သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး အစိုးရပူးပေါင်းမှုလိုအပ်


ရန်ကုန်မှာကျင်းပတဲ့ ၆၆ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနား (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
ရန်ကုန်မှာကျင်းပတဲ့ ၆၆ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနား (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)

ဒီမိုကရေစီ နိုင်ငံတော်သစ်စီ ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်ပြီး လုပ်လာနိုင်ပေမဲ့ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုနေသေးတယ်လို့ ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ အရင်ကထက်ပိုပြီး လုပ်လာနိုင်ပေမဲ့လည်း အစိုးရကပါ ဝိုင်းဝန်းလုပ်ကိုင်ဖို့ လိုသေးတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးစီးကျင်းပတဲ့ ၆၆ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ထောက်ပြ ပြောဆိုကြပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ဆိုရင်တော့ လူအခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေမှာ အစိုးရဘက်ကပါ ပါဝင်သင့်တယ်လို့ အမေရိကန်သံရုံးက လူ့အခွင့်အရေးဆိုင်ရာ အရာရှိ Ms. Thu Nguyen (သူငွင်) က အကြံပြုလိုက်ပါတယ်။

“စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲနေတဲ့ အစိုးရအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို နေရာပေးရပါမယ်၊ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေကို ကာကွယ်ပေးရမယ်၊ လယ်ယာမြေဆိုင်ရာ ပြသနာတွေကို ဖြေရှင်းပေးရမယ်၊ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို တားဆီးရမယ်၊ နိုင်ငံသားတွေကို အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေးတွေ ချပေးရမယ်” - လို့ ပြောသွားတာပါ။

လက်ရှိကာလမှာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်တွေ ပေါ်ထွက်လာပေမဲ့ ဒီဥပဒေသစ်တွေဟာ လူ့အခွင့်အရေးကို အပြည့်အဝ မကာကွယ်ပေးနိုင်သေးဘူးလို့ Equality Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ပြောပြပါတယ်။

ဦးအောင်မျိုးမင်း (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
ဦးအောင်မျိုးမင်း (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)

“ဥပဒေတွေမှာ ပြန်ကြည့်မယ်ဆိုရင်လည်း တဘက်က အရင်ဥပဒေတွေက ဆက်ရှိနေတုန်းပဲ။ ဖိနှိပ်တဲ့ဥပဒေ ကျန်နေတယ်။ နောက်ထပ် အသစ်ပေါ်လာတဲ့ ဥပဒေတွေကလည်း ပြောမယ်ဆိုရင် အပြည့်အ၀ မကာကွယ်ပေးနိုင်ဘဲနဲ့ နည်းဥပဒေတွေကနေ ပြန်ပြီး ချုပ်ထားတဲ့ဟာတွေ ဖြစ်နေတဲ့အတွက် ကျနော်တို့က တိုးတက်တော့ တိုးတက်လာတယ်။ ဒါပေမဲ့ ဝမ်းသာအားရနဲ့ ပျော်ရွှင်ပြီးတော့ လူ့အခွင့်အရေး ရပါပြီလို့ ပြောလို့ရတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတုန်းပါပဲ။”

မိမိတို့ရဲ့ အမြင်တွေကို တာဝန်ရှိသူ၊ အာဏာရှိသူတွေ သိအောင် ဖော်ထုတ်ခြင်းဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေထဲက နိုင်ငံသားတွေရဲ့ အခွင့်အရေးတရပ်ပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Daniel Collinge က ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာဖို့ဆိုရင် မြန်မာနိုင်ငံသားတွေရဲ့ အမြင်တွေကို ချပြခွင့်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။

“ပြည်သူလူထုတွေက အစိုးရရဲ့ လုပ်ငန်းစဉ်တွေ၊ အခြားလူတွေရဲ့ သဘောထားတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေလုပ်မယ်၊ အစိုးရကလည်း ဒီဝေဖန်မှုတွေကို အလေးတယူနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်လာမှာပါ။ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ ပြဌာန်းမယ်ဆိုရင်လည်း နိုင်ငံသားရဲ့ အမြင်ကို လွတ်လပ်အေးချမ်းစွာ ထုတ်ဖော်ပြခွင့်ပြုတဲ့ ဥပဒေတွေ ပြဌာန်းဖို့ အရေးကြီးပါတယ်။ ဒီလို ဆန္ဒအမြင်တွေ ဖော်ထုတ်တာကို အရေးယူ၊ အပြစ်ပေးတဲ့ ဥပဒေမျိုးတော့ မပြဌာန်းသင့်ပါဘူး။”

လတ်တလော နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ပြည်တွင်းစစ် ဖြစ်နေတာတွေဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိခြင်းကို ဖော်ပြနေတယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေရှိတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသတွေထဲမှာ လက်နက်ကိုင်ကြောင့် ဒုက္ခရောက်တဲ့သူရှိခြင်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိခြင်းကို ဖော်ပြနေတာဖြစ်တယ်။ ပိုမိုဆိုးရွားတဲ့ အချက်တွေကတော့ အရင်တုန်းကတော့ စစ်ပွဲအတွင်းမှာပဲ လူတွေပြေးရရှောင်ရနဲ့ ဒုက္ခရောက်တာရှိပေမဲ့ အခုဆိုရင် တယောက်နဲ့တယောက် မုန်းတီးအောင် လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို သွေးထိုးမှုတွေကြောင့် အရင်တုန်းက ငြိမ်းချမ်းပါတယ်ဆိုတဲ့ ဒေသတွေအတွင်းမှာ ကျနော်တို့ ပဋိပက္ခတွေ ဖြစ်နေခြင်း ဒါက ပိုမိုဆိုးရွားလာတဲ့ ပုံစံတခုလို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၉ ကြိမ်မြောက် ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia လည်း တက်ရောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်လုပ်ကိုင်ရာမှာ ကူညီဖို့ အသင့်ရှိနေပါတယ်လို့ ပြောဆိုသွားပါတယ်။ ဒီနေ့အခမ်းအနားမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူနည်းစုနဲ့ တိုင်းရင်းသားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး စတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေများကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေနဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG