သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နဲ့ ဗွီအိုအေ မေးမြန်းခန်း


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဗွီအိုအေမြန်မာပိုင်းက ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံမေးမြန်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဗွီအိုအေမြန်မာပိုင်းက ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံမေးမြန်း။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲပေးမှု စနစ်တွေမှာ ပြဿနာ မရှိအောင်လို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့၊ ပွင့်လင်းမြင်သာမှုတွေရှိအောင် ဆောင်ရွက်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဗွီအိုအေကို ပြော ပါတယ်။ ရွေးကောက်ပွဲ ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက် လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့။ ကာတာစင်တာကနေပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ရက်နေ့ကနေပြီးတော့ ဒုတိယအကြိမ်အစီရင်ခံစာပေါ့လေ။ ရွေးကောက်ပွဲ အခြေအနေ ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုတဲ့အနေနဲ့ အကြံပြုချက်ပါ။ သူ့ရဲ့ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲကော်မရှင်ကို အဓိက အကြံပြုချက် ခြောက်ချက် ပါပါတယ်။ ခြောက်ချက်အကြမ်းဖျင်းက ကြည့်လိုက်လို့ရှိရင် သူကတော့ သတင်းအချက်အလက်တွေ ဖြန့်ဖြူးဖို့၊ မဲဆန္ဒရှင်တွေ ပြည်သူလူထုသိအောင် မဲပေးဖို့ မဲပေးနည်းစနစ်တွေကို သတင်းမှန်ကန်စွာ ထုတ်ပြန်ဖို့တို့ ပွင့်လင်းမြင်သာမှု အစုံပါတာပေါ့လေ။ အဲ့ဒီ့အထဲမှာ ကြိုတင်မဲကိစ္စလေးကို သူထည့်ရေးထားပါတယ်။ ကြိုတင်မဲဆိုတဲ့နေရာမှာလည်း လူတွေက ကြိုတင်မဲဆိုတာနဲ့ ဘဝင်မကျကြပါဘူး။ ကြိုတင်မဲဆိုတာနဲ့ မဲခိုးတော့ မဲလိမ်တော့မှာပဲ ထင်ကြတယ်။ အထူးသဖြင့်ကတော့ ကြိုတင်မဲပေးတဲ့သူတွေကလည်း စစ်တပ်ကလူ၊ တပ်မတော်ကလူတွေ၊ တပ်ရင်းမိသားစုတွေ ပါမယ်။ သင်တန်းတက်နေတဲ့သူတွေပါမယ်။ ခရီးသွားနေတဲ့ သူတွေ ပါမယ်ဆိုတော့ အထူးသဖြင့် စစ်တပ်ကို အမြင်မကြည်လင်တဲ့ ခေတ်ရောက်နေတဲ့ အခါကျတော့ ဟာ စစ်တပ်ထဲမှာ ကြိုတင်မဲပေးမယ် ဆိုတာနဲ့တင်ကို တော်တော်များများ ဘဝင် မကျကြဘူးပေါ့လေ။ အဲ့ဒီ့တော့ ကြိုတင်မဲပေးတဲ့နေရာ မှာရော နိုင်ငံတကာ လေ့လာ အကဲခတ်ရေးအဖွဲ့တွေ ပြည်တွင်း လေ့လာအကဲခတ်ရေးအဖွဲ့တွေအနေနဲ့ရော သွားပြီးတော့ ကြည့်ရှု့လို့ရပါလားရှင့်။

ဦးတင်အေး။ ။ ကြိုတင်မဲနဲ့ပတ်သက်လို့ကတော့လေ ခဲမှန်ဖူးတဲ့ စာသူငယ်လိုဖြစ်နေတာပါ။ တကယ့် တကယ်ကတော့ ကြောက်နေတဲ့သဘော၊ စိုးရိမ်တဲ့သဘော။ ဒါဖြစ်နေတာပါ။ ကျနော်တို့လည်းပဲ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ကြိုတင်မဲနဲ့ပတ်သက်လို့ ပြန်လေ့လာပါတယ်။ ကြိုတင်မဲ အနည်းဆုံး ဘယ်နှစ်ရောက်ရှိလဲ။ ဘယ်နှစ်မဲနဲ့ အနိုင်အရှုံး ဖြစ်သွားလဲ။ ပေးမဲ ဘယ်လောက်ရလဲ။ ကြိုတင်မဲ ဘယ်လောက်ကြောင့် အနိုင်ရသွားလဲ။ ပြန်သုံးသပ်ပါတယ်။ သုံးသပ်ပြီးတော့ ကြိုတင်မဲ ပေးတဲ့သူတွေက ဘယ်သူပေးတဲ့မဲလဲလို့ သုံးသပ်လိုက်တဲ့အခါကျတော့ အခုနက ပြောသလို တပ်မတော်ကချည်းပဲ သပ်သပ် မဟုတ်ပါဘူး။ ကျန်တဲ့သူတွေ အများကြီးပါပါတယ်။ လုပ်ချင်တာ လုပ်နေတဲ့အချိန်တုန်းကတော့ ဒါက ဖြစ်သွားတာပါ။ နော် ပြန်တွက်မယ် ဆို တပ်မတော်ချည်းပဲ သပ်သပ်လည်း မဟုတ်ပါဘူး။

တချို့ဆို သောင်းဂဏန်းအထိ ထည့်သွားတဲ့ ကြိုတင်မဲတွေရှိပါတယ်။ အယ့် တော်တော်လေးလည်း စဉ်းစားစရာတွေရှိပါတယ်။ ကျနော့်လက်ထက်မှာတော့ ဒါတွေအကုန် ကျနော် မေ့ထားပါတယ်။ ဒီအပေါ်မှာပဲ ကျနော် သင်္ခန်းစာယူပါတယ်။ ဒါတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတော့ အချက် တစ်ကတော့ ဥပဒေ ခိုင်ခိုင်မာမာ ဖြစ်ဖို့ လိုတယ်။ ဥပဒေ ခိုင်မာတိကျဖို့ လိုတယ်။ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။

ဒါကြောင့် ကျနော်တို့ ဥပဒေတွေ အကုန်လုံး၊ ဥပဒေကတော့ လွှတ်တော်က လုပ်တာပေါ့လေ။ လွှတ်တော်မှာ နည်းဥပဒေပြဋ္ဌာန်းနိုင်ဖို့က ကျနော်တို့ လုပ်တာ။ ဖတ်ပြီးတော့ ရှင်းအောင် ထင်လင်းမြင်သာအောင် ဒါတွေ ခိုင်ခိုင်မာမာဖြစ်အောင် ဒါတွေ အကုန်ကျနော်တို့ ပြန်ရေးပါမယ်။ ရေးပြီးတော့ ကျနော်တို့ ပါတီတွေ CSO တွေ ချပြတယ်။ ပြီးတော့ Feedback တွေ ယူ။ ယူပြီးတော့ ပြန်ပြီးတော့ ဆွေးနွေး၊ လွှတ်တော်တွင်း တင်ပြပြီး နောက်ပိုင်းမှာ ကျနော်တို့ နည်းဥပဒေ တင်ပါတယ်။ နည်းဥပဒေမှာတော့ ရှင်းရှင်းလင်းလင်း ရှိပါတယ်။ သူတို့ ဘာမှ မေးစရာမလိုပါဘူး။

ဥပမာ ကြိုတင်မဲဆိုတာ နှစ်မျိုးရှိတာကိုး။ တစ်က မဲဆန္ဒနယ်အတွင်းမှာ ရှိသော ကြိုတင်မဲ၊ သူက ဖျားလို့ နာလို့ရှိရင် အိမ်ကို သွားပြီးတော့ ကြိုတင်မဲ တောင်းပါတယ်။ ကြိုတင်မဲပေးပြီးတော့ ဆိုင်းထိုး မဲပုံးထဲ ထည့် အဲ့သလို သွားတောင်းတဲ့အချိန်မှာ ဘယ်လိုလဲ ဆိုတော့ ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ သွားတယ်။ သို့သော်လည်း မဲရုံကိုယ်စားလှယ်တို့ မဲရုံ Observers တို့ လိုက်သွားလို့ရပါတယ်။ ကြည့်လို့ရပါတယ်။

နောက်တခုက ဘာလဲဆိုတော့ အလုပ်ရှိတဲ့အတွက်ကြောင့် ခရီးသွားမယ်။ ဥပမာ ကျနော်ဆိုရင် မန္တလေးမှာ တာဝန်ကျတယ်။ အဖွဲ့ဝင်တယောက် အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ မဲပေးမယ့် ရွေးကောက်ပွဲဆိုင်ရာ မဲကြီးကြပ်မယ်ဆိုပြီး ကြိုတင်မဲ ပေးသွားတယ်။ ဒီလိုတာဝန်နဲ့ ခရီးသွားဖို့ရှိလို့ရှိရင် ဒါတွေလည်းပဲ သွားမယ်ဆိုရင် နေကောင်းတဲ့အတွက်ကြောင့် ရပ်ကွက်ကျေးရွာနဲ့ ကော်မရှင်အဖွ့ဲခွဲရုံးမှာ လာပြီးတော့ မဲပေးရတယ်။ အဲ့ဒီ့နေရာမှာလည်း စောင့်ကြည့်နေလို့ရပါတယ်။

အဲ့တာတွေပြီးရင် ဘယ်သူတွေ မဲပေးတယ်ဆိုတာ ပုံစံ (၁၃) ဆိုတာ မှတ်တမ်းတင် ထားရပါတယ်။ ဘယ်နှစ်ယောက်မဲပေးတယ်ဆိုတာ ရှိပြီးသားပါ။ အဲ့ဒီ့ကြိုတင်မဲပုံးကြီးက ဘယ်အချိန်မှာ အပ်ရလဲဆိုတော့ ရွေးကောက်ပွဲနေ့ မနက်ခြောက်နာရီ ထိုးတာနဲ့ တပြိုင်နက်တည်း ဘယ်သူတွေ မဲပေးတယ်ဆိုတဲ့ စာရင်းနဲ့ မဲပုံးကို မဲရုံကို အပ်ရပါတယ်။ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မဲရုံမှူးကိုအပ် ရပါတယ်။ အဲ့ဒီ့မဲရုံမှူးကလည်းပဲ သူ့မှာ နှစ်စောင်ရပါတယ်။ တစ်စောင်က ပုံစံ(၁၃) ပေါ့။ ဘယ်သူတွေ မဲပေးခဲ့တယ်ဆိုတဲ့ စာရင်း။ တစောင်ကို သူထိန်းလိုက်ပါတယ်။ သိမ်းထားလိုက်ပါတယ်။ တစောင်ကို မဲရုံရှေ့မှာ ကပ်လိုက်ပါတယ်။ ကြိုတင်မဲ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို တခါတည်း သိသွားပြီ။ ဘယ်လို အကုန်လုံးသိလဲဆိုတော့ ကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံမှတ်တမ်းလည်းရှိတယ်။

ပြီးလို့ရှိရင် ကျနော်တို့ ရွေးကောက်ပွဲ စပါတယ်။ စပြီး မဲပေးကြပါတယ်။ ညနေ ၄နာရီထိုးလို့ မဲပေးမယ့်သူ မရှိဘူးဆိုရင် မဲရုံကို ပိတ်ပါတယ်။ အဲ့ဒီ့အချိန်မှာ ဘယ်မဲက စ ရေ လဲ ဆိုရင် ကြိုတင်မဲက စ ရေ ပါတယ်။ အဲ့ကျရင် ဖွင့်ဖောက်လိုက်တယ်။ ဟိုမှာ ကပ်ထားတာ အရွက်တစ်ရာဆိုရင် ဒီမှာ တစ်ရာ ထွက်လာရင် ပြီးပြီလေ။ အဲ့ဒီ့မှာ ကောက်လို့ ဘယ်နှစ်မဲ ရလဲ ဆိုတာ မှတ်တမ်းတင်ထားမယ်။ ဒီ့ထက် ပိုလာစရာလည်း မရှိပါဘူး။

ဟိုတုန်းက ခက်နေတာက ပြောတာက ချင်းပြည်နယ်က ကိုယ်စားလှယ်တဦးဆို ဘယ်လိုပြောလဲ ဆိုတော့ ဥက္ကဋ္ဌကြီး တဲ့ ကျနော် တော်တော်စိတ်ပျက်သွားပြီတဲ့။ ညမအိပ်တုန်းက အချိန်ကတော့ ကျနော် နိုင်နေသေးတယ်တဲ့။ မနက် မိုးလင်းတော့ ကျနော် ရှုံးသွားပြီတဲ့။ ဟ ဘာဖြစ်တာလဲ ဆိုတော့ ကြိုတင်မဲတွေ ရောက်လာလို့ ကျနော် ရှုံးခဲ့တယ်တဲ့။ ကျနော့်လက်ထက်မှာ ဒီလိုမဖြစ်စေရဘူး။ ဒါကတော့ ဘာလဲဆိုတော့ မဲဆန္ဒနယ် အတွင်းမှာ ရှိတဲ့ဟာ၊ ဘယ်သူတွေ ပေးတယ်ဆိုတာ သိတယ်။ count လုပ်တယ် ဒီ့ထက်ပိုစရာမရှိဘူး။

နောက်တခုက ခုနက ပြောသလို တိုင်းပြည်ထဲမှာပဲ သင်တန်းသွားတက်နေတယ် ဆိုတဲ့ပုံစံမျိုးတွေ၊ ခုနကပြောသလို တပ်မတော်သားတွေ ရှေ့တန်းသွား၊ တတပ်လုံးလည်းပဲ ရှေ့တန်း မတက်ပါဘူး။ အခုဆို ပိုနည်းသွားတယ်။ အနည်းအကျဉ်းပါပဲ။ အဲ့တာမျိုးဆို ကျနော်တို့က ပုံစံ (၁၅) နဲ့ မဲ လက်မှတ် ပေးပါတယ်။ အဲ့တာလည်း ကျနော် စာရင်းရှိပါတယ်။

ထို့အတူပဲ နိုင်ငံ နိုင်ငံတွေမှာ တရားဝင် သွားနေတဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း ပုံစံ (၁၅) နဲ့ တောင်းထားပါတယ်။ ဒါလည်း ကျနော်တို့ဆီမှာ စာရင်းရှိပါတယ်။ အဲ့တာကျတော့ မဲလက်မှတ်ပို့ထားတယ်။ မဲလက်မှတ်ပြန်လာတယ်။ ဘယ်တိုင်းပြည်က ဘယ်သူတွေ ဆိုတာလဲ lists က ရှိပြီးသားပါ။ အဲ့တာတွေကတော့ မြို့နယ်က ပို့လိုက်တဲ့အတွက် မြို့နယ် ရောက်ပါတယ်။ မြို့နယ်ရောက်တဲ့အတွက် မြို့နယ်မှာ ရှိတဲ့ မဲပုံးက အဲ့ဒီ့ရွေးကောက်ပွဲနေ့ မဲရုံပိတ်မယ့်အချိန် လေးနာရီမှာ ရေ ပါတယ်။ ရေပြီးရင် ခုနက ပုံစံ (၁၃) နဲ့ ကြိုတင်မဲပေးထားတာ ဘယ်နှစ်ယောက်၊ lists က ရှိပြီးသားပါ။ ရေ လိုက်လို့ရှိရင် ဟိုမှာ တထောင်ရှိရင် ဒီမှာလည်း တထောင်ရှိရမှာပါ။ တထောင်ကို ရေပြီးတော့ အချိုးကျ ဘယ်လိုရလဲဆိုတာ ကျနော်တို့ ကပ်ထားလိုက်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းက လာတဲ့မဲ ကတော့ ကျနော်တို့ ပယ်မဲ ပဲ ဖြစ်မှာပေါ့။

ဟိုတုန်းက ဒီလို ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ကြောင့် တခါတည်း ပြောနေတာပါ။ ကျနော့် လက်ထက်မှာ မရှိပါဘူး။ အကြမ်းဖျင်း ကျနော့်ဘက်က အာမခံတဲ့အနေနဲ့ သက်သေအဖြစ် ပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီပြဿနာမှ မရှိပဲ။ ကျနော် ၂၀၁၂ ကတည်းက ပြင်ထားတာပါ။ ပွင့်လင်းမြင်သာမှု ရှိပါတယ်။ ရှိအောင်လည်း လုပ်ထားတဲ့အတွက်ကြောင့် လုပ်လို့လဲ မရပါဘူး နော်။ အဲ့ဒီ့အတွက်ကြောင့် ဒီ ၂၀၁၅ မှာတော့ ကြိုတင်မဲဟာ ကျနော်တို့အတွက် သိပ်ပြီးတော့ ပြဿနာ ရှိမယ့် အကြောင်း မရှိဘူးလို့ပဲ ကျနော် ဒီလိုပဲ မြင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

XS
SM
MD
LG