EU ဥရောပသမဂ္ဂက ၂၀၁၄ ကနေ ၂၀၂၀ ကာလအထိ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို အထောက်အကူပြုဖို့ ယူရို ၆၈၈ သန်း ပေးဖို့ လျာထားတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်လိုကဏ္ဍတွေမှာ အကူအညီပေးဖို့ ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
EU ဥရောပသမဂ္ဂက ၂၀၁၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို အထောက်အကူပြုဖို့ ၂၀၁၄ ကနေ ၂၀၂၀ အထိ ၇ နှစ်တာကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အမေရိကန်ဒေါ်လာ သန်း ၉၀၀ နဲ့ညီမျှတဲ့ ယူရို ၆၈၈ သန်းကို မြန်မာနိုင်ငံကိုပေးဖို့ လျာထားတယ်လို့ ဆိုပါတယ်။ အခုလို လျာထားရာမှာ ပါဝင်တဲ့ အထောက်အကူပေးတဲ့ အဓိကကဏ္ဍတွေနဲ့ ပတ်သက်လို့ EU ပြောခွင့်ရသူ Maja Kocijancic က -
“အဓိကကတော့ ဒီရန်ပုံငွေဟာ အသွင်ကူးပြောင်းရေးကာလမှာ အထောက်အကူ အလိုအပ်ဆုံး ကဏ္ဍတွေအတွက် ဖြစ်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လယ်ယာစိုက်ပျိုးရေးစနစ် ပိုမိုကောင်းမွန်ရေး၊ အစားအစာနဲ့ အဟာရ အပြည့်အ၀ ရရှိရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပီပြင်တဲ့ အုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့အတွက် ဖြစ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံသားတွေအတွက် တိုက်ရိုက် အကျိုးပြုနိုင်ရေးပဲ ဖြစ်ပါတယ်” - လို့ EU ပြောခွင့်ရက ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ကဏ္ဍတွေအတွက် လျာထားရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ရင်ဆိုင်နိုင်ရေး၊ သဘာ၀ သယံဇာတ ပီပြင်စွာ အသုံးချနိုင်ရေး စသဖြင့်အတွက် ယူရို ၂၄၁ သန်း၊ ပညာရေးကဏ္ဍမှာ တပြေးညီ ပညာသင်ကြားခွင့် ရရှိရေး၊ ပညာရေးစနစ်နဲ့ အလုပ်အကိုင် ဈေးကွက်လိုအပ်ချက် သဟဇာတ ဖြစ်ရေးအတွက် ယူရို ၂၄၁ သန်း၊ ပီပြင်တဲ့အစိုးရ ပေါ်ပေါက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြည်သူ့အကျိုး ဆောင်ရွက်နိုင်ရေးအပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ ထင်သာမြင်သာရှိပြီး အုပ်စုအားလုံးတို့ ပါဝင်ဖို့အပြင် နိုင်ငံတကာက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်နိုင်ရေး စသဖြင့်အတွက် ယူရို ၉၆ သန်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အပြင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လူမှုရေးနဲ့ စီးပွားရေး ပြန်လည် နလန်ထူထောင်ရေးအတွက် ယူရို ၁၀၃ သန်း အထောက်အကူပေးဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလတွေမှာ ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလအထိ အထောက်အကူပေးမယ့် ဥရောပသမဂ္ဂရဲ့ အစီအစဉ်ကို EU ဌာနကိုယ်စားလှယ်ရုံးက အရာရှိတွေနဲ့ ဒေသခံ NGO တွေအပြင် အစိုးရအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း Maja Kocijancic က ပြောပါတယ်
“ကျမတို့အနေနဲ့ အာဏာပိုင်တွေနဲ့ရော NGO တွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ ဒီနေရာမှာ လိုက်နာရမယ့် စည်းမျဉ်းတွေက သိပ်ကို ရှင်းပါတယ်။ ၁ ယူရို ၁ ဒေါ်လာသုံးတိုင်း ဘယ်လိုသုံးတယ်ဆိုတာကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ EU အဖွဲ့ဝင် နိုင်ငံသားတွေရဲ့ အခွန်ငွေနဲ့ ဒီလိုပေးတဲ့ အထောက်အကူတွေဟာလည်း ဘယ်လိုထိရောက်မှု ရှိသလဲဆိုတာကိုလည်း ဥရောပတိုက်သားတွေက သိချင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂကလည်း ဒီပေးတဲ့ အထောက်အကူငွေကို ဘယ်လိုသုံးမလဲဆိုတာ တိတိကျကျ စည်းမျဉ်းတွေ ချထားတာ ဖြစ်ပါတယ်” - လို့ ပြောခွင့်ရသူ Maja Kocijancic က ပြောသွားတာ ဖြစ်ပါတယ်။
EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ချိန်ကစလို့ မြန်မာ့စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုအတွက် ပါဝင်ကူညီခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့နှစ်က ၂၀၁၄ နဲ့ ၂၀၁၆ - ၃ နှစ်တာကာလအတွက် အသွင်ကူးပြောင်းရေး ပူးတွဲအစီအစဉ်အရ ယူရို သန်း ၂၅၀ မြန်မာနိုင်ငံကို အထောက်အကူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အဆိုပြုချက်ကို ကမကထပြု တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။