လတ်တလောအစိုးရဘက်က ပြင်းပြင်းထန်ထန်ကြိုးစားနေတဲ့ ကိစ္စ တစ်ခုကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရေးပါ။ အခုနောက်ပိုင်း အပစ်ရပ် လက်မှတ်ရေးထိုးရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးတွေ ပိုပြီး စိပ်လာတာလည်း တွေ့မြင်ရပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေရဲ့ လိုင်ဇာ အစည်းအဝေးပွဲကြီး ပြီးလို့ သိပ်မကြာသေးခင် မြစ်ကြီးနားမှာ အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တွေ့ကြပါတယ်။ အဲဒီနောက် သြဂုတ် လလယ်လောက်ကျရင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ NCCT နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မှာ ဆက်ပြီး တွေ့ဆုံဆွေးနွေးကြပါဦးမယ်။ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး တကယ် လက်မှတ်ရေးထိုးနိုင်တော့မလား၊ တိုင်းပြည်မှာ ဒီတစ်ခုပဲ အရေးအကြီးဆုံး ဖြစ်နေသလား၊ ဒီကိစ္စ ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တိုင်းရင်းသားတွေရဲ့ လိုင်ဇာ အစည်းအဝေး မစခင် အစိုးရနဲ့ ဆွေးနွေးမှု နောက်ဆုံး ရလာဒ်အဖြစ် အပစ်ရပ် စာချုပ်မူကြမ်း တစ်ခု ရထားပြီး ဖြစ်ပါတယ်။ အချက်ပေါင်း ၁၂၂ ချက်ပါပြီး ၇၇ ချက် သဘောတူထားပြီးပါပြီ။ ဆွေးနွေးဖို့ ကျန်တာ ၃၁ ချက်ပါ။ ဒီ ၃၁ချက်ထဲကမှ အစိုးရဘက်က နောက်ထပ် လိုက်လျောနိုင်တာတွေ အဆိုပြုထားပြီး ဖြစ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းစရာ နည်းနည်းပဲ ကျန်တော့တယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။ တိုင်းရင်းသားတွေဘက်ကလည်း မူ(၁၀) ချက်အပေါ်မှာ အခြေခံပြီး အပစ်ရပ် စာချုပ်ပါ အချက်တွေအတိုင်း ဆက်ဆွေးနွေးကြဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် အခြေအနေ ရှေ့ကို တိုးတက်လာတယ်လို့တော့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ ဖက်ဒရယ် အခြေခံမူနဲ့ ပါတ်သက်ပြီးတော့လည်း လက်မခံနိုင်စရာ သိပ်ပြီး မရှိပါဘူးလို့ ဝန်ကြီးဦးအောင်မင်းက မီဒီယာတွေကို ပြောဆိုထားပြီးပါပြီ။ ဒီအတွက် အပစ်ရပ်စာချုပ်ပါ လက်ကျန် အချက်တွေကို ဆက်ဆွေးနွေးကြဖို့ပဲ ရှိပါတော့တယ်။
အပစ်ရပ် စာချုပ်ပါ လက်ကျန် အချက်တွေကို ဆက်ပြီး ဆွေးနွေးဖို့ပဲ ရှိတယ်လို့ ဆိုပေမယ့် သိပ်အလွယ်ကြီးတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ လက်ရှိ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ပုံစံဟာ အစိုးရ ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေ တိုက်ရိုက် ဆွေးနွေးကြတာမျိုး မဟုတ်ပဲ နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ ဆွေးနွေးပွဲ ပုံစံမျိုး ဖြစ်နေလို့ပါ။ အစိုးရဘက်ကလည်း ဝန်ကြီးဦးအောင်မင်းက ဆွေးနွေးရရှိချက်တွေကို အဆုံးအဖြတ်ပေးနိုင်မယ့် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တွေဆီ ပြန်တင်ပြပါတယ်။ NCCT လို့ခေါ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ကလည်း ဆွေးနွေးရရှိချက်တွေကို အဆုံးအဖြတ် ပေးနိုင်တဲ့ သက်ဆိုင်ရာ သူတို့ ခေါင်းဆောင်တွေဆီ ပြန်တင်ပြရတာမျိုးဖြစ်ပါတယ်။ သဘောမတူရင် အဲဒီ အချက်ကို ပြန်ယူလာပြီး ဆွေးနွေးပွဲဝိုင်းမှာ ပြန်ဆွေးနွေး ဆိုတဲ့ ပုံစံမျိုး သွားနေရတာမို့ ခုလို အချိန်ကြာနေတာလို့ ပြောနိုင်ပါတယ်။ ဒီအထဲမှာမှ အစိုးရဘက်က သက်ဆိုင်ရာ အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်ပိုင်းရဲ့ သဘောထား ရယူရတာ လျင်မြန်လွယ်ကူပေမယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ သူတို့ ခေါင်းဆောင်တွေရဲ့ သဘောထား ဆန္ဒရယူရတာ ခက်ခဲတတ်ပါတယ်။ အဖွဲ့တွေကများ၊ ဆက်သွယ်ရေးကလည်း ခက်ခဲတာကြောင့် ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဘက်ကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကြီး တစ်ခု ကျင်းပချင်နေတာကိုတော့ ဖုံးကွယ်မထားပါဘူး။ ဒီ ၂၀၁၄ ထဲမှာပဲ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ အကြိုပြင်ဆင်မှုတွေလုပ်၊ ၂၀၁၅ ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စ နိုင်ရင်ကောင်းမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောထားပါတယ်။ အကြောင်းကတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲအကြို နိုင်ငံရေး လှုပ်ရှားမှုတွေ ရှိလာမယ့် အခြေအနေရယ်၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်ရာ အခြေခံအုတ်မြစ်တွေ ချပေးခဲ့ချင်တာတွေရယ်ကြောင့် အပစ်ရပ်စာချုပ် မြန်မြန် လက်မှတ်ထိုးဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေရတာလို့ ဆိုပါတယ်။
တိုင်းရင်းသားတွေဘက်မှာတော့ သဘောထား နှစ်မျိုးပါ။ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ စောမူတူးစေးဖိုးကတော့ ဒီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဟာ သမိုင်းမှာ အရေးကြီးတယ်၊ ရဲရဲ လက်မှတ်ရေးထိုးကြပါ၊ ပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းဆီ သွားကြရအောင် လို့ နှိုးဆော်နေတာပါ။ ဒါပေမယ့် ကေအိုင်အို ကချင်
ခေါင်းဆောင်တွေဘက်ကတော့ အပစ်ရပ် စာချုပ်မှာ နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေ ထည့်သွင်းထားဖို့ ဆန္ဒရှိနေပါတယ်။ ဒီအတွက် သိပ် အလောတကြီး လုပ်ဖို့ မလိုဘူး၊ အချိန်ကြာရင်လည်း ကြာပါစေ သဘောထားမျိုး ရှိနေပါတယ်။ အများက စိတ်ပူပန်နေကြသလို လိုင်ဇာ ထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပါတ်သက်လို့ နောက်ကြောင်း ပြန်လှည့်သွားစေတဲ့ အခြေအနေမျိုး မဖြစ်ပေါ်ခဲ့ပေမယ့်လည်း အပစ်ရပ် စာချုပ်ပါ အချက်တွေနဲ့ ပါတ်သက်ရင်တော့ ကွဲလွဲချက်တွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။
တကယ်တော့ အစိုးရနဲ့ တပ်မတော်ဘက်ကလည်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေးလောက်ကိုပဲ အာရုံစိုက်နေတာ သိပ်တော့ မကောင်းပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်သလို ဖြစ်နေတဲ့ လုပ်ရပ်မျိုးတွေကိုလည်း တပြိုင်နက်တည်း ဖြေရှင်းဖို့ လိုနေပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကျမှ ပေါ်လာတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး လျစ်လျူရှုထားတာမျိုး ဆက် မလုပ်သင့်တော့ပါဘူး။ ပြည်သူလူထု ယုံကြည်နိုင်လောက်တဲ့ အဆင့်အထိ အရေးယူကိုင်တွယ်ပြဖို့ လိုပါတယ်။ အစိုးရအပေါ် ဝေဖန်မှု များလာတာကို တုန့်ပြန်ဖို့ ရည်ရွယ်လုပ်ဆောင်လာတဲ့ စာနယ်ဇင်း သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ လိုပါတယ်။ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်စေမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးရေး ဆိုတာမျိုး ဆက်မလုပ်ဖို့ လိုပါတယ်။
အလားတူ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးပွဲကြီး ဖြစ်မြောက်သွားရင် သမ္မတ ဦးသိန်းစိန် အစိုးရ ကမ္ဘာမှာ နာမည်ကောင်းရသွားမယ်၊ ပုံရိပ်ကောင်းရသွားမယ်၊ နိုင်ငံရေးအမြတ်ထွက်သွားမယ် ဆိုတာမျိုး ထက် အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးပြီးမှ အပစ်ရပ် ခိုင်မာအောင် လုပ်လို့ရမယ်၊ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အောင် ဆောင်ရွက်နိုင်မယ်၊ ဒုက္ခသည် ပြသနာ၊ နိမ့်ကျနေတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ ဖွံ့ဖြိုးရေးကိစ္စတွေ အကောင်အထည် ဖော်နိုင်မယ် စသဖြင့် စဉ်းစားတွေးတော လုပ်ကိုင်ကြဖို့ လိုပါလိမ့်မယ်။ ဒီလိုသာ မလုပ်နိုင်ခဲ့ကြရင် စစ်အာဏာရှင် စနစ် မရှိတော့တာတောင် တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့ အခြေအနေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မတည်ဆောက်နိုင်တဲ့အခြေအနေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဖော်ဆောင်နိုင်တဲ့ အခြေအနေ၊ ဒီမိုကရေစီနဲ့ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် မဖော်နိုင်တဲ့ အခြေအနေမျိုးမှာပဲ ကျန်ရစ်နေဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။