သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောင့်ကြည့်သူများ လက်တွေ့အခက်အခဲ ကြုံနိုင်ခြေ စိုးရိမ်


ရွေးကောက်ပွဲကျင်းပမယ့်ရက်ရောက်လာရင် ကျင့်ဝတ်နဲ့အညီ စောင့်ကြည့်လေ့လာကြမယ့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေအတွက် သက်ဆိုင်ရာမဲဆန္ဒနယ်တွေက မဲရုံမှူးတွေရဲ့ခွင့်ပြုချက်ပေါ်မူတည်ပြီး သတ်မှတ်ချက်နဲ့အညီ လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ရှိပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို စောင့်ကြည့် လေ့လာဖို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေမှာအခွင့်အရေး ရှိတယ်လို့ပြောဆိုထားပေမဲ့လို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေအနေနဲ့ ကျင့်ဝတ်နဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်ဆိုတာကိုလည်း သတိပေးပြောဆိုထားတာပါတယ်။ အသေးစိတ်ကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

လာမယ့်နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ်လို့ လတ်တလောကြေညာထားတဲ့ ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲနေ့မှာ စောင့်ကြည့် လေ့လာဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့အစည်း (၉) ခုကို တရားဝင်အသိအမှတ်ပြုလွှာ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ (၉) ဖွဲ့ကနေ စောင့်ကြည့် လေ့လာခွင့် တရားဝင်အသိအမှတ်ပြု ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ (၆,၂၆၁) ကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့် လေ့လာကြမှာဖြစ်ပါတယ်။

တကယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာချင်ကြတယ်ဆိုရင်လည်း လေ့လာစောင့်ကြည့်လိုသူ ပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ လာမယ့် အောက်တိုဘာလ (၂၄) ရက်နေ့ စနေနေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လာရောက် လျှောက်ထားကြဖို့ကိုလည်း နှိုးဆော်ထားတာပါ။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ် တရားမျှတမှုရှိတယ်ဆိုတာကို မှတ်ကျောက်တင် ခံနိုင်ဖို့ အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားပေမဲ့လို့ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကျရင် စောင့်ကြည့်လေ့လာသူတွေဘက်က အခက်အခဲမရှိ၊ လွတ်လွတ်လပ်လပ် အမှန်တကယ် စောင့်ကြည့်ခွင့်ရှိပါ့မလား ဆိုတာကိုတော့ စိုးရိမ်မှုတွေရှိပါတယ်။

စောင့်ကြည့်လေ့လာမယ့်သူတွေဘက်က ကျင့်ဝတ်နဲ့အညီ လိုက်နာဆောင်ရွက်ကြပေမဲ့လို့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေက မဲရုံမှူးတွေရဲ့ ခွင့်ပြုချက်ပေါ် မူတည်ပြီး သတ်မှတ်ချက်နဲ့အညီ လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ရှိပါ့မလားဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာနေတဲ့အဖွဲ့ (MID) Myanmar Institute for Democracy က ဒါရိုက်တာ ဦးအောင်စိုးမင်းက သူ့အမြင် အခုလိုပြောပါတယ်။

“COC ကတော့ အဓိက ပါတီ affiliation ကင်းရမယ်ဆိုတာပဲ ပြောထားတယ်ဗျာ၊ အခုထူးခြားတာက ဘာလဲဆိုတော့ ballot station ထဲမှာ မဲရုံမှူးရဲ့ အစီအစဉ်နဲ့ နေရာယူစောင့်ကြည့်ရမယ်ဆိုတာတခုကတော့ ထူးခြားတယ်ပေါ့နော်၊ ဆိုတော့ မဲရုံမှူးက လူများတယ်၊ ခင်ဗျားတို့ထွက်ပေးပါ-ဆိုရင် ထွက်ပေးရမယ့်သဘောမှာရှိနေတယ်။ အဲဒါမျိုးတွေတော့ရှိတယ်။ အခု ကျနော်တို့ရဲ့ပြဿနာကလေ - on paper အားလုံး အဆင်ပြေနေတယ်ဗျ။ တကယ့် field မှာ အဆင်မပြေတာမျိုး တွေ့နေရတယ်ဗျ။ ကျနော်တို့တွေ့ရတာတချက်ကတော့ ကျနော်တို့အတွက် - observer တွေအတွက်ပေါ့နော် - လာပြီးတော့ အကျပ်အတည်းဖြစ်စေမယ့်ကိစ္စက အခုနကတချက်ပဲဗျ။ မဲရုံအတွင်းမှာ မဲရုံမှူးရဲ့အစီအစဉ်အတိုင်း လေ့လာစောင့်ကြည့်ရမယ်ဆိုတဲ့ ကိစ္စလေးက အကျပ်အတည်း ဖြစ်လာနိုင်တယ်။ မဲရုံမှူးက လူများနေပြီ။ ဒီနေရာမှာတော့ အဝင်အထွက် သိပ်များနေပြီ၊ ခင်ဗျားတို့ ခဏထွက်ပေးပါ-စသဖြင့် အဲလိုမျိုးတွေပေါ့နော်၊ နောက်တစ်ခုက လူများလွန်းလို့ ပေးမဝင်တာမျိုးတွေ၊ စသဖြင့် အဲလိုမျိုးလေးတွေ ရှိကောင်းရှိမယ်။ တချို့မဲရုံတွေမှာဆိုလို့ရှိရင် candidates သိပ်များတဲ့အခါမှာ candidates တွေရဲ့ကိုယ်စားလှယ်တွေ အားလုံး စုပြုံပြီးတော့ ရောက်ရှိခဲ့သည်ရှိသော် - ပေါ့နော်၊ အဲဒီမှာ လူက အရမ်းများသွားမယ်။မဲရုံက ကျဉ်းတယ်ဆိုလို့ရှိရင် သေချာတယ်ဗျ။ သူက observer ကိုမောင်းထုတ်မှာပဲ။ လက်တွေ့မှာ အခက်အခဲလေးတွေတော့ ရှိနိုင်တာပေါ့နော်၊ on paper ကတော့ အားလုံးအဆင်ပြေပါတယ်။”

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအတွက် လိုက်နာရမယ့်ကျင့်ဝတ် ( Code of Conduct) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့အတူ ညှိနှိုင်းရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့Myanmar Institute for Democracy အဖွဲ့အနေနဲ့ စောင့်ကြည့်သူတွေဘက်က လိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ပတ်သက်လို့ဒါရိုက်တာ ဦးအောင်စိုးမင်းက အခုလိုပြောပါတယ်။

“Code of Conduct က ရှိတယ်။ Code of Conduct က အခုနက ကျနော်တို့ပြောသလိုပေါ့နော် -CSA တွေနဲ့ confirm လုပ်ပြီးတော့ဆွဲထားတယ်ဗျ။ သူတို့ကတော့ ပထမ draft ပေးတယ်ပေါ့နော်။ အဲဒီ draft အပေါ်မှာ အချိန်အတော်ကြာကြာယူပြီးတော့ ညှိနှိုင်းပြီးတဲ့ အခါကျတော့ နှစ်ဘက်လုံး လက်ခံနိုင်လောက်ခြေရှိတဲ့ code of conduct လေးထွက်လာတယ်ပေါ့နော်။ ကော်မရှင်အပိုင်းကရော၊ CSO အပိုင်းကရော အကုန်လုံး group discussion တွေလုပ်ပြီးတော့မှ အဲဒီ code of conduct ကို ဆွဲဖြစ်တယ်ပေါ့နော်။”

အမှန်တကယ်ရွေးကောက်ပွဲကျင်းပမယ့်နေ့ရောက်လာရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဘက်က စောင့်ကြည့်ကြမှာ ဖြစ်သလို သက်ဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူတွေဘက်က သတိထားစီစဉ်ဆောင်ရွက်ထားသင့်တယ်လို့လည်း မြန်မာအရပ်ဘက်လူထု အဖွဲ့အစည်း ဖိုရမ်က ထောက်ပြပြောဆိုထားတာလည်းရှိပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်သူတွေဘက်က တိုင်း ဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်-ဒေသ၊ မြို့နယ် ကိုယ်အဓိကထား စောင့်ကြည့်လိုတဲ့ ဒေသတခု၊ ဒါမှမဟုတ် တခုထက် ပိုရင်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်နယ်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်စတဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေဆီမှာ လျှောက်ထားရမှာဖြစ်သလို တပါတည်း စောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ လေ့လာသူတွေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားတွေကို သိရှိထားရမှာဖြစ်တယ်ဆိုတာကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က သတိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG