သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရုံး ပုံမှန်သတင်းစာရှင်းလင်းပွဲ လုပ်မည်


နိုင်ငံတော်သမ္မတ အိမ်တော်တွင်း အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲနဲ့ သမ္မတအိမ်တော်ကနေ နေ့စဉ် သတင်းအချက်အလက် ရယူနိုင်တော့မယ့် အစီအစဉ်တွေကို ၂၀၁၅ နှစ်ဆန်းပိုင်းမှာ စတော့မယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒါဟာ အရင်က ရယူဖို့ခက်ခဲတဲ့ အစိုးရပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို ပုံမှန်ရယူနိုင်တော့မယ့် ခြေလှမ်းတရပ်အဖြစ် သတင်းမီဒီယာတွေက ကြိုဆိုလိုက်ပါတယ်။ သမ္မတအိမ်တော်မှာ သတင်းယူခွင့် ရနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ပြည်တွင်းသတင်းဌာနတွေက သတ်မှတ်ချက်တွေနဲ့အညီ သမ္မတအိမ်တော် သတင်းထောက်တွေ ထားရှိပေးရမှာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက် မှန်ကန်မြန်ဆန်စွာ စီးဆင်းနိုင်ရေးအတွက် ရည်ရွယ်တယ်ဆိုပြီး သမ္မတအိမ်တော်မှာ လာမယ့် ၂၀၁၅ နှစ်ဆန်းပိုင်းကစလို့ သတင်းမီဒီယာတွေနဲ့ ပုံမှန်တွေ့ဆုံဖို့ အစီအစဉ် စတော့မှာဖြစ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာ တာဝန်ခံတွေကို အသိပေးပြောဆိုလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီး၊ သမ္မတရုံး သတင်းထုတ်ပြန်ရေး တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Association (MJA)၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) (Myanmar Press Council (MPC)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ (Myanmar Journalist Union)၊ မြန်မာဂျာနယ်လစ်ကွန်ရက် (Myanmar Journalist Network) သတင်းမီဒီယာသမားတွေ ဒီကနေ့ တွေ့ဆုံပြီးတော့ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်တွင်း သတင်းရယူခွင့်နဲ့ သတင်းထောက် ထားရှိရေးကိစ္စတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့အကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေက အခုလို ပြောပါတယ်။

“ဝန်ကြီးက အဓိကလာပြီးတော့ ရှင်းတဲ့ကိစ္စကတော့ သမ္မတရုံး သတင်းထောက်ထားရှိဖို့ကိစ္စ၊ သမ္မတရုံးကနေပြီးတော့ ပုံမှန် သတင်းစာရှင်းလင်းပွဲ လုပ်မယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲကို ပုံမှန်တက်တဲ့ သတင်းထောက်ထားဖို့ အဲ့ဒီကိစ္စ လာပြီးတော့ ဆွေးနွေးတာပါ။ အိမ်ဖြူတော်ပုံစံမျိုး လုပ်တယ်ဆိုပေမဲ့ အိမ်ဖြူတော်လောက်တော့ ပွင့်ပွင့်လင်းလင်း ရှိချင်မှတော့ ရှိမယ်ပေါ့နော်။ သို့သော် ဒါ အတိုင်းအတာတခုလောက်အထိတော့ ပွင့်လင်းမြင်သာမှု ရှိလာတယ်။ နောက် access information ကိစ္စက ပြေလည်သွားတယ်ပေါ့နော်။ သမ္မတရုံးနဲ့ ပြေလည်ခြင်းသည် အစိုးရအဖွဲ့ရဲ့ သတင်း အများစုလည်း ရနိုင်တယ်ပေါ့နော်။ ဒါ ပုံမှန် မေးလို့မြန်းလို့ စုံစမ်းလို့ အတည်ပြုလို့ ရမယ်။ ဒါကောင်းပါတယ်။ အကြံပြုချင်တာထက်စာရင် ဒါတွေက လုပ်ကြည့်ပြီးတော့လေ တကယ့်အတွေ့အကြုံအရ လက်တွေ့ လုပ်ကြည့်တဲ့အခါကျတော့ ဘာတွေ ဘယ်လို လိုအပ်တယ်ဆိုတာမျိုး ဝိုင်းအကြံပြုတာတော့ ကောင်းတယ်။ အခုလောလောဆယ်တော့ ဒီလိုခြေလှမ်းမျိုး စတာကိုက ကောင်းတယ်လို့ ပြောရမှာပေါ့နော် ဒါ။”

မှန်ကန်ပြီးတော့ ဘက်မျှတဲ့သတင်း ဖော်ပြနိုင်ရေး အာဏာပိုင်တွေနဲ့ အစိုးရဝန်ကြီးဌာနတွေဆီက သတင်းအချက်အလက် ရယူဖို့ အခက်အခဲတွေ ရှိနေတဲ့ အနေအထားမှာ အခုလိုမျိုး သမ္မတဘက်က သတင်းအချက်အလက်တွေ ပုံမှန် ထုတ်ပြန်ပေးဖို့ ခြေလှမ်းစ လုပ်ဆောင်လာတဲ့အပေါ် ကြိုဆိုပါတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်ကလည်း ပြောပါတယ်။

“ဖြစ်ပေါ်တိုးတက်မှုတခုပေါ့။ သတင်းအချက်အလက် ရရှိရေးထဲမှာ အများကြီးထဲက တခုပေါ့လေ။ ဘာလို့လဲဆိုတော့ သမ္မတအိမ်နဲ့ ပတ်သက်တဲ့ဟာတွေ၊ နိုင်ငံတော်ပွဲလို အခမ်းအနားတွေမှာ များသောအားဖြင့် နိုင်ငံပိုင် မီဒီယာတွေပဲ သတင်းစဉ်ရှိတာကနေ အခု ဒီဟာကတော့ ဒါ ပထမဆုံး သတင်းအချက်အလက် ရယူဖို့အတွက်မှာ လုပ်ရမယ့်ဟာတွေထဲက တခုလို့ ကျနော် မြင်ပါတယ်။”

နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ သတင်းသမားတွေအတွက် သတင်းမီဒီယာခန်း ဖန်တီးပေးထားမှာ အပါအဝင် နေ့စဉ် ပုံမှန် သတင်းအချက်အလက် ရယူနိုင်ဖို့ စီစဉ်ပေးထားမယ့်အကြောင်းနဲ့ မီဒီယာသတင်းဌာနတွေဆီကနေ သမ္မတအိမ်တော် သတင်းထောက် ထားရှိနိုင်ရေး သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ အကြံပြု ဆွေးနွေးခဲ့တာတွေကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဦးကျော်မင်းဆွေက ပြောပြပါတယ်။

“အဓိကကတော့ အိမ်ဖြူတော်လုပ်တဲ့ပုံစံမျိုး ယူတာပေါ့နော်။ သမ္မတ ပြောရေးဆိုခွင့်ရှိသူဖြစ်ဖြစ် သို့မဟုတ် သမ္မတရုံးက ညွှန်ကြားရေးမှူးတယောက် ဖြစ်ချင်ဖြစ်မယ်ပေါ့။ အခါအားလျော်စွာ ဝန်ကြီးတချို့လည်း လာပြီးတော့ ရှင်းလင်းတာမျိုး ရှိချင်ရှိမယ်။ ၅ ရက် ၁ ပတ်စာကတော့ သူ ရှင်းမယ်လို့ ပြောတယ်။ သမ္မတရုံး သတင်းထောက်အဖြစ် သတ်မှတ်ဖို့ ကိစ္စမျိုးလေးတွေမှာတော့ ဝိုင်းပြီးတော့ ဆွေးနွေးတာရှိတယ်။ အကြံပြုတာရှိတယ်။ သတင်းထောက် အတွေ့အကြုံ သတ်မှတ်ချက်တို့၊ နှစ်သတ်မှတ်ချက်တို့ ဘာတို့ပေါ့နော် အခု အိမ်ဖြူတော်မှာ သတင်းထောက်ထားသလိုပေါ့ ဒီဘက်ကလည်း ထားပေးရဦးမှာ။ အဲတော့ သမ္မတရုံးကတော့ သူက သီးသန့် အဆောက်အအုံထားပေးမယ်။ အိပ်ဖို့တော့ မဟုတ်ဘူးပေါ့နော်။ အမြဲတမ်း အဲ့ဒီမှာလာပြီးတော့ သတင်းထောက်တွေ နေဖို့၊ ပြုဖို့၊ အင်တာနက် access တို့၊ အဆောက်အအုံထားပေးမယ်။ လိုအပ်တဲ့အခါမှာ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲ လုပ်ပြီဆိုတာနဲ့ ချက်ခြင်း သမ္မတရုံးပေါ်တက်ပြီးတော့ သတင်းယူလို့ရအောင် အလွယ်တကူ အဲ့ဒီမှာ နေဖို့၊ နားဖို့ လုပ်ပေးထားတာမျိုး ဒီသဘောပါ။”

စစ်အစိုးရလက်ထက်ကထက် အခု အရပ်သားအစိုးရလက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတော်အသင့် ရှိလာနေပြီလို့ ပြောဆိုလာချိန်မှာပဲ အစိုးရအနေနဲ့ သတင်းမီဒီယာတွေအပေါ် သတင်းအချက်အလက် ဖြန့်ဝေမှု အားနည်းနေသလို သတင်းသမားတွေဘက်မှာလည်း စံမှီတဲ့ သတင်းသမား၊ ကျင့်ဝတ်လိုက်နာမှု လိုအပ်ချက်တွေရှိနေတာကြောင့် ဖြစ်တယ်လို့ အပြန်အလှန် ပြောဆိုနေကြရင်း သတင်းသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေကြား သတင်းဖော်ပြမှု သတင်းရယူမှုတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေကြောင့် မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်လာနေချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG