သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သစ်ခိုးထုတ်မှု ပြသနာ ဘယ်လို အဖြေရှာမလဲ

China Myanmar Logging
1/8 China Myanmar Logging
China Myanmar Logging
2/8 China Myanmar Logging
China Myanmar Logging
3/8 China Myanmar Logging
China Myanmar Logging
4/8 China Myanmar Logging
China Myanmar Logging
5/8 China Myanmar Logging
China Myanmar Logging
6/8 China Myanmar Logging
China Myanmar Logging
7/8 China Myanmar Logging
China Myanmar Logging
8/8 China Myanmar Logging
Previous slide
Next slide

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ကတော့ အစိုးရ စစ်တပ်ကနေ ကချင်ပြည်နယ်မှာ သစ်မှောင်ခို ဝင်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် သစ်တင်ကား၊ အခြား ယာဉ်နဲ့ ယန္တယား အများအပြား ဖမ်းဆီးလိုက်တဲ့ သတင်းပါ။ အစိုးရရဲ့ သစ်မှောင်ခို ဖမ်းဆီးမှု သမိုင်းမှာ နိုင်ငံခြားသား အများဆုံးနဲ့ သစ်တင်ကား အများဆုံး ဖမ်းဆီးရမိမှုအဖြစ် မှတ်တမ်းဝင်သွားပါပြီ။ တဆက်တည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ တရုတ် နိုင်ငံသားတွေကို မျှမျှတတ ကိုင်တွယ်ဖို့ တောင်းဆိုလိုက်ပါပြီ။ သစ်မှောင်ခို ဖမ်းဆီးရမိမှု ဘယ်လောက် ကြီးကျယ်သလဲ၊ ဒီ ဖမ်းဆီးမှုဟာ ဘာသဘော ဆောင်သလဲ၊ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇန်နဝါရီ ၂ ရက်ကနေ ၅ ရက်နေ့အတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသမှာ ဖမ်းဆီးရမိတဲ့ သစ်မှောင်ခို သမားတွေနဲ့ ယာဉ်ယန္တယား အရေအတွက် အလွန်များပြားပါတယ်။ ဖမ်းဆီးရမိတဲ့ သစ်တင်ယာဉ် အပါအဝင် ယာဉ်ယန္တယား စုစုပေါင်း အစီး ၄၇၀ ကျော်ရှိတာကြောင့် တကယ့်တကယ် အဲဒီနယ်မြေထဲ ရောက်နေတဲ့ လူအရေအတွက်ဟာ ယာဉ်မောင်းသက်သက်ပဲ အယောက် ၅၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။ သစ်ခုတ်၊ သစ်တင် အလုပ်သမားတွေ၊ သူတို့ကို ချက်ပြုတ်ကျွေးမွေးသူတွေ အားလုံးကိုပါ ထည့်ပေါင်းရင် လူပေါင်း ထောင်ဂဏန်းလောက် ဝင်ရောက် လုပ်ကိုင်နေမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် အစိုးရ တပ်ဖွဲ့ စစ်ကြောင်း ဝင်ရောက် စီးနင်းတာကြောင့် တစ်ချို့ နယ်စပ်နဲ့ နီးတဲ့ နေရာတွေမှာ ထွက်ပြေးလွတ်မြောက်သွားတာမျိုး ရှိနိုင်တဲ့အတွက် ပထမ ရက်ပိုင်းမှာ တရုတ် အယောက် ၁၂၀ ကျော်၊ နောက်တစ်ရက်မှာ ၁၇ ယောက် စုစုပေါင်း အယောက် ၁၄၀ ကျော်ပဲ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဒီအရည်အတွက်ဟာ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာကာလ အတွင်း သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသား အယောက် ၁၃၀ နဲ့ နှိုင်းယှဉ်ရင်တောင် များနေပါသေးတယ်။

တရုတ်သစ်ခိုးထုတ်မှု ပြသနာ ဘယ်လို အဖြေရှာမလဲ
please wait

No media source currently available

0:00 0:05:40 0:00
တိုက်ရိုက် လင့်ခ်

တကယ်တော့ တရုတ်နိုင်ငံဘက်ကနေ မြန်မာ့ သစ်တွေ ခိုးထုတ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ အရင် ၁၉၉၀ မတိုင်ခင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအိုင်အို အဖွဲ့ အခြေချနေစဉ်ကတည်းက တရုတ်ဘက်ကို သစ်ထုတ်ယူနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကာလ တရုတ်ဘက်က လိုအပ်ချက် နည်းနေသေးတာ၊ လမ်းဖေါက်တာနဲ့ သစ်ထုတ်လုပ်တဲ့ နည်းတွေ ခေတ်မမီသေးတာကြောင့် နောက်ပိုင်းကာလလောက် အများအပြား ထုတ်ယူနိုင်ခြင်း မရှိပါဘူး။ တကယ့်တကယ် သစ်တွေ အလုံးအရင်း အများအပြား ထုတ်ယူနိုင်ခဲ့တာကတော့ ၁၉၉၀ တိုင်းရင်းသား လက်နက်ကိုင်တွေ ဗကပ ခေါင်းဆောင်မှုအောက်ကနေ ခွဲထွက်၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးချိန် နောက်ပိုင်းမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အစိုးရဆီက ပါမစ်နည်းနည်းယူ သစ်ကို များများထုတ် ဆိုတဲ့ နည်းနဲ့ တရုတ်ဘက်ကို ထုတ်ကြတာ ဖြစ်ပါတယ်။

သစ်ထုတ်လုပ်ရေး လုပ်ငန်း လုပ်ရတာကလည်း လွယ်ကူပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ဘယ်သစ်ကွက်တွေကို ဘယ်သူယူစေ ဆိုပြီး ခွဲဝေယူကြပါတယ်။ အဲဒီ ရထားတဲ့ သစ်ကွက်တွေက သစ်တွေ ထုတ်ယူဖို့ တရုတ် ကုန်သည်နဲ့ စကားပြော၊ ညှိနှိုင်းထားတဲ့ ငွေကြေးပမာဏ တစ်ခု ရယူပြီး ထုတ်လုပ်ဖို့ ခွင့်ပေးလိုက်တာမျိုးပါ။ တခါတရံ တရုတ်ကုန်သည်ဘက်က ကမ်းလှမ်းတဲ့ သစ်ကွက်တွေကို လက်နက်ကိုင်အဖွဲ့ဘက်က ချပေးတာမျိုးလည်း ရှိပါတယ်။ သစ်ထုတ်လုပ်ခွင့်ရသွားတာနဲ့ တရုတ် ကုမ္ပဏီတွေဟာ တရုတ် နယ်စပ်ဘက်ကနေ သစ်ထုတ်လမ်းတွေ ဖေါက်ပါတယ်။ အဲဒီ သစ်ထုတ်လမ်းရဲ့ နယ်စပ် ထွက်ပေါက်တွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကောက်ခွန် စခန်းငယ်လေးတွေ လာရောက်ဖွင့်လှစ်ပြီး သစ်အပေါ် အခွန်ကောက်တာမျိုး ရှိပေမယ့် လာဘ်ပေးလာဘ်ယူ ကိစ္စတွေကြောင့် အဖွဲ့အစည်းအတွက် အခွန်နည်းနည်းပါပါးလောက်ပဲ ရကြပါတယ်။ ဒီလိုနည်းနဲ့ တရုတ် ကုန်သည်တွေဟာ ကချင်ပြည်နယ်ထဲက သစ်တွေ တောပြုန်း တောင်ပြုန်း ဖြစ်လောက်အောင် အမြစ်ပါမကျန် တူးယူ ထုတ်လုပ်ခဲ့ကြပါတယ်။

နောက်ပိုင်း သစ်မှောင်ခို ပြသနာ အဲဒီထက် နက်ရှိုင်းလာပါတယ်။ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေက သစ်တွေကိုလည်း အဲဒီ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ နယ်စပ်တွေကနေပဲ ထုတ်ယူတာမျိုး လုပ်လာပါတယ်။ ဒီလိုနည်းနဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ သစ်တော့ပြုန်းတီးမှု ပြသနာ ဆိုးဆိုးရွားရွားကြုံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက မြန်မာနိုင်ငံရဲ့ ခေါင်မိုးလို့ ခေါ်နိုင်တဲ့ ကချင်ပြည်နယ်က မိုးသစ်တောတွေ ပြုန်းတီးကုန်လို့ ခေါင်မိုးပေါက်သွားခဲ့ပြီလို့ တင်စား ခေါ်ဝေါ်သည်အထိ ဖြစ်ခဲ့တာပါ။

အင်္ဂလန်နိုင်ငံ အခြေစိုက် သဘာ၀ ပါတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့ EIA ရဲ့ အစီရင်ခံစာ တစ်စောင်မှာ ၁၀ နှစ်တာကာလအတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သစ် တန်ဘိုး အမေရိကန်ဒေါ်လာ (၆) ဘီလျံနီးပါးဖိုးလောက် ခိုးထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ အဲဒီငွေတွေ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင် တစ်ချို့ကလွဲပြီး ဘယ်သူမှ သိပ်ရကြတာ မဟုတ်ပါဘူး။ အစိုးရက မရသလို၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ရတာတွေကလည်း စစ်လက်နက်ပစ္စည်းနဲ့ စစ်အသုံးစားရိတ်တွေထဲပဲ ရောက်သွားတာ များပါတယ်။

အခုဆိုရင် မြန်မာအစိုးရဟာ သစ်တော ပြုန်းတီးမှုကို ကာကွယ်ဖို့၊ သစ်အချောထည် တင်ပို့မှု လုပ်နိုင်ဖို့ အတွက် နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ်ကနေ မှောင်ခို ထုတ်နေတာတွေကို မတားဆီးနိုင်တဲ့အတွက် အိတ်ပေါက်နဲ့ ဖါးကောက်သလိုပဲ ဖြစ်နေတာပါ။ အခုဖြစ်စဉ်မှာ မြန်မာ့တပ်မတော်ဟာ အရင် နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့တဲ့ တရုတ် သစ်မှောင်ခိုကိစ္စ အခုမှ ဘာကြောင့် ဖမ်းဆီးအရေးယူမှု လုပ်ရသလဲ စဉ်းစားစရာပါ။ သိပ်မကြာသေးခင်တုန်းက တရုတ်ကွန်မြူနစ်ပါတီ အာဘော် The Global Times သတင်းစာမှာ ၂၀၀၉ ခုနှစ် မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်းက ကေအိုင်အေ နဲ့ ပေါင်းပြီး သူ့နယ်မြေကို ပြန်တိုက်ယူမယ် ဆိုတဲ့ အင်တာဗျူး ဖော်ပြခဲ့လို့ ဆိုပြီး ထင်မြင်ယူဆ သူတွေလည်း ရှိနေပါတယ်။

ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် နှစ်ပေါင်းများစွာ မြန်မာ့သစ်တွေ ခိုးထုတ်နေတဲ့ တရုတ်သစ်မှောင်ခို ကိစ္စ အစိုးရအနေနဲ့ အရေးယူကိုင်တွယ် ဖြေရှင်းသင့်ပါပြီ။ ဒီ သစ်မှောင်ခိုက ရတဲ့ငွေတွေဟာ လက်နက်ခဲယမ်းတွေအဖြစ် ပြောင်းသွားပြီး ညီအစ်ကိုချင်း တိုက်ခိုက်နေကြတဲ့ မြန်မာပြည် ပြည်တွင်းစစ်ကို ပိုပြီးလည်းရှည်ကြာစေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တရုတ်အစိုးရကို ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် အားပေးကူညီဖို့၊ သစ်၊ ကျောက်မျက်နဲ့ သတ္တုသယံဇာတ မှောင်ခို ထုတ်ယူနေတာတွေကို ရပ်ဆိုင်းပေးဖို့ တရားဝင် အရေးဆိုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG