သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး ပြင်သစ်မှာဆွေးနွေး


 ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က စည်းဝေးပွဲ တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကြိုဆိုနုတ်ဆက်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က စည်းဝေးပွဲ တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကြိုဆိုနုတ်ဆက်။

ရပ်ဆိုင်းနေတဲ့ အစ္စရေးလ်-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ရေး လုံလောက်တဲ့ ဘုံတူညီချက် သဘောထားကို ရလာဖို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဒီကနေ့ စည်းဝေးနေကြတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနဲ့ ဥရောပနဲ့ အာရပ် နိုင်ငံတွေက ထိပ်တန်းသံတမန်တွေ မျှော်လင့်နေကြပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် သတ္တိိရှိရှိ ရွေးချယ်ကြဖို့ ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်က အစည်းအဝေး အဖွင့်မှာ ပြောပါတယ်။ အစ္စရေးလ်နဲ့ပါလက်စတိုင်းအကြား ရေရှည်ခံမယ့် သဘောတူညီချက် တရပ်ဟာ ဒေသတခုလုံးနဲ့ သက်ဆိုင်ရမယ် လို့ ပြင်သစ်သမ္မတကဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစီအစဉ်လုပ်ပေးဖို့မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အဓိကအခန်းကဏ္ဍက ပါဝင်သင့်ပေမယ့် အဆုံးမှာတော့ ကွဲပြားချက်တွေကို နှစ်ဘက် အကြား ဖြေရှင်းရမှာပဲလို့ မစ္စတာ အော်လန်းဒ်ကပြောပါတယ်။

ပြင်သစ်နိုင်ငံက ကမကထပြုကျင်းပတဲ့ ဒီအစည်းအဝေးမှာ အမေရိကန်ရဲ့ပါဝင်မှုက သိပ်တော့ အားတက်သရော မရှိလှပါဘူး။ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီဟာ ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အဆိုပြုတင်ပြမယ့် စိတ်ကူး စိတ်သန်းတွေကို နားထောင်ဖို့ သက်သက် ဒီအစည်းအဝေးကို တက်နေတာပါ။

ဒါပေမဲ့လည်း နှစ်နိုင်ငံံယှဉ်တွဲနေထိုင်ရေး ရည်မှန်း ချက် အောင်မြင်စေဖို့ အရေးတကြီး လုပ်ရမယ်ဆိုတာကိုတော့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတွေက အလေးအနက်ပြော ပါတယ်။

သတ်သတ်မှတ်မှတ် အစီအစဉ်တခုကို အဆိုပြုဖို့ ဒီအစည်းအဝေးကို တက်နေတာမဟုတ်ပါဘူးလို့ နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အမေရိကန်အနေနဲ့ စိတ်ကူးစိတ်သန်းတွေကို ထည့်သွင်း စဉ်းစားဖို့ အဆင်သင့် ရှိပေမဲ့ အဲဒါကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ အဲဒီမှာ အမေရိကန်ရဲ့အခန်းကဏ္ဍ တခုခုရှိမယ်ဆိုရင်တောင် ဘာဆိုတာ မဆုံးဖြတ်ရသေးပါဘူးလို့ အဲဒီ တာဝန်ရှိသူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်
အရှေ့အလယ်ပိုင်းအရေး ပြင်သစ်မှာဆွေးနွေး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG