သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သမ္မတ ဖြစ်ခွင့်ရရေး အိုဘားမားကို လွှတ်တော်အမတ်တွေ ဖိအားပေး


အမေရိကန်သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (၂၀၁၂၊ စက်တင်ဘာ)
အမေရိကန်သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (၂၀၁၂၊ စက်တင်ဘာ)

ရှေ့သီတင်းပတ် မြန်မာနိုင်ငံကို သွားရောက်မယ့် သမ္မတ အိုဘားမား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးနေရာ ဝင်ရောက်ခွင့် ရနိုင်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုဖို့ အမေရိကန် ဥပဒေပြုလွှတ်တော် အမတ် တွေက တိုက်တွန်းနေကြပါတယ်။

တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး ပါဝင်ယှဉ်ပြိုင်ရေးအတွက် လုပ်ဆောင်ခွင့်မပြုဘူးဆိုရင် ၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ အမေရိကန် လွှတ်တော်အမတ် ၂ ဒါဇင်လောက် ပါဝင်လက်မှတ်ရေးထိုးပြီး သမ္မတ အိုဘားမားထံ ပေးပို့ဖို့ပြင်ဆင်ထားတဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

ပါဝင်လက်မှတ်ရေးထိုးကြတဲ့ အထဲမှာ ပါတီကြီး ၂ ရပ်ဖြစ်တဲ့ ရီပတ်ဘလစ်ကင်ကော ဒီမိုကရက်ပါတီတို့က အမတ်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဟာ ရပ်တန့်နေတယ်လို့ ပါတီကြီး ၂ ရပ်စလုံး က ဥပဒေပြုလွှတ်တော်အမတ်တွေက ပြောပါတယ်။ သမ္မတအိုဘားမား အစိုးရကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ရက်စက် ကြမ်းကြုတ်တဲ့ စစ်အစိုးရအုပ်ချုပ်ရေးကနေ အရပ်သားအစိုးရအုပ်ချုပ်တဲ့စနစ်ဆီကို ကူးပြောင်း သွားခဲ့တဲ့ အချက်တွေဟာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီ ရဲ့ အောင်မြင် မှုဖြစ်တယ်လို့ မြင်နေတာပါ။

မြန်မာစစ်တပ်ကတော့ ပါလီမန်မှာ ရရှိထားတဲ့ သူတို့ရဲ့သြဇာကို အထိခိုက်မခံသလို၊ အရင် စစ်အစိုးရလက်ထက်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုကြပါဘူး။ အဲဒီအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရာထူး ဆက်ခံခွင့်မရှိအောင် ကန့်သတ်ထားပါတယ်။

ဒီလိုအနေထားမျိုးနဲ့ ကျင်းပပြုလုပ် တဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အများယုံကြည်လက်ခံ နိုင်တဲ့ ရွေးကောက်ပွဲတခုအဖြစ် အဓိပ္ပယ်ဖွင့်ဆိုလို့ မဖြစ်နိုင်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့တင်မြှောက်ချင်တဲ့လူပုဂ္ဂိုလ်ကို ရွေးချယ်ခွင့်မရကြလို့ ဖြစ်တယ်လို့ သမ္မတ အိုဘားမားထံကို ရေးတဲ့ စာထဲမှာ ဖေါ်ပြထားတယ်လို့ အမည်မဖေါ်တဲ့ လွှတ်တော် အမတ်တဦးရဲ့ လက်ထောက် ဖြစ်သူက AP သတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကလွှမ်းမိုးထားတဲ့ အစိုးရအပေါ် နိုင်ငံတကာအသိုင်းဝိုင်းဖက်က ယုံကြည်မှု ထားတာ စောလွန်းတယ်လို့ ဗုဒ္ဓဟူးနေ့ကပြောဆိုလိုက်သလို၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်နေတာ ကြာလှပြီဖြစ်ပြီး၊ အမေရိကန်အစိုးရကလည်း လိုတာထက်ပိုပြီးတော့ အကောင်းမြင်လွန်းနေတယ်လို့ ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ တိုးလာတယ်၊ သတင်းလွတ်လပ်ခွင့် တစထက်တစ လျှော့ကျလာနေတယ်၊ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်အောင် အစိုးရကဆွပေးနေတယ် စသဖြင့် လွှတ်တော်အမတ်တွေက သမ္မတထံပေးပို့မည်စာထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အဲဒီလို စိုးရိမ်စရာကောင်းတဲ့ ကိစ္စတွေကို မဖြေရှင်းသေးသ၍ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့အကြား ပုံမှန် ဆက်ဆံရေး ပြန်ဖြစ်မလာနိုင်သေးဘူး ဆိုတာကို သမ္မတအိုဘားမားအနေနဲ့ ရှင်းရှင်းလင်းလင်း အသိပေးဖို့ ကိုလည်း တောင်းဆိုထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် စစ်ဖက်အကူညီဆိုင်ရာ ကန့်သတ်မှုတွေနဲ့အတူ အရေးယူဒဏ်ခတ်မှု တချို့ကို ဆက်လက် ချမှတ် ပိတ်ဆို့ထားမှုကို ဆက်လက် ကိုင်စွဲထားဆဲဖြစ်ပါတယ်။

သမ္မတထံရေးသားပေးပို့တဲ့စာကို ပါဝင်လက်မှတ်ရေးထိုးကြတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံအရေး အောက်လွှတ်တော်မှာ ပြောဆိုလေ့ရှိတဲ့ ဒီမိုကရက် လွှတ်တော်အမတ် Joe Crowley နဲ့ အောက်လွှတ်တော် အာရှရေးရာ ဆိုင်ရာ ဥက္ကဌ ရီပတ်ဘလစ်ကင်အမတ် Steve Chabot တို့ လည်းပါဝင်တယ်လို့ သိရပါတယ်။

XS
SM
MD
LG