သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုသက်တမ်းတိုးဖို့ ကန်ကွန်ဂရက် တောင်းဆို


အမေရိကန်ကွန်ကရက်လွှတ်တော်။
အမေရိကန်ကွန်ကရက်လွှတ်တော်။

မေလ ၂၀ ရက်နေ့မှာ သက်တမ်းကုန်တော့မယ့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို သက်တမ်းထပ်တိုးဖို့အတွက် အမေရိကန် ဥပဒေပြု အမတ်တွေက သမ္မတ ဘရက်ခ် အိုဘားမား ကို သောကြာနေ့က တောင်းဆို လိုက်ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေး ကျွမ်းကျင်သူတွေကတော့ ဒီလို ဒဏ်ခတ်မှုတွေ ဆက်ထားတာဟာ အမျှော်အမြင် နည်းတဲ့လုပ်ရပ် လို့ ဝေဖန်ခဲ့ ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးရာမှာ ထိရောက်ခဲ့တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို နောက်တနှစ် သက်တမ်းတိုးဖို့ Tom Lantos လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြီးအကဲတွေ အပါအဝင် ပါတီ ၂ ရပ်က လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကနေ သမ္မတ အိုဘားမားကို တိုက်တွန်းခဲ့ကြတာပါ။ မေလ ၁၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး Tom Lantos လူ့အခွင့်အရေးကော်မရှင်ရုံး တာဝန်ရှိသူတဦးက အခုလို ပြောဆိုခဲ့ပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာတာ အပါအဝင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ပွင့်လင်းမြင်သာမှုဆီ ဦးတည်တဲ့ အားရစရာ တိုးတက်မှုတွေကို မကြာသေးခင်က မြင်တွေ့ခဲ့ရတယ်လို့ ကော်မရှင်ပူးတွဲ ဥက္ကဋ္ဌ Jim McGovern ကပြောပါတယ်။ ဒါပေမဲ့လည်း - ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်ပြီး၊ ဒီအတွက်လည်း အလွန်အမင်း စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ အစိုးရထဲမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် ဆက်လက်ကြိုးပမ်းနေကြ သူတွေကို အမေရိကန်ရဲ့ ထောက်ခံ အားပေးမှုတွေကို မစွန့်လွှတ်သင့်ပါဘူး။ နောက်ထပ်တနှစ် ဒဏ်ခတ်မှုသက်တမ်း တိုးခြင်းအားဖြင့် - ရရှိထားပြီးသား ဖြစ်ထွန်းမှုတွေအပေါ် ခိုင်မာအောင် ဆက်လက် တည်ဆောက် ရာမှာ မြန်မာနိုင်ငံကို ကူညီသွားဖို့ ဆက်လက် သန္နိဋ္ဌာန် ချထားတယ် ဆိုတာကို ပြသရာရောက်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ရပ်ဆိုင်းတာဟာ - မှားယွင်းတဲ့ မဟာဗျူဟာ ဖြစ်နိုင်တာကြောင့်၊ ဒီလိုမဖြစ်စေဖို့ သမ္မတ အိုဘားမား ကို တောင်းဆိုနေရတာပါ။”

ဒါပေမဲ့လည်း George Town တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကတော့ - ဒဏ်ခတ်အရေးယူမှုတွေ ဆက် ထားရှိတာ ဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေး အတွက် အကျိုးမရှိတဲ့ အတွက် မြန်မာအစိုးရမှာ ထိပ်တန်းတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားဖို့ တောင်းဆိုသင့်တယ်လို့လည်း သုံးသပ်ပါတယ်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ထိရောက်တယ်လို့တော့ ကျနော်မယူဆပါဘူး။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေမှာ အဟန့်အတားဖြစ်စေသလို၊ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်အောင်လည်း မလုပ်နိုင်ပါဘူး။ ဒီကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရပ်တည်ချက်ကို လူသိရှင်ကြား ပြောသင့်ပါတယ်။”

ဒါ့အပြင် ဒဏ်ခတ်မှုသက်တမ်းတိုးရေး လွှတ်တော်က တောင်းဆိုခဲ့တဲ့ ကြေညာချက် ထဲမှာ - မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆင်နွှဲနေတာ၊ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာ၊ စစ်တပ်ကနိုင်ငံရေး မှာ နေရာယူထားတာ၊ စတာတွေ အပါအဝင် စိုးရိမ်စရာ အခြေအနေတွေ ရှိနေတာကိုလည်း ထောက်ပြထားတာပါ။ ပါမောက္ခ စတိုင်းဘတ် ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်ဖို့ အထူးသဖြင့် မြန်မာ့နိုင်ငံရေး မှာ နေရာယူထားတဲ့ စစ်တပ်ကို ဒဏ်ခတ်မှုတွေနဲ့ ဖိအားပေးတာမျိုးဟာ လက်တွေ့မကျဘူးလို့ မြင်ပါတယ်။

“ကျနော့်အနေနဲ့ ငြင်းချက်ထုတ်ချင်တာကတော့ လတ်တလော တိုင်းပြည်မှာ လိုအပ်နေတာက NLD၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်တို့ကြား ယုံကြည်မှု ရရှိဖို့ပါ။ ယုံကြည်မှုတည်ဆောက်ဖို့က အရေးကြီးဆုံး ကိစ္စပါ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို အင်အားချိန်ခွင် လျှာညှိနိုင်လိမ့်မယ် လို့ မျှော်လင့်နေခြင်းအားဖြင့် ယုံကြည်မှုတွေ တိုးမလာနိုင်ပါဘူး။”

အရေးယူဒဏ်ခတ်မှု နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက အထောက်အကူ ပေးနိုင်ခဲ့တယ် လို့လည်း လွှတ်တော်အမတ်တွေက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အချိန်မတန်သေးဘဲ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်ရင် - အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် သြဇာလျော့ပါးနိုင်သလို၊ ကြမ်းကြုတ်လှတဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ မလွယ်နိုင်ဘူး လို့လည်း ဥပဒေပြုအမတ်တွေက ပြောဆိုခဲ့ကြတာပါ။ ပါမောက္ခ စတိုင်းဘတ်ကတော့ အကြောင်းအမျိုးမျိုးနဲ့ ဒဏ်ခတ်မှုတွေ ဆက်ထားတာဟာ အမျှော်အမြင် နည်းရာကျတယ်လို့ ဝေဖန်ပါတယ်။

“ဒဏ်ခတ်မှုတွေ သက်တမ်းတိုးတဲ့ အကြောင်းရင်း အများစုကတော့ လူ့အခွင့်အရေး ကိစ္စတွေကြောင့်ပါ။ နောက်ကျရင်လည်း ဒီလောက်နဲ့ မလုံလောက် သေးဘူး လို့ ပြောဦးမှာပါ။ ဒါကြောင့် သက်တမ်း ထပ်တိုးရမယ် လို့ ပြောပါလိ့မ်မယ်။ သတင်းလွတ်လပ်ခွင့်တွေရပြီ၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်တွေ တော့ရပြီ၊ ဒါပေမဲ့လည်း ရိုဟင်ဂျာကိစ္စမှာ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ဘူး၊ လူနည်းစုတွေအရေး ကျကျနန မလုပ်ဘူး၊ နိုင်ငံရေး အကျဉ်းသားကလည်း တယောက်၊ နှစ်ယောက် ကျန်ချင်ကျန်နေမယ်။ ဒဏ်ခတ်မှုတွေ သက်တမ်းတိုးဖို့ ဒီလိုပဲတခြားအကြောင်းတွေ ပြဦးမှာပါ။ ဒါက အမျှော်အမြင်မရှိတဲ့ လုပ်ရပ်ပါ။”

မေလ ၂၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းဆက်တိုးဖို့ သမ္မတ အိုဘားမားကို လွှတ်တော်က တောင်းဆို လိုက်ချိန်မှာပဲ - အာရှခရီးသွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း မေလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာအစိုးရကို အားပေးဖို့နဲ့ နောက်ထပ် ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြုပြောင်း လဲမှုတွေ ဖြစ်ပေါ်လာအောင် အမေရိကန်က ဆက်လက် ပံ့ပိုးကူညီသွားမယ့် အကြောင်း ပြသဖို့အတွက် နေပြည်တော်မှာ အဓိကခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါနဲ့တဆက်တည်းပဲ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန မှာ ပြုလုပ်ခဲ့တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ - ဆန္ဒပြမှုတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို မြန်မာအစိုးရက ဆက်လက် ကန့်သတ် ထိန်းချုပ်ဖို့ ကြိုးစားနေဆဲအပေါ် - စိုးရိမ်တဲ့အကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အချိန်အတော်ကြာ ကတည်းက လေးစားတန်ဖိုးထားတယ်လို့ တုံ့ပြန်ခဲ့ပါ တယ်။

XS
SM
MD
LG