သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လူထု ဘိန်း ဆန့်ကျင်ရသည့် အကြောင်း


ကချင်လူထု အခြေပြု ဘိန်းခင်းဖျက်ရေးအဖွဲ့ (Photo-Ying kyang)
ကချင်လူထု အခြေပြု ဘိန်းခင်းဖျက်ရေးအဖွဲ့ (Photo-Ying kyang)

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ လူမျိုးတုန်းစေတဲ့ အဆင့် ထိရောက် နေတာကြောင့် ဘိန်းပပျောက်ရေး လူထုကိုယ်တိုင် အုံကြွ လှုပ်ရှားလာကြ တာဖြစ်တယ်လို့ ကချင်လူထု အခြေပြု အဖွဲ့အစည်းတွေကပြောပါတယ်။ ကချင်ဒေသမှာ မူးယစ်ဆေးဝါးပြပဿနာဟာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက်နှိမ် နင်းဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိ ကချင်လူထုရဲ့ ဘိန်းပပျောက်ရေးလှုပ်ရှားမှု ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ကချင်ပြည်နယ်မှာ ဘိန်းနဲ့ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေဟာ နှစ်ပေါင်း (၅၀)ကျော်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်တိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်ထက် ဆယ်ဆ မက ရှိနေတယ်လို့ မြစ်ကြီးနားအခြေစိုက် ကချင်လူထု ဘိန်းပပျောက်ရေး လှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးတူးရောက ဗွီအိုအေကိုပြောပါတယ်။

" KIA နဲ့ တပ်မတော်နဲ့ တိုက်ကြ ခိုက်ကြတဲ့ နှစ်ပေါင်း ငါးဆယ်ကျော် သမိုင်းမှာ စစ်ပွဲကြောင့် သေတဲ့သူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ မူးယစ်ဆေးဝါးကြောင့် သေတဲ့သူ က ဆယ်ဆ လောက်ရှိမယ်။"

နှစ်ပေါင်း (၄၀)နီးပါးအတွင်း ကချင်ပြည်နယ်မှာ ဘိန်းနဲ့မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ သိန်းနဲ့ချီများလာတဲ့အပြင် ၂၀၁၃ခုနှစ်မှာ အဆိုးရွားဆုံး အခြေအနေကိုရောက်ခဲ့ တယ်လို့ ဦးတူးရောကပြောပါတယ်။

" ဆေးစွဲတဲ့သူက ဘယ်လောက်တောင် များသလဲဆိုတော့ တရွာလုံးပေါ့နော်။ အလယ်တန်းကျောင်းသားအထိ ဖြစ်လာတာပေါ့။ နံပတ် ဖိုးက သိပ်များ လာတော့ ဆေးလည်း အရမ်းပေါလာတယ်။ တချို့နေရာမှာ အလကားတောင် သုံးစွဲတဲ့သူတွေကို အလကားပေးတယ်။ သုံးမယ်ဆိုရင် အလကားစမ်းကြည့် ပေး တယ်ပေါ့။ သုံးမယ့်သူကို အလကားပေးတယ်ဆိုပေမဲ့ တကယ် စွဲသွားပြီဆိုရင်တော့ အလကား မရတော့ဘူးပေါ့နော်။ အဲ့သလို ပုံစံနဲ့ လူတိုင်း၊ လူတိုင်းဟာ ပိုက်ဆံ အဆင်မပြေဘူးဆိုရင် လူသစ်တွေ ပြန်ခေါ်လာတယ်။ ငယ်တဲ့ကလေးတွေ ကို ခေါ်လာတာ။ ခေါ်လာပြီး စမ်းခိုင်းတယ်။ အဲ့လိုမျိုး အလကားစမ်းခိုင်းပြီးတော့ လူသစ်တွေ အများကြီးရလာပြီး လူအများကြီးက နံပတ်ဖိုးသမားတွေ ဖြစ် ကုန်ကြတာပေါ့။"

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့လောက်ထိ လူငယ်တော်တော်များများ ရွာလုံးကျွတ် ဘိန်းတွေစွဲ ၊ အသုံးပြုလာတာက ဘာကြောင့်လို့ ထင်လဲရှင့်။ ဘယ်သူ့မှာ ပိုပြီး တာဝန်ရှိလဲရှင့်။

ဦးတူးရော။ ။ အစိုးရမှာ တာဝန်ရှိတာပေါ့နော်။ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ အစိုးရက ဒီဥစ္စာတွေကို ကာကွယ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ တချို့နေရာတွေမှာကျတော့ အဲ့လိုဖြစ်လာအောင် ဒေသဆိုင်ရာပေါ့နော် အာဏာရှိတဲ့သူတွေက တမင်တကာကို လုပ်သလိုဖြစ်နေတယ်။ အဲ့လိုအခြေအနေ၊ အဲ့လောက်ဆိုးတဲ့အခြေအနေ က အောက်ပြည် အောက်ရွာမှာ မရှိဘူး။ ကျနော်တို့ဆီမှာပဲ ဖြစ်နေတာပေါ့နော်။ ကချင်လူထုက ဘာဖြစ်လာလဲဆိုတော့ ဒါကတော့ နိုင်ငံတော်အစိုးရက စီမံကိန်းရှိရှိ ကျနော်တို့ကို လူမျိုးတုန်းအောင် လုပ်တာပဲ ဆိုတဲ့ အသိက ဝင်လာတာ။ ဒီလိုဖြစ်လာတဲ့အခါမှာ ဘယ်သူမှ အားကိုးလို့မရတဲ့အခါကျတော့ လူထုက အခုလို မူးယစ်ဆေးဝါး နှိမ်နှင်းရေး၊ တိုက်ဖျက်ရေးပေါ့ လုပ်လာရတယ်။"

ကချင်လူထု ဆန္ဒပြ။
ကချင်လူထု ဆန္ဒပြ။

မအင်ကြင်းနိုင်။ ။ ဒီဘိန်းခင်းပိုင်ရှင်တွေ၊ အခု ဘိန်းခင်းတွေနဲ့ပတ်သက်တဲ့ စီးပွားရေးသမားတွေ နဲ့ ထိပ်တိုက်တိုးနေတာဆိုတော့ သူတို့ကရော ဘယ်သူတွေလဲ။ ဒီကိစ္စမှာရော ဦးလေးတို့ ဘယ်လိုသုံးသပ်လဲရှင့်။ အခုလို ဘိန်းခင်းပိုင်ရှင်တွေနဲ့ ထိပ်တိုက်တိုးနေရတဲ့ကိစ္စတွေကို။

ဦးတူးရော။ ။ ဘိန်းခင်းပိုင်ရှင်တွေက ဘယ်သူတွေလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ အားလုံးက နဂိုကတည်းက မသိတာတော့မဟုတ်ဘူး။ သိတော့ သိပါတယ်။ တဖက်နိုင်ငံက တရုတ်ပြည်ဘက်က ငွေရှင်တွေက ငွေထုပ်ပိုက်ပြီးမှ လာစိုက်ကြတာပေါ့။ ဘိန်းစိုက်ရင် အကျိုးအမြတ် အများကြီး ရတယ်ဆိုပြီး အစကတည်းက သိပြီးသား။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့ဘိန်းစိုက်တဲ့ကိစ္စ ဘယ်လက်နက်ကိုင်တွေရော ပါတာ တွေ့ရလဲရှင့်။

ဦးတူးရော။ ။ ဘိန်းခင်းရှိနေတဲ့နေရာကတော့ နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်နဲ့ မြန်မာ့တပ်မတော်နဲ့ သူတို့ထိန်းချုပ်ထားတဲ့နေရာ၊ တခြား ဘယ်နေရာမှာမှ မရှိပဲ။

မအင်ကြင်းနိုင်။ ။ ကချင်ပြည်နယ်မှာ ကျမတို့သိရသလောက် ဖားကန့်မှာ ဆိုလည်း ကျောက်စိမ်း ကိစ္စ က အရမ်းကို ဆိုးရွားတယ်။ တခါ တိုက်ပွဲတွေက လည်း ဖြစ်နေဆဲ။ အခုဆိုရင် ဘိန်းကိစ္စကလည်း ထပ်ပြီး တိုးလာတော့ ကချင်လူထုတွေအတွက်က ဘယ်ကိစ္စက ပိုပြီးတော့ ဆိုးဝါးနေသလဲရှင့်။

ဦးတူးရော။ ။ အဆိုးဝါးဆုံးကတော့ အခု ဘိန်းကိစ္စပဲ။ မူးယစ်ဆေးဝါးကိစ္စ။ အများကြီး ဒုက္ခရောက်ကြရတယ်။ ကျောက်စိမ်းကိစ္စကတော့ ကျနော်တို့ရဲ့ သယံဇာတတွေ ဆုံးရှုံးတယ်။ မြေယာ၊ သစ်တောတွေ ဆုံးရှုံးတယ်ဆိုတဲ့ကိစ္စကတော့ အတိုင်းအတာကတော့ ကြီးတာပေါ့နော်။ ဒါပေမဲ့ တကယ်ဆိုးတာကတော့ တကယ့်မိသားစုဘဝကို ဖျက်ဆီးတာ၊ တမျိုးသားလုံးရဲ့ အနာဂတ်ကို ဖျက်ဆီးတာပေါ့နော်။ လူမျိုးတုန်းစေတဲ့ အဆင့်လောက်အထိ ဖြစ်တာကတော့ ဒီမူးယစ်ဆေးဝါးပဲ။ တရုတ်ပြည်မှာ ဘိန်းစစ်ပွဲဖြစ်ခဲ့သလိုပေါ့ ဟုတ်တယ်မဟုတ်လား။ ဒါကတော့ တကယ့်လူထုအုံကြွမှုပါပဲ။

ကချင်ပြည်နယ်မှာ ၂၀၁၄ခုနှစ် ဧပြီလကစပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လူထုလှုပ်ရှားမှုအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG