သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေ ကျပ် ၂၀ ဘီလီယံ သုံးမယ်


 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးသင့်ပြည်သူ များ ကို သွားရောက်တွေ့ဆုံ အားပေး။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးသင့်ပြည်သူ များ ကို သွားရောက်တွေ့ဆုံ အားပေး။

ပြည်ထောင်စုအစိုးရအဖွဲ့က ချပေးတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ ကျပ် ဘီလီယံ ၂၀ကို အရေးပေါ် အခြေအနေ အတွက် သီးသန့်အသုံးပြုသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ လတ်တလော ရေကြီးရေလျှံဖြစ် ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကိုလည်း သွားရောက်ပြီး ကယ်ဆယ်ရေးနဲ့ နောက်သဘာဝဘေးအန္တရာယ်မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့လည်း သွားရောက်တွေ့ဆုံမယ် လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေမှာ အရေးပေါ်ကူညီ ကယ်ဆယ်ရေး အတွက် အသုံးပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကချပေးတဲ့ ကျပ်ငွေဘီလီယံ ၂၀ ကို အရေးပေါ်အခြေအနေအတွက် သီးသန့်အသုံးပြုသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခုလို ပြောဆိုလိုက်ပါတယ်။

“ပြည်ထောင်စုအစိုးရက ချပေးတဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးရင် ဒါ သုံးစွဲရမယ့်ငွေပေါ့၊ ကြိုတင်ပြင်ဆင်ရေးမှာ သုံးလို့ရတယ်။ အရေးပေါ် အခြေအနေတွေမှာ သုံးလို့ရတယ်။ ပြန်လည်ထူထောင်ရေးမှာလည်း သုံးလို့ရတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ရန်ပုံငွေဟုတ်တယ်။ အဲဒါအစိုးရက ထည့်ပေးတာ ဒီနှစ် အထူး ရန်ပုံငွေ၊ ကျနော်တို့ ဒီဝန်ကြီးဌာနရဲ့ရန်ပုံငွေက အဲဒီဟာတွေသုံးလို့မရဘူး။ ဟို..အရမ်း အများကြီးသုံးလို့မရဘူး။ ဝ.၀၁ percent ပဲရှိတယ် အားလုံးရဲ့လေ။ ဆိုတဲ့အတွက်ကြောင့်မို့လို့ သူကနေပြီးတော့ သဘာဝဘေးအတွက်ကို အထူးရန်ပုံငွေချပေးထားတာ။ အခုအဲဒီကပဲသုံးနေတာလေ၊ အခုသုံးတာတွေဟာ။”

အရေးပေါ်ရန်ပုံငွေမရမှီတုန်းကတော့ ပြည်တွင်း ပြည်ပကရရှိတဲ့ အလှူငွေတွေကိုသာ အသုံးပြုခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းနဲ့ ဝန်းသိုမြို့နယ်တွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် ရန်ပုံငွေကို စတင်အသုံးပြုနေပြီလို့ ဝန်ကြီးက ပြောပါတယ်။

အသေအပျောက်အနေနဲ့ ဝန်းသိုမြို့နယ်မှာ ရေဘေးကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ရေဘေးသင့်ပြည်သူ ၂ သောင်းခန့်ကို ရေပြန်ကျသွားပြီးတဲ့နောက် အစားအသောက်၊ သောက်သုံးရေရရှိရေးနဲ့ အဝတ်အစားတွေ အဓိက ထားဆောင်ရွက်ပေးနေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

၂၀၁၅ခုနှစ်တုန်းကလည်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကို သွားရောက်ပြီး အနာဂတ်မှာ ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမယ် လို့ ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောပါတယ်။

“ဒီကောလင်းဟာ၊ မြန်မာပြည်တော့ ဖြစ်နေအုံးမှာပဲ။ ဘာဖြစ်လဲဆိုတော့ root curse က တကယ့်အခြေခံအကြောင်းအရင်းက မြစ်တွေချောင်းတွေ တိမ်ကောသွားတာတို့၊ ပိတ်ဆို့သွားတာတို့ ဒါတွေအကြောင်းအရင်းဟာ အင်မတန်ရှည်လျားတဲ့၊ အကုန်သိကြပါတယ် ဒီအကြောင်းတွေလဲ။ ဒီမှာရွှေတူးတဲ့လုပ်ငန်းတို့ ဆုံနေတာပဲ။ အဲတော့ အကြောင်းအရင်းတွေအများကြီးရှိတယ်၊ အဲ့ဒါကိုကျနော်တို့က မနက်ဖြန်ကျရင် သွားဆွေးနွေးပြီးတော့ ဒီအကြောင်းအရင်းတွေ နဲ့ပတ်သက်ပြီးတော့ ပြုပြင်ထိန်းသိမ်းရမယ့်ဟာတွေလုပ်မယ်။ မီဒီယာကနေ တဆင့် ပြည်သူတွေကိုလည်းပြောမယ်။ အဲ့လိုလုပ်ထားမှ၊ နောက်မို့ဆိုဖြစ်နေအုံးမှာပဲ။ ဒီ နဲနဲလေးမိုးများတာနဲ့ လျှံအုံးမှာပဲ ကောလင်းဟာလေ။ အဲဒီဒေသတွေအကုန်လုံးဟာ။”

ဝန်းသိုမြို့နယ်တွင်းက ကျေးရွာတွေမှာ ရေပြန်ကျသွားပြီးတဲ့နောက်အခြေအနေကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက အခုလို ပြောပြပါတယ်။

“တချို့ဒီ ကျေးရွာဘက်တွေဆိုရင်ကတော့ စာသင်ကျောင်းတွေထဲကို ရွှံ့နွံတွေ ဝင်သွားတဲ့အတွက် အဲ့ဒီမှာ ရွှံ့နွံတွေပြန်ပြီးတော့ မှ ဆေးနေကြတဲ့ အနေအထားမျိုးတွေရှိတယ်။ နောက်ပြီးတော့မှ တခြား ကိစ္စရပ်ကတော့ လယ်ယာမြေတွေပေါ့ဗျာ၊ လယ်တွေထဲကို အခုကတောင်ကျချောင်းရေလို့ စိုက်ချလိုက်တာဖြစ်တဲ့အတွက် တချို့အခု ပျိုးကျဲထားပဲ၊ မိုးတွင်းခါကျလို့ရှိရင် စိုက်ပျိုးဖို့အတွက် ကျဲထားတဲ့ပျိုးတွေကအစ အားလုံးကိုသူတို့ သဲနွံတွေ ဖုံးသွားတဲ့အနေအထားမျိုးတွေရှိတယ်။”

ရေဘေးသင့်ကျေးရွာတွေကို သွားရောက်လေ့လာပြီး ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့လည်း ဦးဇော်လင်းဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကောလင်းမြို့မှာ ရေကြီးရေလျံဖြစ်ခဲ့ပြီး လူ ၄ ယောက် သေဆုံးခဲ့ ပါတယ်။

XS
SM
MD
LG