သုံးရလွယ်ကူစေသည့် Link များ

NCA ကို ဘန်ကီမွန်း ကြိုဆို


နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကြား ပြည်လုံးကျွတ် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြတာကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် ခိုင်မာရေး အတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့အားလုံး မပါဝင်သေးပေမယ့် ဒီသဘောတူညီချက်ဟာ အစိုးရခေါင်းဆောင်တွေ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတို့ရဲ့ ငြိမ်းချမ်းစွာ အတူနေထိုင် လိုသော ဆန္ဒကို ထင်ဟပ်နေတယ်လို့လည်း ဆိုပါတယ်။ ဆယ်စုနှစ် များစွာ ဖြစ်ပွါး လာခဲ့တဲ့ ပြည်တွင်းစစ် အလွန် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့လည်း ကုလသမဂ္ဂက အသိမှတ်ပြုကြောင်း ဖေါ်ပြ ထားပါတယ်။

ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးကို အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ရေး အတွက် အစိုးရက လူသိရှင်ကြား ကတိပြုလိုက်တာဖြစ်တဲ့ ဒီကိစ္စဟာ သမိုင်းမှတ်တိုင် တရပ် ဖြစ်တယ်လို့လည်း အသိအမှတ်ပြုထားပါတယ်။ လက်မှတ်ရေးထိုးသူတွေရော လက်မှတ်မထိုးသူတွေပါ ငြိမ်းချမ်းတဲ့ အနာဂါတ်တရပ် တည်ဆောက်ရေး အတွက် မျှော်လင့်ချက် ထားကြဖို့လည်း အတွင်းရေးမှုးချုပ်က တိုက်တွန်း လိုက်ပါတယ်။

အားလုံး ပါဝင်တဲ့ စံနစ်ကျသော နိုင်ငံရေး ဆွေးနွေးမှုနဲ့ ဒေသအားလုံးမှာ စစ်ရေး အပြုအမှုကို ရှောင်ဖယ်တဲ့ နည်းလမ်းနဲ့သာ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး အခြေခံကို တည်ဆောက်နိုင်လိမ့်မယ်လို့ ဖေါ်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလာမယ့် အစိုးရအနေနဲ့ ဒီစေ့စပ်ရေး လမ်းကြောင်းကို ဆက်လျှောက်လိမ့်မယ်လို့ မျှော်လင့်ပြီး ငြိမ်းချမ်းရေးဖြစ်ရဲ့ နောက်တဆင့်အတွက် ကုလသမဂ္ဂအနေနဲ့ ဆက်လက် ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ လာမယ့် အထွေထွေရွေးကောက်ပွဲဟာ ခိုင်လုံစိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိဖို့ နဲ့ တိုင်းရင်းသားပေါင်းစုံအခြေပြု ဒီမိုကရေစီ နိုင်ငံ အစစ်အမှန်ရေးအတွက် မျှော်လင့်တယ် စသည်ဖြင့် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG