သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးက ကျေးရွာအုပ်စု ၄၀ ကျော် လုံခြုံရေးကြောင့် မဲရုံမဖွင့်နိုင်


ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဖို့ နောက်ဆုံးသတ်မှတ်ကာလဟာ စက်တင်ဘာ ၂၈ ရက် မနေ့ုတုန်းက ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးကြောင့်ဆိုပြီး တချို့နယ်မြေတွေမှာ မဲရုံတွေမဖွင့်နိုင်ဘူးဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တဘက်မှာတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အများအပြားအခြေပြုလှုပ်ရှားနေတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ကျေးရွာအုပ်စု (၄၁) အုပ်စုမှာ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲကော်မရှင်ကနေ မဲရုံမဖွင့်လှစ်နိုင်သလို လာမဲ့ရွေးကောက်ပွဲမှာ ဒေသခံတွေအတွက် မဲပေးပိုင်ခွင့် နစ်နာဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာဆိုရင် ဒေသအတွင်းလုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၄ဝ) ကျော်မှာ မဲရုံမဖွင့်နိုင်ဘူးလို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်ကပြောပါတယ်။

“မဲပေးပိုင်ခွင့်မရှိတာ-ဆိုတာက ကျနော်တို့က မဲရုံမဖွင့်နိုင်တာပေါ့၊ အဲဒီ နယ်မြေမှာ မဲရုံမဖွင့်နိုင်တာ။ ဘာဖြစ်လို့လဲဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်ဗျာ။ လုံခြုံရေးအခြေအနေအရ မဖွင့်နိုင်တာပါ။”

လက်ရှိအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ကျေးရွာအုပ်စု(၅၁)အုပ်စုနဲ့ မြို့ပေါ်ရပ်ကွက်(၁၆) ခုရှိတဲ့ အထဲမှာ၊ ဒေသအတွင်းလုံခြုံရေး အခြေအနေကြောင့် ကျေးရွာအုပ်စု(၄၁)အုပ်စုမှာ မဲရုံဖွင့်လှစ်နိုင်တာမရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်ကပြောပါတယ်။

“အဲဒီဒေသမှာရှိတဲ့ပြည်သူတွေကတော့ တချို့လည်း နီးစပ်ရာမဲရုံမှာပေးမယ်ဆိုပြီးတော့ တင်ပြလာတာ ရှိရင်တော့လည်း အချိန်မီရင်တော့ မဲပေးခွင့် ဆောင်ရွက်ပေးမှာပါ။ သူတို့လာနိုင်ဖို့ရယ်၊ ကျနော်တို့ဆီက မဲရုံဖွင့်နိုင်မှုရယ်-ဒါက နှစ်မျိုးရှိနေတာကိုး။ ကျနော်တို့ကလည်း မဲရုံမဖွင့်နိုင်တဲ့ နေရာ ကျတော့လည်း သွားပြီးဖွင့်ပေးဖို့က လုံခြုံရေးအခြေအနေအရ အခြေအနေမပေးဘူးလေ၊ မပေးတော့ မဖွင့်နိုင်ဘူးပေါ့။ မဖွင့်နိုင်ရင် သူတို့ဆီက လာထည့်နိုင်မလား- မဲထည့်ချင်တယ်ဆိုရင်။ သူတို့ကလည်း လာမထည့်နိုင်ဘူးဆိုရင်တော့လည်း ဒါက မဲပေးပိုင်ခွင့်မရဘူးဖြစ်သွားမှာပေါ့။”

ကရင်ပြည်နယ်အတွင်း မြို့နယ်တိုင်းလိုလို အနဲနဲ့အများမဲရုံမဖွင့်လှစ်နိုင်တာရှိနေပေမဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ဟာ မဲရုံများများ မဖွင့်လှစ်နိုင်ခဲ့တဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာဆိုရင် KNUကရင်အမျိုးသားအစည်းအရုံး မွန်ပြည်သစ်ပါတီ ဒီကေဘီ အေအဖွဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ဟောင်သရောအထူးဒေသအစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကနေ ထိန်းချုပ် ထားတဲ့နယ်မြေဖြစ်တဲ့အတွက် အစိုးရကနေ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်ကိုမခန့်အပ်နိုင်တဲ့ဒေသလည်းဖြစ်နေပါတယ်။

အခုလိုနယ်မြေလုံခြုံမှုမရှိလို့ မဲရုံဖွင့်လှစ်နိုင်ခြင်းမရှိတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံးKNU ဒူပလားယားခရိုင် ဘုရားသုံးဆူမြို့ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ပဒိုစောထဲနေကအခုလိုပြောပါတယ်။

“သူတို့က အုပ်ချုပ်ရေးမချနိုင်လို့ လုံခြုံရေးအကြောင်းပြတာပါ။ KNU က ကြိုက်သလိုမဲဆွယ်ပါ၊ မဲထည့်ပိုင်ခွင့်ရှိသောမဲစာရင်း လာကပ်ခွင့်ရှိတာပဲဟာ။ သူတို့က ပုံကြီးချဲ့ကားတဲ့အတွက်ကြောင့် လုံခြုံရေးမရှိတာပဲ ပြောတာပဲ။”

ပြီးခဲ့တဲ့၂ဝ၁၄ခုနှစ် အစိုးရကနေသံခေါင်စာရင်းကောက်ယူရေးကိစ္စတွေမှာ KNUနဲ့ မွန်ပြည်သစ်ပါတီတို့ကနေ လုံခြုံရေးနဲ့ အကူညီပေးဆောင်မှုတွေ ရှိခဲ့ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းဒေသတော်တော်များများ မဲပေးခွင့်ဆုံးရှုံးခဲ့တာကြောင့် ပြည်သူတွေရဲ့အခွင့်အရေး ဆုံးရှုံးတယ်လို့ ဘုရားသုံးဆူမြို့ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးအောင်စိုးကပြောပါတယ်။

“နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျေးရွာတွေလည်းရှိပါတယ်။ တချို့ကျေးရွာတွေကျတော့လည်း နိုင်ငံရေးပိုင်းကို စိတ်ဝင်စားမှု အားနည်းတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဲလို စိတ်ဝင်စားမှု အား….အပိုင်းမှာ …..အများကြီးနစ်နာစရာ…တခြားပါတီဝင်တွေရဲ့အင်အားတွေကို NLD နေရာကနေ ….အဲဒါတော့ ဆုံးရှုံးနစ်နာမှု ရှိပါတယ်။”

အဆိုပါမဲရုံမဖွင့်နိုင်တဲ့ ကျေးရွာအုပ်စု(၄၁)အုပ်စုမှာ ကျေးရွာပေါင်း ၂ဝဝနီးပါးခန့်ရှိနေပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅သောင်း ခွဲ ကျော်ရှိနေတယ်လို့လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေစာရင်းထုတ်ပြန်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ၊ မွန်၊ ဗမာ ကရင် အစရှိတဲ့တိုင်းရင်းသားတွေနေထိုင်ကြတာဖြစ်ပြီး၊ အခု ဆန္ဒမဲပေးပိုင်ခွင့် မရှိတဲ့နေရာတွေဟာ မွန်နဲ့ကရင်တွေ အများစုနေထိုင်တဲ့ကျေးရွာတွေဖြစ်တဲ့အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အတွက်နစ်နာမှုရှိတယ်လို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကပြောပါတယ်။

“တိုင်းရင်းသားပါတီတွေ ထောက်ခံမဲ ဆန္ဒပြုပေးတဲ့မဲက လျော့နည်းသွားမယ်။ အဲဒီတော့ ပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီတို့အတွက်ပဲ အကျိုးရှိမယ်။ ကျနော်တို့ တိုင်းရင်းသားပါတီတွေကျ နစ်နာတယ်။”

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်း မဲရုံ(၆၈၄)ရုံဖွင့်လှစ်မှာဖြစ်ပေမဲ့ ကရင်ပြည်နယ်အတွင်း ကျေးရွာ အုပ်စု(၉၄)အုပ်စု မဲရုံဖွင့်လှစ်နိုင်ခြင်းမရှိသလို ကြာအင်းဆိပ်ကြီးနဲ့ မြဝတီမြို့နယ်ကကျေးရွာအများစုပါဝင်နေပါတယ်။

၂ဝ၁ဝရွေးကောက်ပွဲတုန်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ကကျေးရွာအုပ်စုပေါင်း (၄၆)အုပ်စုတို့မှာ မဲပေးပိုင်ခွင့် မရှိခဲ့ သလို ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ ဗိုလ်မှူးကြီးစောလားဘွယ်ဦးစီးတဲ့ ဒီကေဘီအေတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အကြား မြဝတီမြို့နယ်နဲ့ ဘုရားသုံးဆူမြို့နယ်ဘက်မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်းအမှတ် ၄၊ ပုဒ်မ (၁ဝ)(စ)အရ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရသော်လည်ကောင်း ရွေးကောက်ပွဲကျင်းပနိင်ခြင်းမရှိတဲ့ မဲဆန္ဒ နယ်တွေရဲ့ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နိင်တယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။

XS
SM
MD
LG