သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election အီဒီယံအသုံးအနှုန်းများ


Daw Aung San Suu Kyi's Maw Gyun trip. She educated to local people for 2015 election (Photo by NLD political party)
Daw Aung San Suu Kyi's Maw Gyun trip. She educated to local people for 2015 election (Photo by NLD political party)

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများ ဖြစ်တဲ့ To win by a landslide, To win by the nose နဲ့ Clean sweep တို့ကိုတင်ပြထားပါတယ်။

(၁) To win by a landslide

To win (အနိုင်ရဖို့) ၊ by (နှင့်) ၊ a landslide (မြေပြိုကျတာ) ၊ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က မြေပြိုကျသလို အနိုင်ရလိုက်တာ ဖြစ်ပါတယ်။မိုးသည်းထန်တဲ့အခါ တောင်ကျရေတိုက်စားလို့တောင်စောင်းတလျှောက်မှာရှိတဲ့ မြေကြီး၊ ကျောက်တုံး၊ ကျောက်ခဲတွေ ဟာရေစီးနှင့်အတူ အောက်ဖက်ကို ဒလဟော ထိုးကျခါ မြေပြိုလေ့ရှိတာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ၊ လူထုကနှစ်သက်ထောက်ခံတဲ့ ကိုယ်စားလှယ်ကို မဲဝိုင်းပေးကြတဲ့အခါ၊ မဲတွေဟာ အဲဒီလူဘက် အိတ်သွန်ဖါမှောက် ဒလဟောဝင်လာလို့၊ မဲအပြတ်အသတ် အနိုင်ရရှိလိုက်တာမျိုးကို ဒီအသုံးနှင့် ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ Idiom အဓိပ္ပါယ်က မဲအပြတ်အသတ် အနိုင်ရရှိလိုက်တာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The senator said his political party has the support of the people. So he’s expecting his party to win by a landslide in the upcoming elections!
အထက်လွှတ်တော်အမတ်က သူ့နိုင်ငံရေးပါတီအနေနှင့် လူထုရဲ့ထောက်ခံမှုကို ရရှိထားတယ်လို့ပြောတယ်။ ဒါ့ကြောင့် လာမဲ့ရွေးကောက်ပွဲမှာသူ့ပါတီက မဲအပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ သူမျှော်လင့်ထားတယ်။

(၂) To win by the nose

To win by the nose အသုံး က To win by a landslide ဆိုတဲ့အသုံးနဲ့ဆန့်ကျင်ဘက် ဘဲဖြစ်ပါတယ်။ To win (အနိုင်ရရှိတာ) ၊ by (နှင့်) ၊ the nose (နှာခေါင်း) ဖြစ်ပြီးစကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က နှာခေါင်းနှင့် အနိုင်ရရှိလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးက မြင်းပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲတွေမှာ မြင်းတွေ တကောင်နဲ့တကောင် အကြိတ်အနယ် အပြေးပြိုင်ကြရာမှာ၊ ပန်းဝင်ဖို့ စက္ကန့်ပိုင်းအနည်းငယ်အလိုမှာ မြင်းတကောင်က နောက်ဆုံးအားကုန်ဆွဲပြီး ပြေးလိုက်တဲ့အခါမှာ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိသွားတဲ့ ဖြစ်ရပ်ကနေ ဒီအသုံးဆင်းသက်လာတာပါ။ Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါဘဲ။ သိပ်ကိုကပ်ပြီး အနိုင်ရရှိလိုက်တာ၊ ပွတ်ခါသီခါ နှင့်ကပ်ပြီး အနိုင်ရလိုက်တာ ဖြစ်ပါတယ်။ မြန်မာမှာအနီးစပ်ဆုံးအသုံးက နှာတဖျားနဲ့ ကပ်အနိုင်ရလိုက်တာလို့ ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Nobody thought Mrs. Green would win as she was new to politics. But her hard work won the voters' support ! We were all surprised when she won by the nose!
နိုင်ငံရေးလောကမှာ မျက်နှာသစ်ဖြစ်တဲ့ Mrs. Green အနိုင်ရလိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြဘူး။ ဒါပေမဲ့သူက မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရနိုင်ဖို့ သိပ်ကိုကြိုးစားခဲ့တယ်။ သူနှာတဖျားနဲ့ကပ်ပြီး အနိုင်ရလိုက်တော့ ကျနော်တို့အားလုံး အံ့အားသင့်ကုန်ကြတယ်။

(၃) Clean sweep

Clean (သန့်ရှင်းတာ) ၊ sweep (လှဲကျင်းတာ) ဖြစ်ပြီးစကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က သန့်သွားအောင်၊ ပြောင်သွားအောင် လှဲကျင်းပစ်လိုက်တာ ဖြစ်ပါတယ်။ တနည်းအမုှိက်တွေ ဘာမှမကျန်ရအောင် အောက်ခြေသိမ်းကအစေ ပြောင်နေအောင် လှဲကျင်းပစ်လိုက်တဲ့သဘော ဖြစ်ပါတယ်။ တံမြက်စည်းကြီးနဲ့ ပြောင်နေအောင် လှဲကျင်းပစ်လိုက်သလို၊ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှရရှိတဲ့နိုင်ငံရေး ပါတီတခုက ကိုယ်စားလှယ်နေရာအားလုံး သိမ်းကျုံးအနိုင် ရရှိလိုက်တယ်ဆိုရင် ဒီအီဒီယံနှင့် တင်စားပြောလို့ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I can’t believe our Party won all the seats in the elections ! It’s the first clean sweep for us in 40 years!
ကျနော်တို့ပါတီက ရွေးကောက်ပွဲ မှာ နေရာအားလုံး အနိုင်ရလိုက်လို့ မယုံနိုင်လောက်အောင် ဖြစ်ရတယ်။ ဒါဟာနှစ်ပေါင်း ၄၀ အတွင်း ကျနော်တို့ပါတီအနေနှင့် ပထမဦးဆုံးအကြိမ် နေရာအားလုံးကို သိမ်းကျုံးပြီး အနိုင်ရရှိလိုက်တာ ဖြစ်တယ်။

ဒီသတင်းပတ် English American Style ကဏ္ဍ တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေ To win by a landslide, Win by the nose, နဲ့ Clean sweep တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG