သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီများရဲ့ ကြေညာချက် သဘောထား ကွဲပြားမှုကို ဖြစ်စေခဲ့ပြီလား


UPWC နဲ့ NCCT ဆွေးနွေးပွဲ
UPWC နဲ့ NCCT ဆွေးနွေးပွဲ

အခုရက်ပိုင်း နိုင်ငံရေးပါတီ တစ်ချို့အကြား အငြင်းပွားနေကြတဲ့ ပြဿနာတစ်ခုကတော့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ကြေငြာချက် တစ်ရပ် ထုတ်ပြန်ခဲ့တဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တာဝန်ရှိသူတွေနဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၆ ခုက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဝန်ကြီးဦးအောင်မင်းက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေတွေကို ရှင်းလင်း တင်ပြပါတယ်။ တွေ့ဆုံပွဲအပြီး နိုင်ငံရေးပါတီများရဲ့ ထုတ်ပြန်ကြေငြာချက် တစ်စောင် ထွက်ပေါ်လာပါတယ်။ ဒီထုတ်ပြန်ကြေငြာချက်ကို အစိုးရပိုင် သတင်းစာတွေနဲ့ ပုဂ္ဂလိက သတင်းစာဂျာနယ်တွေကလည်း ဖော်ပြခဲ့ကြပါတယ်။ နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နဲ့ ပါတီ တစ်ချို့က အဲဒီ ထုတ်ပြန်ကြေငြာချက် သူတို့ သဘောမတူပါဘူး ဆိုပြီး ကြေငြာချက်ထုတ်တာ၊ သတင်းမီဒီယာတွေကို ပြောဆိုတာ လုပ်လာပါတယ်။ ဒီ ပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ထုတ်ပြန်ကြေငြာချက်မှာ ဘာတွေ ပါသလဲ၊ ဘယ်လို ဖြစ်သင့်လဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြဿနာ ဖြစ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဲဒီနေ့ ဆွေးနွေးပွဲ ခဏနားတဲ့ လက်ဖက်ရည်သောက်ချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပါတ်သက်ပြီး ကြေငြာချက် တစ်ခု ထုတ်ပြန်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက စ ပြီး နှိုးဆော်တယ်လို့ ဆိုပါတယ်။ အဲဒီ နောက်ပိုင်း အစည်းအဝေး ပြန်စချိန် ထုတ်ပြန်ချက် နဲ့ ပတ်သက်တဲ့ အချက်တွေကို ဦးဇိုဇမ်က ပရိုဂျက်တာနဲ့ ထိုးပြပြီး ပါတီကိုယ်စားလှယ်တွေရဲ့ သဘောထား တောင်းခံတယ်လို့ ဆိုပါတယ်။ အဲဒီအချိန် အင်န်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ် ဦးဉာဏ်ဝင်း အစည်းအဝေးပွဲမှာ ရှိမနေတော့ပါဘူး။ အဲဒီလို သဘောထား တောင်းခံတဲ့ဆီမှာ ကန့်ကွက်တယ်လို့ ပြောဆိုတဲ့သူတွေ မရှိတဲ့အတွက် နိုင်ငံရေးပါတီများရဲ့ သဘောထား ဆိုပြီး ထုတ်ပြန် ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ကြေငြာချက်မှာ အချက်(၆) ချက်ပါဝင်ပါတယ်။ အဓိကအနေနဲ့ အချက်နံပါတ်(၃)မှာ “ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အလို့ငှာ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement အား အမြန်ဆုံး လက်မှတ်ရေးထိုးကြရန် သက်ဆိုင်သူအားလုံးကို အလေးအနက် တိုက်တွန်းအပ်ပါသည်။” ဆိုပြီး ပါဝင်ပါတယ်။ နောက်တစ်ချက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲ ပြင်ဆင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးနိုင်ရေး အမြန် ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ် ဆိုပြီးလည်း ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး အစိုးရပိုင် သတင်းစာတွေမှာရော၊ အခြား ပုဂ္ဂလိက သတင်းစာတွေမှာပါ ပါတီအားလုံးရဲ့ သဘောထား ထုတ်ပြန်ချက် ဖြစ်သယောင် ခေါင်းစဉ်တပ် ဖော်ပြကြပါတယ်။ ပြောရရင် အဲဒီ ကြေငြာချက် ထုတ်ပြန်ဖို့ ဆွေးနွေးတဲ့ဆီမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ရှိမနေဘူး ဆိုလိုက်တာနဲ့တင် ခုလို ပါတီအားလုံးရဲ့ ကြေငြာချက်ဖြစ်သယောင် ထုတ်ပြန်ဖို့ မသင့်တော်ပါဘူး။ အကြောင်းကတော့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တိုင်းပြည်မှာ ပြည်သူလူထု ထောက်ခံမှု အရှိဆုံး ပါတီဖြစ်တဲ့အတွက် အဲဒီ ပါတီ မပါရင် ကျန်တဲ့ ပါတီအရည်အတွက် ဘယ်လောက် သဘောတူတူ အားလုံး သဘောတူညီချက်အဖြစ် မသတ်မှတ်နိုင်လို့ ဖြစ်ပါတယ်။

ဒီလို ပြောရတာကလည်း အကြောင်းရှိပါတယ်။ လက်ရှိ နိုင်ငံမှာ တရားဝင်ပါတီ ၆၇ ပါတီ၊ အစည်းအဝေး တက်တဲ့ ပါတီ ၆၆ ပါတီမှာ အုတ်အရောရော ကျောက်အရောရော ပါတီတွေ၊ လူထုကို ကိုယ်စားမပြုတဲ့ ပါတီတွေလည်း အများကြီးပါဝင်နေလို့ ဖြစ်ပါတယ်။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲကာလက ပွဲစည်အောင် စစ်အစိုးရရဲ့ နောက်ကွယ်က ထောက်ပံ့မှုနဲ့ ဖွဲ့စည်းထားတဲ့ အလံရှူးပါတီ အတော်များများလည်း နိုင်ငံရေးပါတီ စာရင်း ပေါက်ပါတယ်။ ပြည်သူမထောက်ခံလို့ အမတ်တစ်ယောက်မှ အရွေးမခံရတဲ့ ပါတီတွေလည်း ပါပါတယ်။ နောက်ပိုင်း မှတ်ပုံတင်ပြီး ဖွဲ့ထားတဲ့ ပါတီတွေထဲမှာလည်း ပြည်သူဘယ်လောက် ထောက်ခံမယ် မသိနိုင်သေးတဲ့ ပါတီ အတော်များများ ပါဝင်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ မပါဝင်ပဲ အရည်အတွက် များတယ် ဆိုယုံနဲ့ ပါတီအားလုံးရဲ့ သဘောထားဖြစ်သယောင် ကြေငြာချက် ထုတ်တာကတော့ မသင့်တော်ပါဘူး။

နိုင်ငံရေးပါတီတွေ အနေနဲ့ တစ်ပါတီချင်းဖြစ်စေ၊ ပါတီတွေ စုပေါင်းပြီးဖြစ်စေ၊ ကြေငြာချက်တွေ ထုတ်လို့ရပါတယ်။ နိုင်ငံရေးပါတီတွေ ဖြစ်တဲ့အတွက် ရှင်းရှင်းလင်းလင်း လုပ်ဖို့ လိုပါတယ်။ ပါတီ တစ်ခုချင်းစီက တကယ်ပဲ အဆုံးအဖြတ် ပေးနိုင်တဲ့သူတွေလား၊ တကယ်ပဲ သဘောတူတာလား၊ တစ်ပါတီချင်းစီ လက်မှတ်တွေ အသေအခြာ ရေးထိုးပြီးမှ ထုတ်ပြန်သင့်ပါတယ်။ အခု ပြဿနာ ဖြစ်ခဲ့တဲ့ ကိစ္စဆိုရင် နိုင်ငံရေးပါတီ ဘယ်နှစ်ပါတီရဲ့ ထုတ်ပြန်ကြေငြာချက် ဆိုပြီး တိတိကျကျ လုပ်သင့်ပါတယ်။ ရှေ့ပိုင်းကာလတွေတုန်းကလည်း အင်န်ဒီအက်ဖ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ နဲ့ တိုင်းရင်းသားပါတီတစ်ချို့ ခုလိုပဲ ကြေငြာချက်ထုတ်ပြန်တာနဲ့ ပါတ်သက်ပြီး အကြီးအကျယ် အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ ကြေငြာချက် စာသားကိစ္စပါ။ အင်န်အယ်လ်ဒီ ကတော့ အစည်းအဝေး ခေါ်တဲ့ ခေါင်းစဉ်၊ ဆွေးနွေးတဲ့ အကြောင်းအရာ မတူလို့ သူတို့ အနေနဲ့ ပါဝင်ခြင်း မပြုခဲ့ဘူးလို့ နောက်ပိုင်းမှာ ကြေငြာချက် ပြန်ထုတ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ စိုင်းညွန့်လွင်ကတော့ ဒီကြေငြာချက်ဟာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးသလို ဖြစ်နေလို့ သဘောမတူရတာ ဆိုပြီး ရှင်းပါတယ်။

ပြောရရင် မြန်မာနိုင်ငံက ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ဟာ သိမ်မွေ့ပါတယ်။ ဒီအတွက် ခုလို ပါတီတစ်ခုနဲ့ တစ်ခု၊ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား နားလည်မှု လွဲမယ့် ကိစ္စမျိုး မဖြစ်အောင် သတိထားကြဖို့ အလွန် လိုအပ်ပါတယ်။ အခုကိုပဲ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA) က ကြေငြာချက် ထုတ်လာတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီနဲ့ အကြီးအကျယ် သဘောကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပါပြီ။

နောက်ထပ် ပြဿနာကြီးတစ်ခုကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လိုတဲ့ ကိစ္စပါ။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပါတီတွေ ပါဝင်ဖို့ လိုမှာဖြစ်ပေမယ့် နိုင်ငံရေးပါတီ ဆိုင်းဘုတ် ထောင်ရုံ ထောင်ထားပြီး ပြည်သူ ထောက်ခံမှုလုံး၀ မရှိတဲ့ ပါတီမျိုးတွေကို ပါဝင်ခွင့်ပြုသင့် မသင့် အသေအချာ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပံ့ပိုးရာ မရောက်ပဲ အနှောင့်အယှက် အဟန့်အတား ပြုသလိုတောင် ဖြစ်သွားစေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG