ဆက်လက်ကိုးကွယ်တယ်။ အဲဒီလို ကိုးကွယ်မှု၊ ကွဲပြားမှုတွေရှိခဲ့တယ်ဆိုရင် ဗုဒ္ဓလက်ထက်က ဘယ်လိုပုံစံမျိုးနဲ့ ဆုံးဖြတ်ခဲ့ပါလဲဘုရား။ ဒီလို တရားဥပဒေမျိုး ရှိခဲ့ပါသလား ဘုရား။

ဒေါက်တာဓမ္မပီယ ။ ။ အဲဒါကို အတိအကျပြောမယ်ဆိုရင် ဝိသာခါကျောင်းအမကြီးက (၇) နှစ်သမီးကတည်းက သောတပန် ဖြစ်ခဲ့တာ။ ဒါပေမဲ့ သူလက်ထက်တဲ့အခါမှာ ဘာသာမတူတဲ့ ပုဂ္ဂိုလ်နဲ့ လက်ထပ်ရတဲ့အခါမှာ ဖခင်ကြီးက အကြင်နာလည်းရှိ၊ သမီးလေးကို အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေရှိလာလို့ရှိရင် သူ့ယောက္ခမအိမ် ထည့်လိုက်ရတဲ့သမီးလေးကို အကြောင်းတစုံတရာ ရှိခဲ့လို့ရှိရင် စိတ်ထင်အတိုင်း မပြောပါနဲ့၊ စိတ်ထင်အတိုင်း မလုပ်ပါနဲ့လို့ သူနောက်မှာ ကျွန်တွေထည့်လိုက်တယ်။ အမှားအမှန်ကို ဆုံးဖြတ်နိုင်ဖို့အတွက် ပညာရှိအမတ်ကြီးတွေကို ထည့်လွှတ်လိုက်တယ်။ ဥပမာအားဖြင့် တခါမှာ ဝိသာခါက သောတပန်လည်းဖြစ်၊ သဒ္ဒါတရားနဲ့နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ အဲဒီအိမ်မှာ ဘာသာမဲ့အိမ်မှာ ဆွမ်းခံရပ်တဲ့အခါ ဝိသာခါကျောင်းအမကြီးက မြင်ရတဲ့အခါကြတော့ သူ့စိတ်ထဲမှာ မချမ်းသာဘူး။ စိတ်မချမ်းသာပေမယ့် ဆွမ်းလောင်းဖို့ မဖြစ်တဲ့အခါကြတော့ သူက အရှင်ဘုရား ကန့်တော့ဆွမ်းပါဘုရား။ တပည်တော်တို့ ယောက္ခမကြီးတွေက စားကြွင်းတွေကို စားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်ဘုရားလို့ ပြောတဲ့အခါကြတော့ ယောက္ခမတွေက စိတ်ဆိုးကြတယ်။ သူတို့ကို စားကြွင်းတွေဆိုတော့။ အဲဒီအခါမှာ ပြဿနာဖြစ်တဲ့အခါမှာ ဝိသာခါကို အိမ်ပေါ်က နှင်ချတယ် အဲဒီလို ပြောရကောင်းလားဆိုပြီးတော့။ အဲဒီအခါမှာ သူ့နောက်မှာပါတဲ့ ပညာရှင်တွေက သမီးက စားကြွင်းတွေကို စားနေတယ်ဆိုတာ ဘာကိုပြောချင်သလဲဆိုတော့ စားကြွင်းစားကျန်တွေကိုစားတယ်ဆိုတာ သူတို့က ဒီဘဝမှာတော့ ကုသိုလ်ကောင်းမှုတော့ မရှိဘူး။ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ ပါလာတာဖြစ်တဲ့အတွက်ကြောင့် အတိတ်က ကုသိုလ်တွေကို စားနေတဲ့ပုဂ္ဂိုလ်တွေပါလို့ ပြောတာဖြစ်တော့ အခုန ပညာရှင်အမတ်တွေက ဝိသာခါပြောခြင်းက အမှန်တရားကို ပြောခြင်းဖြစ်တဲ့အတွက်ကြောင့် ဒီအပြစ်နဲ့ အိမ်ပေါ်က နှင်ချလို့မရဘူးလို့ ဒီလိုမျိုးတွေရှိတယ်။ အဲဒီတော့ ဘာသာတရား ကူးပြောင်းခြင်းကြောင့် ကိုယ့်ကိုယ်ကို ဘာသာမဲ့တွေ၊ ဘာသာမတူတွေ လက်ထပ်ခြင်းကြောင့် ပြဿနာတွေက ဘုရားလက်ထက်ကတည်းက ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလဲပဲ ဆရာတော်ဘုရားက နိုင်ငံရေးနဲ့ ဗုဒ္ဓသာသနာအကြောင်း ပြောတဲ့အတွက်ကြောင့် မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီဥပဒေကြမ်း ပေါ်ပေါက်လာတာကလဲ နိုင်ငံရေးကိစ္စ အတော်လေး ပါနေတယ်ဆိုရင် မှန်ပါသလား ဘုရား။

ဒေါက်တာဓမ္မပီယ ။ ။ ဘုန်းဘုန်းအမြင်ကြတော့ လူမျိုးရေး၊ နိုင်ငံရေး၊ ရိုးရာတို့၊ ယဉ်ကျေးမှုတို့ကတော့ ဆက်နွှယ်နေတယ်လို့ထင်တယ်။ ဒါပေမဲ့ အခုနက ဘာသာကူးပြောင်းရေးဆိုင်ရာ ဥပဒေ ဖြစ်လာတာကတော့ ဆန်းတော့ဆန်းကြယ်တယ်။ ဗမာနိုင်ငံမှာ (၃) နှစ်လောက်ကစပြီးတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းလာတဲ့အခါမှာ၊ ပွင့်လင်းလာတဲ့အခါမှာ အဖွဲ့အစည်းတွေက ခေါင်းထောင်လာကြတယ်။ အဲဒီမှာ တော်တော်လေးကို ရှုပ်ထွေးသွားခဲ့တဲ့၊ ကမ္ဘာက အမြင်စောင်းသွားတဲ့ ၉၆၉။ ၉၆၉ ကလည်း သူဘာသာ ဆောင်ရွက်ကြတာပဲ။ အခု ဘာသာရေးကူးပြောင်းရေးဆိုင်ရာလည်း ဆရာတော်တွေက သူဟာသူ timing အချိန်သင့်အခါသင့် ဖြစ်လာတယ့်သဘောဖြစ်တော့ အဲဒီအခါမှာ သံဃာတော်တွေကတော့ နိုင်ငံရေးအတွက် လှုပ်ရှားတာ မဟုတ်ဘူး။ သူတို့က အမျိုးသားရေးအတွက် လှုပ်ရှားတာ။ သာသနာရေးအတွက်ဆိုတာလည်း ပါတာပေါ့။ အမျိုးသားရေးအတွက် လှုပ်ရှားတဲ့ကိစ္စက တဖတ်ကလည်း နိုင်ငံရေးတို့၊ အမျိုးသားရေးဆိုတာက စကားသင့်သလို သုံးတဲ့အခါကြတော့ ဘုန်းဘုန်းတို့က အဲဒီမှာ နဂိုတုန်းက သံဃာတော်တွေက ဥပဒေမူကြမ်းကို ထုတ်ထားတာ။ ဒီလာမယ့် ၂၁-၂၂ ဆိုရင် တနှစ်ပြည့်သွားပြီ။ (၆) လုံးလုံးက လက်မှတ်ရေးထိုးတယ်။ နိုင်ငံတော်အစိုးရကို တင်တယ်။ ဘယ်အစိုးရအဖွဲ့၊ ဘယ်အသင်းအဖွဲ့ကမှ ဒီ issue ကို မကိုင်ရဲဘူး။ မတင်ရဲဘူး ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ပြည်ခိုင်ဖြိုးကနေ ဒီ issue ကို သမ္မတကြီးက နှုတ်မိန့်ပေးပြီး၊ အဖွဲ့ဝင်တွေဖွဲ့ပြီး ပြုတဲ့အခါကြတော့ ဘေးကတော့ ပြောကြတာပေါ့ ဒါက သံဃာတော်တွေက အစိုးရလက်ကိုင်တုတ် ဖြစ်ပြီးတော့ အစိုးရက ဒီအမှုကိုဆင်တယ်လို့ ဒီလိုပဲ ပြောကြတယ်။ ဘုန်းဘုန်းတို့ အမြင်ကတော့ ဒီအစိုးရကို သို့မဟုတ် ဒီလက်ရှိ နိုင်ငံရေးကို ပံ့ပိုးပေးဖို့။ မြန်မာနိုင်ငံမှာ လူနည်းစုတွေ၊ ဗုဒ္ဓဘာသာတွေ၊ တခြားဘာသာတွေ တိုင်းပြည်အသွင်ကူးပြောင်းရေးကာလမှာ ငြိမ်းချမ်းဖို့ သိပ်လိုပါတယ်။ အခုအချိန်မှာ မငြိမ်းချမ်းဘူးဆိုရင် ထိုင်းနိုင်ငံလို ဖြစ်သွားမှာလဲ ဘုန်းကြီးတို့ သံဃာတော်တွေက ကြောက်ဝံ့၊ စိုးရိမ်ပါတယ်။ နိုင်ငံတကာက ရင်းနှီးမြုပ်နံှမယ့် ပုဂ္ဂိုလ်တွေက ဒီငြိမ်းချမ်းရေးကိုကြည့်ပြီးတော့ သတင်းတွေ နားထောင်နေပါတယ်။ အဲဒီတော့ ဘုန်းဘုန်းတို့က တိုင်းပြည်ငြိမ်းချမ်းရေးကို ပံ့ပိုးပေးတယ်လို့ ဘုန်းကြီးကတော့ အဲဒီလို မြင်တယ် ဒကာကြီး။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဒီဥပဒေက တည်ငြိမ်ရေးအတွက် ဘယ်လောက် အထောက်အကူ ဖြစ်လို့လဲ ဘုရား။ ဒီ ဥပဒေကြောင့်သာလျှင် လူ့အခွင့်အရေးသမားတွေက ပိုပြီးဝေဖန်လာကြတယ်ဆိုရင်ကော အဲဒီဖက်က မတွေးကြည့်နိုင်ဘူးလားဘုရား။ ဒီဥပဒေဟာ ဘယ်လောက်အထိ လိုအပ်ပါသလဲ ဘုရား။

ဒေါက်တာဓမ္မပီယ ။ ။ ဟိုလိုလဲ ရှိတာပေါ့။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့။ ဗမာပြည်ကို နိုင်ငံတကာသတင်းဌာနတွေက highlight လုပ်တဲ့အခါမှာ ဒီဟာကြီးပဲ highlight လုပ်တော့ ပြဿနာက ဒါပဲ အကြီးအကျယ်ဖြစ်နေတယ်လို့ထင်မှာ။ highlight လုပ်စရာ အများကြီးပါပဲဆိုတဲ့ ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်ကို အင်မတန်မြတ်နိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးတို့ဆီမှာ highlight လုပ်စရာ ဘာသာတရားကိုလည်း အခုအချိန်မှာ highlight လုပ်လို့ရတယ်။ အသွင်ကူးပြောင်းရေးမှာ နှေးကွေးနေတဲ့ ပညာရေးကို highlight လုပ်လို့ရတယ်။ အာဏာရှင်တွေရဲ့ ကျန်နေသေးတယ့် အချိန်ကြာနေသေးတဲ့အရာတွေကိုလည်း highlight လုပ်လို့ရတယ်။ ကိုယ်မကြိုက်တဲ့အရာတွေကို တိုင်းပြည်က issue လုပ်ပြီးတင်ပြနေတာကိုလည်း highlight လုပ်တယ်။ အခုအခါမှာ မောင်းတောနဲ့ ဘူးသီးတောင်ကိစ္စမှာ တဖက်က လာလာဝင်ရောက်တိုက်ခိုက်တာတွေကိုပဲ highlight လုပ်လို့ရတယ်။ အဲဒီလို highlight လုပ်ဖို့အတွက် အများကြီးရှိတဲ့အခါမှာ သံဃာတော်များက နိုင်ငံတော်အစိုးရကို သူတို့ရဲ့ အသွင်ကူးပြောင်းရေးမှာ သူတို့ကို အားပိုကောင်းအောင် ပံ့ပိုးပေးသလို ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးသမားက သံဃာတော်များအပေါ်မှာ highlight လုပ်ပြီးတော့ ပြောတယ်လို့ ဘုန်းဘုန်းကထင်တယ်။ ဘုန်းဘုန်းတို့ သံဃာတော်တွေကတော့ အေးအေးဆေးဆေးပဲ ငြိမ်းချမ်းရေးပဲ။ သူတို့ကိုလည်း ရန်မမူဘူး။ နောက်တခါ သူတို့က ပြောတော့သာ လူ့အခွင့်အရေးတို့ human rights တို့ သူတို့ပြောတာ။ ဘုန်းဘုန်းတို့ကြတော့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးကို အမြဲတမ်းကြည့်တယ်။ နှလုံးသွင်းတယ်။ နောက်တခုက ဘုန်းဘုန်းတို့က အမျိုးသားရေးဆိုတဲ့နေရာမှာ နိုင်ငံတခုရဲ့ မူလဂုဏ်သိက္ခာ၊ နိုင်ငံတခုရဲ့ မူလအနှစ်သာရ၊ နိုင်ငံတခုရဲ့ မူလတည်ထောင်ခဲ့တဲ့ အခြေအနေကို ဘုန်းဘုန်းတို့က အမြဲတမ်း စမ်းစစ်တယ်။ အခုဘာလို့လဲဆိုတော့ ဘုန်းဘုန်းတို့ပြည်နဲ့ ယိုဒယားနိုင်ငံဆို ဥပမာ ဗုဒ္ဓဘာသာအချင်းချင်း ကူညီမှုရှိတယ်။ အခုဆိုရင် သူတို့နိုင်ငံမှာ တောင်ပိုင်းမှာ ရဟန်းသံဃာများက ဆွမ်းခံသွားတဲ့အခါမှာ အစောင့်တွေနဲ့ သွားရပြီ။ နောက်တခါ ဆွမ်းခံကြွတဲ့အခါ ကျည်းကာဝတ်ပြီးတော့ သွားရတယ်ဆိုတဲ့ အဖြစ်မျိုးတွေရောက်နေတယ်။ ဘုန်းဘုန်းတို့ပြည်ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြောသင့်တဲ့အရာပြောမှ ကမ္ဘာကသိမယ်။ ပြောတဲ့အခါမှာ မိမိတို့ ရဟန်းသံဃာများရဲ့ ဒီဘာသာစကားကျွမ်းကျင်မှုနည်းတော့ ဒါကို ဥပမာဆိုပါစို့ highlight လုပ်ပြီးတော့၊ တချို့ကို စကားကို ကြိုက်သလို interpret လုပ်တာရှိတယ်။ ဥပမာ ရဟန်းတပါးကပြောတယ် အစွန်းရောက်နေတဲ့အရာတွေကို သဘောမတူနိုင်ဘူး ပြောတဲ့အခါမှာ interpreter က I hate whatever extremists - အစွန်းရောက်နေတဲ့အရာတွေကို ငါမုန်းတီးတယ်လို့ ပြောတယ်။ တချို့က ဘာသာတရားကို ပြောချင်တဲ့ပုဂ္ဂိုလ်က ဗုဒ္ဓဘာသာက ဘာတွေဆို မုန်းတီးတယ်။ ဗုဒ္ဓဘာသာက ဘယ်လိုဟာမျိုးတွေ မုန်းတီးတယ်ဆိုတော့ မုန်းတီးခြင်းဆိုတဲ့ စကားကို အဓိပ္ပါယ်ပြန်လိုက်တဲ့အခါ အဓိပ္ပါယ်တွေက တမျိုးစီဖြစ်ကုန်ပါတယ်။ မုန်းတီးခြင်းဆိုတဲ့စကားက ဘုန်းကြီးတို့ ဘာသာတရားအရရော ကိုယ့်ရဲ့ နှလုံးသားအရ ပြောဖို့ အင်မတန်ဝန်လေးပါတယ်။ ဒါပေမဲ့ စကားတခုကို အဓိပ္ပါယ်ပြန်တဲ့အခါမှာတေ့ မလိုအပ်တဲ့နေရာတွေ ရောက်သွားပါတယ်။ ဘုန်းဘုန်းတို့ ရဟန်းသံဃာတော်တွေက ပြည်တွင်းမှာတော့ သည်းခံမယ်၊ တတ်နိုင်သမျှ ခန္တီတရားကို လက်ကိုင်သုံးမယ်။ အခွင့်အခါသင့်ရင် ဖြေရှင်းပေးမယ်။ အခွင့်အခါမသင့်ရင်လည်း သူများစွပ်စွဲချက်ကို ဘုန်းဘုန်းတို့က ခံယူယုံရှိတာပေါ့။ မေတ္တာတရားနဲ့။

ဦးကျော်ဇံသာ ။ ။ တပည်တော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဦးနုလက်ထက်တုန်းက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ်ရေးဆိုပြီး ဥပဒေလုပ်ခဲ့တယ့်အတွက်ကြောင့် နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာ အကြီးအကျယ်တက်ခဲ့ရပါတယ်။ ဆိုတော့ အခု ဘာသာရေးနဲ့ဆိုင်တဲ့ ဥပဒေကို ပြဌာန်းလာတဲ့ဟာက ဘာမှပြဿနာ နောက်ဆက်တွဲ ဂယက်တွေ ပေါ်ပေါက်မလာဘဲနဲ့၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည် ဖြစ်လာလိမ့်မယ်လို့ အရှင်ဘုရား မျှော်လင့်ပါသလား ဘုရား။

ဒေါက်တာဓမ္မပီယ ။ ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ ဒီမိုကရေစီရဲ့ သဘောထားကိုတော့ သိဖို့အရေးကြီးတယ်လို့ ထင်တယ်။ ဦးနုလက်ထက်က အသွင်ကူးပြောင်းရေးမှာ ရဟန်းသံဃာတွေအချင်းချင်းကလည်း နှစ်ဖက်ဖြစ်နေတယ်။ နောက်တခါ သူတို့ အတိုင်းအတာတခုအရ ဝန်ကြီးတွေက အကွဲအပြားတွေ ဒါမျိုးတွေရှိတယ်။ ဘုန်းဘုန်းကတော့ ဒီဥပဒေအရကတော့ လူ့အခွင့်အရေး Human Rights ကို တကယ်လေးစားမယ်ဆိုရင် ဘုန်းဘုန်းတို့ကလည်း နစ်နာတယ်ဆိုရင် နိုင်ငံတော်၊ လွှတ်တော်ကို တင်ပြမယ်။ သူတို့ကွန်မြူနီတီကလည်း သူတို့ကွန်မြူနီတီ နစ်နာတယ်ဆိုရင်၊ မမျှတဘူးဆိုရင် နိုင်ငံတော်ကို တင်ပြပြီးတော့ နိုင်ငံတော်မှာ အများစုနဲ့ vote နဲ့လုပ်တာကို ဘုန်းဘုန်းကတော့ မျှတယ်၊ fair ဖြစ်တယ်လို့ ခံယူတယ်။ ဘုန်းဘုန်းအမြင်ကတော့ ဒီဥပဒေတည်ဆဲရေးက ဗုဒ္ဓဘာသာသက်သက်အတွက်မဟုတ်ဘဲ အများစုရဲ့ ငြိမ်းချမ်းရေးကို ဦးတည်တယ်လို့ ဒီလိုသဘောပဲ ခံယူထားပါတယ်။

XS
SM
MD
LG