သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေဘုရင် သွားတဲ့လမ်း ကျူးကျော်အိမ်တွေ ဖျက်ဆီးမှု မြန်မာအစိုးရကို ဝေဖန်


မြန်မာပြည်ကို အလည်အပတ်ရောက်ရှိနေတဲ့ နော်ဝေးဘုရင် Harald နော်ဝေးဘုရင်မ Sonja။
မြန်မာပြည်ကို အလည်အပတ်ရောက်ရှိနေတဲ့ နော်ဝေးဘုရင် Harald နော်ဝေးဘုရင်မ Sonja။

မြန်မာနိုင်ငံကို အလည်ရောက်ရှိလာတဲ့ နော်ဝေးဘုရင် Harald နဲ့ မိဖရားကြီး Sonja တို့ မြန်မာနိုင်ငံ မန္တလေး သွားမှာဖြစ်တာကြောင့် မန္တလေး ဂေါ်ဝိန် ဆိပ်ကမ်းမှာရှိတဲ့ ဆင်းရဲသားတွေ နေထိုင်ရာနေရာ နေရာတွေကို အစိုးရ အာဏာပိုင်တွေက အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်တာပါ။ ဒီ့အတွက် မန္တလေးဒေသခံတွေကြားမှာလည်း မကျေနပ်မူတွေနဲ့ ဂယက်ရိုက်ခတ်မူတွေ ရှိနေပါတယ်။ အစိုးရအနေနဲ့ စီမံခန့်ခွဲမူတွေ အားနည်းပြီး ဆင်းရဲမွဲတေမူတွေ ကို ဖြေရှင်းတာဟာ နည်းလမ်းမမှန်ပဲ လူအခွင့်အရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ် ။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ်အဖြစ်ရောက်ရှိလာတဲ့ နော်ဝေဘုရင် ဟာရယ်နဲ့ မိဘုရား မလာရောက်ခင် ၃ရက်ခန့်ကပဲ မန္တလေးဂေါ်ဝင်ဆိပ်ကို အမှှီပြုပြီး နေထိုင် စားသောက်နေရတဲ့ အိမ်ထောင်စုတွေနေထိုင်ရာ ကျုးကျော် အိမ်ယာတွေကို အာဏာပိုင်တွေက အတင်းအကြပ် ဖယ်ရှားပစ်ခဲ့တာပါ။ ဒီ့အတွက် နေထိုင်စရာ မရှိလို့ ပြည်သူတွေအတွက် အခက်အခဲတွေရှိနေတဲ့ အကြောင်း မြို့ခံလူထု ကတော့ဒီဖြစ်ရပ်ဟာ ရုပ်ပျက်ဆင်းပျက် လုပ်ရပ် အဖြစ် မကျေမနပ်ဖြစ်နေကြောင်း မြို့ခံတဦးက ဆိုပါတယ်။

"အဲ့ဒီ့နားက သူတွေကတော့ ကစဉ့်ကလျားဖြစ်ကုန်တာပေါ့ နေရထိုင်ရတာတွေ အဆင်မပြေပဲ ဖြစ်ကုန်ကြတယ်လေ။ မြေယာတွေက သင်္ဘောဆိပ်ပေါ့။ ဂေါဝိန် သင်္ဘောဆိပ်ဆိုတာ ရှေးတုန်းကလည်း ရှိတာပါ။ ရှေးတုန်းက ရှိပေမဲ့ သင်္ဘောဆိပ်မှာက သူတို့တတွေက ကုတ်ကပ်ပြီး အလုပ်လုပ်နေကြတာလေ။ ဟို.. နော်ဝေဘုရင်ကြီးတွေ လာမယ်ဆိုတဲ့အခါကျတော့ ဇွတ်အတင်းဖျက်ခိုင်း တာလေ။ အဲ့ဒီ့နေရာတွေက သူတို့ ခွင့်ပေးထားတုန်း ကတော့ ပေးထားတယ်။ တဲအိုတဲပျက်ကလေးတွေနဲ့ လတ်တလောမှာတော့ သူတို့ ဘာမှလဲ ဆောင်ရွက်မပေးတဲ့အခါကျတော့ သူတို့အတွက်က တော်တော်လေးကို သနားစရာပဲ။ အင်း ဖျက်တဲ့အချိန်မှာ လူတွေက ငိုကြ၊ ယိုကြပေါ့။ အဲ့လို ဒုက္ခတွေ ခံစားနေရတယ်။ ပြည်သူလူထုအနေနဲ့ က ဒါတွေက အတင်းအဓမ္မကြီး ဖျက်ခိုင်းတယ်ဆိုတာအပေါ်မှာတော့ မကျေနပ်ကြဘူးပေါ့။"

မန္တလေးမှာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်ကို အတင်းဖယ်ရှားပစ်ခဲ့တာနဲ့ ပတ်သက်လို့ နော်ဝေးနိုင်ငံခြားရေး ဌာနက မြန်မာအာဏာပိုင်တွေကို ကန့်ကွက်စာပေးပို့တယ် လို့ နော်ဝေးနိုင်ငံရဲ့ NRK ဆိုတဲ့ သတင်းတရပ် မှာ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မှုကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ် လို့လည်းသတင်းမှာ ရေးသားပါတယ်။

မန္တလေးမြိုခံ နောက်တဦးကတော့ ဒီလိုဖြစ်ရပ်ဟာ အထက်နဲ့အောက် အဆင့်ဆင့် တာဝန်ရှိသူတွေဟာ ဆင်းရဲသားတွေရဲ့ ပြဿနာကို သေချာလေ့လာခြင်း မရှိကြောင့် အောက်ခြေအဆင့် အာဏာပိုင်တွေက ကျုးကျော် တဲတွေနေထိုင်သူတွေ ကို လိုသလို ငွေကြေးကောက်ခံပြီး နေထိုင်ခိုင်းရာကနေ အခုလို ပြဿ နာတွေ ဖြစ်လာရတယ်လို့ ပြောဆိုပါတယ်။

"ကျနော်တို့ အုပ်ချုပ်သူတွေ၊ ဝန်ကြီးချုပ်တွေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာက ဆင်းရဲမွဲတေမှုတွေက အများကြီးရှိနေတယ်။ ရှိနေတဲ့အတွက် ဒါတွေက ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဝန်ကြီးချုပ်တွေကလည်း အောက်ခြေက လူတွေ ပုံစံတွေ လုပ်နေတာတွေကို သူက မသိဘူး။ အောက်ခြေဆိုရင် လောလောဆယ် နံပတ်တစ်က စည်ပင်ပေါ့ဗျာ။ စည်ပင်က ငွေရေးကြေးရေးတွေ ကောက်တယ်။ ကောက်ပြီးတော့ အထက်ကို တင်တာတွေ မရှိဘူး။ အဲ့တာကြောင့် ကျနော်တို့ အောက်ခြေမှာ ဖြစ်နေတာတွေက စည်ပင်နဲ့ဝန်ကြီးချုပ်မှာ တာဝန်ရှိတယ်ပေါ့။ "

မန္တလေးမြို့မှာတော့ အခုလိုမျိုး ဆင်းရဲသား ကျုးကျာ်နေထိုင်သူတွေကို နေရာထိုင်ခင်း စီစဉ်ပေးတာမျိုး မရှိပဲ ဖယ်ရှားခိုင်းချင်တဲ့အခါ ဖယ်ရှားခိုင်းနေတဲ့အတွက် လူအခွင့်ရေး ချိုးဖောက်မှု အဖြစ် မြို့ခံတချို့ကလည်းဆိုပါတယ်။

" အစိုးရ စီမံခန့်ခွဲမှုတွေကလည်း ဒီလို ဇွတ်အတင်းလုပ်တာတွေက မြန်မာပြည်က လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘာမှကို စောင့်ရှောက်တာမျိုး ကြည့်တာမျိုးကို မရှိသလောက်ပဲ။ အဲ့တော့ ပြောမယ်ဆိုရင်ဒီလိုလုပ်တာမျိုးတွေကို အန်ကယ်လ်တို့အမြင်နဲ့ကတော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ လုပ်တယ်။ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်တယ်လို့ပဲ မြင်တာပေါ့။ မန္တလေးမြို့မှာလည်း ဒီလို အခြေအနေမဲ့တွေက ဆင်းရဲသားလူတန်းစားတွေ မြို့ပတ်လည်မှာ အများကြီးရှိတာပဲ။ အများကြီးရှိတယ်။ အများကြီးရှိတယ်။ တချို့တော်တော်များများ ဆိုရင်လည်း ဒီလိုအဖျက်ခံရလို့ ငိုကြ ။ ယိုကြဆိုတာတွေရှိတယ်။ ဘာမှ နောက်ကနေ ကယ်ဆယ်စောင့်ရှောက်တယ် ဆိုတာမျိုး သိပ်မရှိဘူး။ ဆင်းရဲသားတွေကို နေစရာထိုင်စရာပေး သူတို့အတွက် အားလုံး အဆင်ပြေလောက်အောင် ဆောင်ရွက်ပြီးမှသာလျင် အခုလိုဖျက်တယ်ဆိုတာ ကောင်းတာပေါ့။ အခုကျတော့ လူ့အခွင့်အရေးအရ ပြောမယ်ဆိုရင် တော်တော်ဆုံးရှုံးခံရတဲ့သဘောရှိတယ်။ "

မြန်မာတနိုင်ငံလုံးမှာ သိန်းနဲ့ချီရှိတဲ့လူတွေဟာ အခုလိုပဲ ကျုးကျော်နေထိုင်တယ်လို့ ဆိုပြီး ဖယ်ရှားခံနေရတာပါ။ သူတို့ရဲ့ ဆင်းရဲမွဲတေမူပြသနာတွေ ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့ အရင်းအမြစ်ကို တော့အစိုးရက ဖြေရှင်းနိုင်မူ အားနည်းနေပါတယ်။ နော်ဝေနိုင်ငံရဲ့သတင်းတွေထဲမှာတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်မှုကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း သတင်းတွေ မှာ ရေးသားနေပါတယ်။

XS
SM
MD
LG