သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Water စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ရေ လို့အဓိပ္ပါယ်ရတဲ့ Water ဝေါဟာရကို အခြေခံတဲ့ Watered down, Test the water or test the waters နဲ့ Fish out of water တို့ကိုတင်ပြထားပါတယ်။

(၁) Watered down

Watered (ရေကို ရောထားတာ), Down (အောက်ဘက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျဲသွားအောင် ရေရောထားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ထိရောက်မှုကို လျော့နည်းအောင်၊ အားပျော့အောင်၊ ပြင်းထန်မှုကို သက်သာအောင် ပြုလုပ်တဲ့သဘောမျိုး ဖြစ်ပါတယ်။ တခုခုကို ရေနဲ့ ရောလိုက်တဲ့အခါ အဲဒီ အရောခံရတဲ့ဟာက နဂိုရှိရင်းစွဲထက် အာနိသင် လျော့သွားတာ ဖြစ်ပါတယ်။ ဟင်းတွေဘာတွေဆိုရင်လဲ ရေရောလိုက်ရင် ကျဲသွားတဲ့သဘောပေါ့။ ဒါကြောင့် တခုခုကို အားလျော့စေတယ်။ အားနည်းစေတယ်။ အာနိသင် လျော့စေတယ်ဆိုရင် Watered down ဆိုတဲ့ အီဒီယံကို ရည်ညွန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The new policy is a watered down version of the old one. So it will not protect the workers’ rights.
ပေါ်လစီအသစ်ဟာ အဟောင်းမှာပါတာထက် ပိုပြီးအားပျော့နေတဲ့အတွက် အလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး။

(၂) Test the water or test the waters

Test (စမ်းသပ်တာ) Water (ရေ) ဆိုတော့ ရေကို စမ်းသပ်တာ ဖြစ်ပါတယ်။ ဒုတိယဖြစ်တဲ့ Test the waters ကတော့ Waters ဆိုရင် ရေပြင်လို့ အဓိပ္ပါယ် ရှိပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေ သို့မဟုတ် ရေပြင်ကို စမ်းသပ်ကြည့်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ တခုခုကို စမ်းသပ်ကြည့်တာ။ ကျမတို့မြန်မာမှာ မြေစမ်း ခရမ်းပျိုးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ရေကို အေးသလား၊ ပူသလား စမ်းသပ်ကြည့်တာ။ ရေပြင်ဟာ သွားရေးလာရေးအတွက် အန္တရာယ် ကင်းသလား၊ လှိုင်းအနေအထား ဘယ်လို ရှိသလဲဆိုတာကို အရင်စူးစမ်းလေ့လာတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ တခုခုကို မပြုလုပ်ခင် ဘယ်လောက် အောင်မြင်မှု ရှိမလဲ။ ဘယ်လောက် လက်ခံနိုင်စရာ ရှိမလဲဆိုတာကို အစမ်းသဘော ပြုလုပ်တာမျိုးကို ဒီ အီဒီယံနဲ့ ရည်ညွန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our company is testing the waters to see if our new advertisements will increase the sale.
ကျနော်တို့ ကုမ္ပဏီအနေနဲ့ ကြော်ငြာအသစ်တွေကို ထုတ်ပြီး အရောင်းများ ပိုကောင်းလာမလားလို့ ရှေ့ပြေးစမ်းသပ်မှုတွေ ပြုလုပ်နေတယ်။

(၃) Fish out of water

Fish (ငါး), Out of (အပြင်ကို ထွက်လာတာ၊ အပြင်ကို ရောက်နေတာ) Water (ရေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေအပြင်ကို ရောက်နေတဲ့ ငါး ဖြစ်ပါတယ်။ ရေထဲမှာ အသက်ရှင်နေတဲ့ ငါးအနေနဲ့ ရေအပြင်ဘက် ကုန်းပေါ် ရောက်နေမယ်ဆိုရင် ဘယ်လောက်ကြာကြာ သက်ရှင်နေနိုင်မလဲဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။ တကယ်လဲ နေ့စဉ်ဘဝမှာ ကိုယ့်သာမန် အသိုင်းအဝန်း နေထိုင်နေကြ၊ သွားလာနေကြ အပေါင်းအသင်းကြား မဟုတ်ဘဲ စိမ်းနေတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရောက်နေတဲ့ ပတ်ဝန်းကျင်မှာ နေရထိုင်ရ ခက်တဲ့သဘောမျိုး။ အဲဒီ ပတ်ဝန်းကျင်နဲ့ မရင်းနှီးတဲ့အတွက်ကြောင့် မနေတတ် မထိုင်တတ် အူကြောင်ကြောင်၊ စိတ်ထဲမလုံမလဲ ဖြစ်နေတဲ့ သဘောမျိုးကို Fish out of water လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I felt like a fish out of water at the director’s party. All the guests were famous and rich. I am just ordinary compared to all of them.
ကျနော့်အနေနဲ့ ညွှန်ကြားရေးမှုးရဲ့ ပါတီမှာ နေရထိုင်ရ ခက်လိုက်တာဗျာ။ ဧည်သည်တွေအားလုံးက နံမည်ကြီး၊ လူချမ်းသာတွေ။ ကျနော်ကတော့ သာမန်အညတရ တဦးပါ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Shelf စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Watered down, Test the waters နဲ့ Fish out of water တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG