သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနိမ့်ဆုံးစာရင်းထဲ ပါဝင်နေဆဲ


ကုလသမဂ္ဂက ထုတ်ပြန်တဲ့ LDC ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ဟာ ဆက်ပြီး ပါဝင်နေဆဲပဲလို့ UNCTAD ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ က ပြောကြားလိုက်ပါတယ်။ LDC အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘာကြောင့် ဆက်ပြီး ပါဝင်နေရသလဲဆိုတာကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ UNCTAD အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူတဦးကျဝင်ငွေ နည်းပါးတာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုညွှန်ကိန်းတွေဖြစ်တဲ့ ကလေးသေဆုံးနှုန်း၊ အာဟာရချိုတဲ့နှုန်း၊ ကလေးသူငယ် ပညာသင်ကြားခွင့်နှုန်း၊ စီးပွားရေးအန္တရာယ်ရှိမှုနှုန်း စတဲ့ အခြေအနေတွေကြောင့် LDC ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းမှာ ဆက်ပြီး ရှိနေတာဖြစ်တယ်လို့ UNCTAD အကြီးတန်းအရာရှိတဦးဖြစ်သူ Igor Bosc က ရန်ကုန်မြို့မှာ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အခုလို မြန်မာနိုင်ငံအနေနဲ့ LDC စာရင်းမှာ ဆက်ပြီး ရှိနေတာနဲ့ ပတ်သက်လို့ မြန်မာ့စီးပွားရေးသုတေသီ ဦးစိန်ဌေးကလည်း အခုလို ပြောပါတယ်။

“ကျနော်တို့ ဒေသတွင်းမှာကိုပဲ မြန်မာနိုင်ငံဟာ တဦးကျအနိမ့်ဆုံး၊ ကျနော်တို့ထက် နဂိုတည်းက နိမ့်ခဲ့တဲ့နိုင်ငံ လော (Lao)၊ ကမ္ဘောဒီးယားတောင် ကျနော်တို့ထက် မြင့်သွားပြီ။ ကျနော်တို့က ဒေါ်လာလေး ၂ ထောင်တောင် မပြည့်ချင်ဘူးဗျ။ သူတို့နောက်ဆုံး ၁၄ မှာ ပါပါတယ် ADB ထုတ်ပြန်တဲ့ထဲမှာဆိုတော့။ ဒီ Human Development Index လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုညွှန်ကိန်းတွေ၊ ညွှန်ကိန်းတွေမှာ ခုနက တဦးကျဝင်ငွေပါတယ်။ နောက်တခုက ဒီ Electricity Consumption ပါတယ်။ ဗမာနိုင်ငံမှာလည်း ၃၃ ရာခိုင်နှုန်းပဲ လူတွေက လျှပ်စစ်ဓာတ်အားကို သုံးနိုင်သေးတယ်ပြောတယ်။ ဒီလိုပဲ နောက်တခါ သန့်ရှင်းတဲ့ရေပေါ့ဗျာ နောက်တခါ ဒီ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွှန်ကိန်းတွေရှိတယ်။ နောက် ပညာရေးနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့နိုင်ငံ ကိန်းဂဏန်းတွေက အခုထိ မှန်မှန်ကန်ကန် မရသေးဘူး။ နိမ့်လည်းနိမ့်ကျတုန်းပဲဗျ။ မူလတန်းပညာ ratio ကျောင်းနေနိုင်တဲ့အချိုး၊ တချို့ကျောင်းထွက်သွားတာတွေ၊ အလယ်တန်း၊ အထက်တန်း စသည်ပေါ့ဗျာ။ ဒါ ပညာရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးလည်း အားလုံး သိကြတဲ့အတိုင်းပဲ။ ဒီအချက်အလက်တွေ နောက်တခါ ကလေးသေနှုန်း၊ ၅ နှစ်အောက် ကလေးသေနှုန်း၊ အဟာရဓာတ် အများကြီးပေါ့ဗျာ တခုချင်းပြောလို့ရှိရင် စုစုပေါင်း ၈ ချက်ရှိတယ်။ Human Development Index ကလည်း အခုထိနိမ့်တုန်း။ မတက်လာသေးဘူး။ တိုင်းပြည်ဝင်ငွေကိုယ်တိုင်ကိုက နိမ့်တယ်ပေါ့ဗျာ။ အကြမ်းမျဉ်းပြောလို့ရှိရင် မြန်မာနိုင်ငံမှာဆိုရင် ကျနော်တို့ နောက်ဆုံးကောက်တာ လူ ၁၀၀ မှာ ၃၆ ယောက်က အရမ်းကို ဆင်းရဲနေတယ်။ မြန်မာပြည်ဟာ ဒီ LDC အဆင့်အတန်းကနေပြီးတော့မှ တက်လာဖို့ဆိုတာ လိုသေးတယ်လို့ အဲ့လို အကြမ်းမျဉ်း သူတို့က ဒီအချက်တွေကို တွက်ပြီးမှ ပြောတာပါ။”

မြန်မာနိုင်ငံမှာ အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၇ ခုနှစ်ကတည်းကစပြီး LDC စာရင်းဝင်ဖြစ်ခဲ့တာပါ။ ဦးနေဝင်းအစိုးရရဲ့ တိုင်းပြည်ကို အထီးကျန်အောင် လုပ်ခဲ့တဲ့ စီးပွားရေးစနစ် မှားယွင်းမှုရဲ့ အကျိူးရလဒ် ဖြစ်တယ်လို့လည်း ဦးစိန်ဌေးက ပြောပါတယ်။

“ပြောချင်တာက တိုင်းပြည်ရဲ့စီးပွားရေးမှာ စီးပွားရေးမူဝါဒ၊ စီးပွားရေးပေါ်လစီ အမှားကို ဦးနေဝင်းက ကျင့်သုံးလိုက်တဲ့အခါမှာ ၁၀ နှစ်လောက်ကြာတဲ့အခါကျတော့ တိုင်းပြည်က နောက်ကို ဆုတ်လာတယ်။ ဆုတ်လာတဲ့အခါမှာ သိသာလာပြီ ၇၀ လောက်။ အဲ့ဒီကနေ ခုနက ထပ်မှားတယ်။ ခုနက Planned economy ကြီးနဲ့ တိုင်းပြည်က ချွတ်ခြုံတွေ ကျတဲ့အခါကျတော့ ၈၇ ခုနှစ်ရောက်တဲ့အခါမှာ တိုင်းပြည်က သွားပြီ။ အကြွေးတွေကလည်း ထူလာပြီ။ တိုင်းပြည်ရဲ့ Production ကလည်း မရှိတော့ဘူး ဆိုတဲ့အခါကျတော့ အခြေအနေက မကောင်းတော့တဲ့ အခါကျတော့ ဒီ ဥရောပက ဟာတွေပါတယ်။ ADB တို့၊ World Bank တို့ကဟာတွေ ပါတယ်။ အဲ့ဒီဟာတွေက အကြွေး ဘီလီယံ ၄ ဘီလီယံလောက် တင်သွားတဲ့အခါမှာ ဒီတင် မဆလပါတီဥက္ကဌဖြစ်တဲ့ ဦးနေဝင်းက တိုင်းပြည်ကိုတော့ဖြင့် LDC Status ကို ငါတို့ Join မယ်ပေါ့ဗျာ။ လျှောက်မယ်ပေါ့လေ ဆိုတော့ LDC Status ကို ဝင်မယ်ဆိုရင်တော့ တချို့ဟာလေးတွေက သက်သာခွင့်လေးတွေ ရတယ်ပေါ့ဗျာ။”

မြန်မာနိုင်ငံအနေနဲ့ LDC စာရင်းကနေ ပယ်ဖျက်ဖို့ ဖြစ်နိုင်ချေ အလားအလာရှိပေမဲ့ အချိန်တော့ ယူရလိမ့်မယ်လို့ UNCTAD အရာရှိ Igor Bosc က ဆိုပါတယ်။ စီးပွားရေးအရ စံနှုန်းတွေ တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့လိုသလို၊ ပြည်သူတွေ အကျိုးခံစားခွင့်ရဖို့နဲ့ အခြေခံကျတဲ့ နည်းနာတွေကို ပြောင်းလဲဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရကလည်း LDC ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာကနေ ပယ်ဖျက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုထားပါတယ်။ အထူးသဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့ အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ အကူအညီ အပါအဝင် နိုင်ငံတကာ အစိုးရတွေက ကြွေးမြီတွေကို လျှော်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံက တင်နေတဲ့ အကြွေးဟောင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို ပြန်ဆပ်နိုင်ခဲ့ပြီးလို့ မြန်မာအစိုးရ က ပြောပါတယ်။ ဒါကြောင့် LDC စာရင်းကနေ ပယ်ဖျက်နိုင်ဖို့ ပထမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဆက်လက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂက ၁၉၇၁ ခုနှစ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ် နိုင်ငံပေါင်း ၂၅ နိုင်ငံကို သတ်မှတ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ၄၈ နိုင်ငံအထိ တိုးများလာခဲ့တာပါ။ အခုလို LDC စာရင်းဝင်အဖြစ်ကနေ ပယ်ဖျက်ခွင့် ရရှိဖို့အတွက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက ပြန်လည်သုံးသပ်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ မရှိ တွေ့ရှိချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံရတာ ဖြစ်ပါတယ်။

XS
SM
MD
LG