သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တရုတ်အတွက် သင်ခန်းစာ


မြစ်ဆုံဆည် ပြန်တည်ဆောက်မယ့်အစီအစဉ်ကို ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒပြနေစဉ် (မြစ်ကြီးနားတက္ကသိုလ် ဇွန်လ ၃ ရက်)
မြစ်ဆုံဆည် ပြန်တည်ဆောက်မယ့်အစီအစဉ်ကို ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒပြနေစဉ် (မြစ်ကြီးနားတက္ကသိုလ် ဇွန်လ ၃ ရက်)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ရန်ကုန် ဆူးလေ ရှန်ဂရီလာဟော်တယ်မှာ ပထမဦးဆုံးအကြိမ် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့ အခန်းအနားကို ကျင်းပခဲ့ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၆ နှစ်ပြည့်တဲ့ အဲဒီနေ့မှာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး ဖေါင်ဒေးရှင်းကိုလည်း ဖွဲ့စည်းပြီး အခန်းအနားကိုပါ တစ်ချိန်တည်း ကျင်းပခဲ့တာပါ။ ဒီ့မတိုင်ခင်တုန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လျံဟုန်ဟာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ရခိုင်ပြည် ကျောက်ဖြူကို သွားရောက် လေ့လာ လည်ပတ်ခဲ့ပါသေးတယ်။ ရန်ကုန် တရုတ်သံရုံးနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ လတ်တလော လှုပ်ရှားမှုတွေကိုကြည့်ရင် မြန်မာနိုင်ငံထဲက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင်၊ လုပ်ငန်း အဆင်ပြေအောင် ကြိုးစားဆောင်ရွက်နေတာ အထင်အရှား တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံထဲက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အခြေအနေ စိုးရိမ်ရမယ့် အခြေအနေ ရှိနေပါပြီလား၊ ဒီ ပြသနာတွေထဲကနေ တရုတ်အနေနဲ့ ဘယ်လို သင်ခန်းစာ ထုတ်ယူသင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ အချိန်ထိ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားတဲ့ ထိပ်ဆုံးနိုင်ငံ ဖြစ်နေဆဲပါ။ နယ်စပ်ကုန်သွယ်ရေးမှာလည်း ကုန်သွယ်မှု ပမာဏ အများဆုံး ရှိနေပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားလာတာနဲ့အတူ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား ဖော်ထုတ်လာနိုင်တဲ့ အခြေအနေအောက်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် သဘောမကျတာတွေ၊ ဆန့်ကျင်ကန့်ကွက်တာတွေ ရှိလာပါတယ်။ ဒီအထဲမှာ တစ်ချို့ စီမံကိန်းတွေ ရပ်ဆိုင်း၊ ပယ်ဖျက်လိုက်ရတာမျိုးတွေ ရှိနေပြီး၊ တစ်ချို့စီမံကိန်းတွေကတော့ မရေရာ မသေခြာတဲ့ အခြေအနေ ဆိုက်ရောက်နေတာ တွေ့ရပါတယ်။

စီမံကိန်း ပြီးဆုံးလို့ ပုံမှန်လည်ပတ်နေတဲ့ စီမံကိန်းကြီး တစ်ခုကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင် အထိ သွယ်တန်းထားတဲ့ သဘာ၀ ဓာတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်းကနေ ဓာတ်ငွေ့နဲ့ ရေနံ တင်တဲ့ လုပ်ငန်းပါ။ ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျောက် တစ်ချို့နေရာတွေမှာ မြေယာလျော်ကြေး ပေးဖို့ ကျန်ရှိနေတယ် ဆိုပြီး ပြောဆိုသံ နည်းနည်းပါးပါး ထွက်တာကလွဲရင် လုပ်ငန်း ပုံမှန် လည်ပတ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ပိုက်လိုင်းနဲ့ အပြိုင် တရုတ်၊ ယူနန်ပြည်နယ် ရွှေလီကနေ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ရထားလမ်း၊ ကားလမ်း ပါဝင်တဲ့ ဘက်စုံ လမ်းမကြီးတစ်ခု တည်ဆောက်မယ့် စီမံကိန်းကတော့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလမ်းမကြီးနဲ့ ပတ်သက်လို့ တရုတ်ဘက်မှာ ယူနန်ပြည်နယ် ခွင်းမင်ကနေ မြန်မာနယ်စပ် ရွှေလီမြို့အထိ ဖေါက်လုပ်လို့ ပြီးစီးခါနီးပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်း ဆက်ပြီး လုပ်ကိုင်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်ဘက်က အဆိုပြုတဲ့ အဆင့်နဲ့တင် ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာမီဒီယာတွေနဲ့ မြန်မာလူထုဘက်က ဒီ ဘက်စုံလမ်းမကြီးဟာ မြန်မာပြည်ကို အလယ်ခေါင်ကနေ ဖြတ်သန်းသွားမယ့် လမ်းမကြီးဖြစ်နေတယ်၊ တရုတ်ကို ဖေါက်လုပ် အသုံးပြုခွင့်ပေးလိုက်ရင် အချုပ်အခြာအာဏာ ထိခိုက်လာနိုင်တယ် စတဲ့ ဝေဖန်ချက်မျိုးစုံကြောင့် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရပ်ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။

စီမံကိန်း လုပ်ကိုင်ခွင့်ရပေမယ့် ပြသနာပေါင်းစုံ တက်နေတာကတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဖြစ်ပါတယ်။ နဂိုက တရုတ်ကုမ္ပဏီနဲ့ ဒေသခံပြည်သူတွေကြား ကြီးမားတဲ့ ပဋိပက္ခကြီး ကြုံခဲ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ ကြားဝင် စုံစမ်းစစ်ဆေး အစီရင်ခံစာ တင်ပြနိုင်ခဲ့မှုတွေကြောင့် နောက်ပိုင်း စီမံကိန်း ပြန်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ အထိ စီမံကိန်းကို ချောချောမွေ့မွေ့ အကောင်အထည် မဖော်နိုင်သေးသလို၊ ဒေသခံတွေနဲ့ နေ့စဉ်လိုလို ပြသနာတွေ တက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သယံဇာတနဲ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့က သွားပြီး စစ်ဆေးခဲ့ရတဲ့ အခြေအနေ ရှိနေပါသေးတယ်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီက တင်ဒါအောင်မြင်ထားပြီးသား အဆင့်ပဲ ရှိပါသေးတယ်။ စီမံကိန်းကို သေသေခြာခြာ မစရသေးပါဘူး။ ဒီကြားထဲ အဲဒီ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း ရှိနေသေးတာမို့ စီမံကိန်းကို အသေအခြာ စနိုင်မယ်၊ မစနိုင်ဘူး၊ တပ်အပ် မပြောနိုင်သေးပါဘူး။ လက်ရှိ အချိန်ထိ ပြသနာ အကြီးကြီး တက်နေတာကတော့ ဧရာဝတီ မြစ်ဆုံ စီမံကိန်းပြသနာပါ။ မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး ဆိုပေမယ့် မြစ်ဆုံပေါ်မှာ ရေကာတာ တစ်ခုတည်း တည်ဆောက်ဖို့ မဟုတ်ပါဘူး။ မလိခ မြစ်ပေါ်မှာ ရေကာတာ တစ်ခု၊ မေခ မြစ်ပေါ်မှာ ရေကာတာ ငါးခု၊ မေခ၊ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ ဧရာဝတီ မြစ်ဆုံမှာ ရေကာတာ တစ်ခု စုစုပေါင်း ရေကာတာ ခုနှစ်ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓာတ်အား တွေ ထုတ်ယူဖို့ပါ။

စီမံကိန်း အားလုံးပြီးဆုံးသွားလို့ရှိရင် အဲဒီ ရေအားလျှပ်စစ် စက်ရုံကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အား ပမာဏဟာ မဂ္ဂါဝပ် ၂၁၆၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ၂၀၁၅ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မဂ္ဂါဝပ် ၅၀၀၀ ကျော်လောက်ပဲ ထုတ်လုပ်နိုင်သေးတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ထုတ်လုပ်သုံးစွဲနေတာရဲ့ လေးဆ ကျော် ထွက်ရှိမယ့် အလွန့်အလွန်ကြီးမားတဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စီမံကိန်းကြီး တစ်ခုလုံးဆိုရင် ဒေါ်လာ ဘီလျံ ၃၀ လောက် တန်ကြေးရှိတဲ့ စီမံကိန်းကြီးပါ။ တရုတ် ကုမ္ပဏီက အကောင်အထည်ဖော်မယ့် အဲဒီ ကြီးမားတဲ့ စီမံကိန်းကိုလည်း အရင် သမ္မတ ဦးသိန်းစိန် အစိုးရက သူ့သက်တမ်းအတွင်း ယာယီရပ်ဆိုင်းမယ်လို့ ကြေငြာပြီး ရပ်ဆိုင်းထားခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတော့လည်း ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထု ဆန့်ကျင်တာ များတဲ့အတွက် ပြန်အကောင်အထည် ဖော်နိုင်ရေး ဆိုတာဟာ မလွယ်ကူလှပါဘူး။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာနိုင်ငံထဲက တရုတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေ အားလုံးလိုလို ပြသနာ ပေါ်နေတာပါ။ တကယ့်ပြသနာဖြစ်ရတဲ့ အကြောင်းရင်းခံကို သေသေခြာခြာ ပြန်သုံးသပ်ကြည့်လိုက်ရင် စီမံကိန်းတစ်ခုချင်းစီရဲ့ အနေအထားကြောင့် ပြသနာပေါ်ရတယ် ဆိုတာမျိုးထက် အရင်ကာလ ပြည်သူတွေကို မတရားဖိနှိပ် ရက်စက်ခဲ့တဲ့၊ တိုင်းပြည်ကို ချွတ်ခြုံကျ မွဲပြာကျအောင် လုပ်ခဲ့တဲ့၊ ပြည်သူမုန်းတဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းခဲ့လို့၊ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ခဲ့လို့ တရုတ်စီမံကိန်းတွေကို ဆန့်ကျင်ကြတာ ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒီ ပြသနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် သူတို့ လုပ်ကိုင်ဆောင်ရွက်မယ့် အဲဒီ စီမံကိန်းတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရက ထောက်ခံလာအောင် အရင်ကြိုးစားဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရက နားမလည်တဲ့ လက်မခံနိုင်တဲ့ ဘယ်လို စီမံကိန်းမျိုးမှ ဒီတိုင်းပြည်မှာ လုပ်ရကိုင်ရ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြန်မာပြည်သူလူထု အလည်မှာ ကျဆင်းခဲ့ရတဲ့ တရုတ် စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ပုံရိပ် မြင့်တက်လာအောင် လုပ်ဖို့ပါ။ ရိုးသားပြီး၊ ပွင်းလင်းမြင်သာ ရှိမှုနဲ့အတူ အရပ်ဘက် အဖွဲ့အစည်းတွေကနေ တဆင့်၊ ပြည်သူတွေ လက်ခံတဲ့ မီဒီယာတွေကနေ တဆင့် တရုတ် စီးပွားရေးလုပ်ငန်းတွေရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ပါတယ်။ ဒါမှသာ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်း လုပ်ငန်းကြီးတွေ ဆက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်း ပေါ်ပေါက်လာနိုင်မယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG