သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြောက်စရာ ယန္တယားကြီး အသက်ပြန်ဝင်လာပြီလား


သတင်းလွတ်လပ်ခွင့် အတွက် ဆန္ဒထုတ်ဖေါ် (ရန်ကုန်)
သတင်းလွတ်လပ်ခွင့် အတွက် ဆန္ဒထုတ်ဖေါ် (ရန်ကုန်)

ပြည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး ယန္တယား ခြေမှုန်းခံလိုက်ရတာ ၁၀ နှစ်တိတိ ရှိခဲ့ပါပြီ။ အာဏာရှင်တွေဟာ စစ်ထောက်လှမ်းရေး မရှိတော့ပေမယ့် စရဖ လို့ ခေါ်တဲ့ စစ်ဖက်ရေးရာ လုံးခြုံရေးအဖွဲ့၊ အက်စ်ဘီ လို့ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကို အသုံးပြုပြီး သူတို့ အာဏာတည်မြဲရေး၊ သူတို့ အာဏာကို စိန်ခေါ်လာသူတွေကို နှိမ်နင်းရေး လုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ ယန္တယား ၃ ခုရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ ပါတ်သက်ပြီး အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကတော့ အရင် စစ်ထောက်လှမ်းရေးတွေလောက် ကြောက်ရွံ့ ထိတ်လန့်စရာ ကောင်းတယ်လို့ မမှတ်ယူကြပါဘူး။ အခု နောက်ပိုင်း ပြည်ထဲရေးဝန်ကြီးဌာနက စာနယ်ဇင်းတွေကို ဖိနှိပ်လာတဲ့ အခါမှာတော့ အဲဒီ ထိတ်လန့်ကြောက်ရွံ့စရာ ယန္တယားကြီး ပြန်ပေါ်လာပြီလား လို့ မေးခွန်းထုတ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီ အကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သိပ်မကြာသေးခင် အချိန်တုန်းက အက်စ်ဘီလို့ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့ဟာ သတင်းစာ၊ ဂျာနယ်တိုက်က တာဝန်ရှိသူတွေကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုကို လုပ်ခဲ့ပါတယ်။ အဓိကကတော့ ဘယ်ကရတဲ့ ငွေတွေနဲ့ ဘယ်လို လည်ပါတ်နေသလဲ သိချင်လို့ ဆိုပါတယ်။ တကယ်ဆို ဒီလို သတင်းစာ၊ ဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စတွေ သိချင်ရင် ခေါ်ယူစစ်မေးခွင့်ရှိတာက စ သုံးလုံးလို့ ခေါ်တဲ့ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ပါ။ အခု အက်စ်ဘီရဲ့ ခေါ်ယူ စစ်မေးမှုကိုတော့ ဥပဒေနဲ့ မညီဘူး၊ ခြိမ်ခြောက်မှု တစ်ခုအဖြစ်ပဲ မြင်တယ်လို့ စာနယ်ဇင်း သတင်းမီဒီယာ လောကက တုန့်ပြန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လ အတွင်းဖြစ်ခဲ့တဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီး ရုံးတင် တရားစွဲတဲ့ အဖြစ်ကလည်း ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်။ ဦးဆန်းဆင့်ကို ဖမ်းဆီး ရုံးတင် တရားစွဲရာမှာ ကျပ်ငွေ သိန်း ၁၀၀ တောင်မပြည့်တဲ့ အစိုးရပိုင်ငွေကို အလွဲသုံးစား လုပ်တယ် ဆိုတဲ့ အမှုနဲ့ ဖမ်းဆီးချုပ်နှောင် တရားရုံးတင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားတွေမှာ အစိုးရငွေနဲ့လှူပြီး ပြန်မဆပ်ထားတာလို့ စွတ်စွဲပါတယ်။ တကယ်ဆို အခြားသော စစ်ဗိုလ်ချုပ်ဟောင်းတွေလို ကျပ်ငွေ သိန်းပေါင်း သောင်းးနဲ့ချီ ချမ်းသာတဲ့ ဦးဆန်းဆင့်လို ဝန်ကြီးတစ်ယောက် ကျပ်ငွေ သိန်း ၇၀ လောက် အလွဲသုံးတယ်ဆိုတာ လူရယ်စရာပါ။ ဒါနဲ့ ပါတ်သက်လို့ တရားရုံးထုတ်လာတဲ့ တစ်နေ့မှာ ဦးဆန်းဆင့်က ဒီကိစ္စ စစ်ဆေးပြီးသား၊ သူ့မှာ အပြစ်မရှိဘူး၊ သမ္မတ ကို မနာခံတာနဲ့ပဲ ခုလို မတရားလုပ်တာ ခံရတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ဖမ်းဆီးရုံးတင်တဲ့ မှုခင်း သတင်းတပ်ဖွဲ့ဟာ အရင် စစ်အာဏာရှင်ခေတ်က စစ်ထောက်လှမ်းရေးတွေ လုပ်ခဲ့သလို ဖမ်းချင်၊ အပစ်ပေးချင်သူတွေကို အမှုဆင်ဖမ်းဆီး၊ အရေးယူထောင်ချခဲ့တဲ့ နည်းတွေအတိုင်း လုပ်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပါပဲ။ လက်ရှိ အကျဉ်းကျနေသူ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ကို “ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့် အရေးယူခံနေရတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်ကို အက်စ်ဘီက စစ်ဆေးနေပုံမှာလည်း အဲလို သဘောတွေ အများကြီး မြင်တွေ့နေရပါတယ်။ အခြား သတင်းစာ ဂျာနယ်တွေထက် တစ်ရက် ကြိုတင်ပြဖော်ပြခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲသတင်းတပ်ဖွဲ့ဟာ အယ်ဒီတာနဲ့ သတင်းထောက်တွေကို ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အရေးယူ ဖမ်းဆီးထားပါတယ်။

ဒါပေမယ့် တကယ့်တကယ် စစ်ဆေးတဲ့နေရာမှာတော့ သတင်းကို ရယူသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူတွေကိုတင်မက အမှုနဲ့ မသက်ဆိုင်တဲ့ သူတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်။ အမှုနဲ့ မသက်ဆိုင်သူတွေရဲ့ နေအိမ်တွေကို သော့ဖျက်ဝင်ရောက်ပြီး စစ်ဆေးတာတွေ လုပ်ပါတယ်။ အဆိုးဆုံးကတော့ အမှုနဲ့ မဆိုင်တာတွေကို ဖိအားပေး စစ်မေးတာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ဘိုင်မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ ဒေါ်ကြူကြူဝင်းရဲ့ နေအိမ်ကို အက်စ်ဘီတွေ ရောက်လာပြီး အမှုနဲ့ မပါတ်သက်တဲ့ ဒေါ်ကြူကြူဝင်းရဲ့ ခင်ပွန်း အသက် ၇၀ လောက်ရှိတဲ့ ဦးစံတင်ကို မေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ အက်စ်ဘီတွေ ဦးစံတင်ကို အဓိက မေးတာကတော့ လက်ရှိ အစိုးရက အရေးယူထားတဲ့ သတင်းဖော်ပြမှုနဲ့ လုံး၀ မသက်ဆိုင်တဲ့ မိသားစု ကိစ္စတွေ၊ ဘာသာရေး လူမျိုးရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေပါ။ ဥပမာအားဖြင့် မွန်းတည့်နေ ဂျာနယ်နဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ် ထုတ်ဝေတာဟာ ပြည်ပ အခြေစိုက် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ ထုတ်နေတာ မဟုတ်ဘူးလား၊ နိုင်ငံခြား ဘဏ်တွေကနေ ငွေ ပို့ပေးနေတာတွေ ရှိသလား၊ ပြည်တွင်းက အစ္စလာမ် ဘာသာဝင် လုပ်ငန်းရှင်တွေက အထောက်အပံ့ပေးနေသလား ဆိုတဲ့ မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။

အလားတူပါပဲ။ ဇူလိုင် ၁၂ ရက်နေ့မှာလည်း ဂျာနယ်တိုက်က ဒီဇိုင်နာ ကိုဇွဲ ကို အက်စ်ဘီက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ခေါ်ယူစစ်ဆေးရာမှာ သတင်းထည့်တဲ့ ကိစ္စ၊ ဒီဇိုင်းကိစ္စတွေနဲ့ မဆိုင်တဲ့ နိုင်ငံခြား အစ္စလာမ်မစ် အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာ ရှိသလား၊ နိုင်ငံခြားက ငွေပို့ပေးတာမျိုး သိသလား၊ ပြည်တွင်းက အစ္စလာမ် စီးပွားရေး လုပ်ငန်းရှင်တွေက ထောက်ပံ့တာတွေ ရှိသလား ဆိုတဲ့ မေးခွန်းမျိုးတွေချည်း မေးခဲ့တယ်လို့ သိရပါတယ်။ ပြောရရင် အခြား သတင်းစာ ဂျာနယ်တွေက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကိုပဲ တစ်ရက်စောပြီး ဖော်ပြခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းထောက်၊ အယ်ဒီတာတွေကို ဖမ်းဆီးပြီး ရေးသားဖော်ပြမှုနဲ့ မဆိုင်တဲ့ ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေတပ်ထားရုံမက ပြည်ပ ဘာသာရေး အဖွဲ့အစည်းတွေက ထောက်ပံ့ငွေနဲ့ ထုတ်နေတဲ့ ဂျာနယ်အဖြစ် စွတ်စြွဲပီး အမှု မကြီးကြီးအောင် အမှုဆင်နေတဲ့ သဘော တွေ့မြင်နေရပါတယ်။ အလွန် ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ အနေအထားပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကိစ္စ ဘိုင်မွန်တည့်နေ ထုတ်ဝေသူ ဒေါ်ကြူကြူဝင်းနဲ့ သူ့ခင်ပွန်း ဦးစံတင်တို့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို စာရေး တိုင်ကြားထားပါပြီ။ ခုလို မတရား အမှုဆင် စစ်ကြောနေတဲ့အပေါ် ယာယီ စာနယ်ဇင်းကောင်စီဘက်က ဘယ်လောက် ဖြေရှင်းပေးနိုင်မလဲ စောင့်ကြည့်ကြရပါလိမ့်မယ်။ သေခြာတာကတော့ အက်စ်ဘီ လို့ခေါ်တဲ့ ရဲမှုခင်းသတင်းတပ်ဖွဲ့ ဟာ အတိုက်အခံတွေ၊ အစိုးရဂိုဏ်းကို မနာခံသူတွေ၊ အစိုးရကို ဝေဖန်တဲ့ မီဒီယာတွေကို ဖိနှိပ်ဖို့ အရင်ကြောက်ရွံ့စရာကောင်းတဲ့ စစ်ထောက်လှမ်းရေး ယန္တယား ပုံစံအတိုင်း ပြန်အသက်ဝင်လာနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG