သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အဖွဲ့နဲ့ ဆက်သွယ်မှု၊ လူငယ် ၁၃ ယောက် ထောင် ၃ နှစ်စီကျ


ရခိုင်လက်နက်ကိုင်တပ် AA က သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ - သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။
ရခိုင်လက်နက်ကိုင်တပ် AA က သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ - သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံ ထားရတဲ့ လူငယ် ၁၃ ယောက်ကို ဒီကနေ့မှာတော့ စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ရခိုင်တပ်မတော် (AA) နဲ့ ဆက်သွယ်ခဲ့တဲ့ ရခိုင်လူငယ်တွေကိုတော့ မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အပြစ်ပေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏဆိုသလို ဆက်လက်ဖြစ်ပွားနေတဲ့ ရခိုင်တပ်မတော် (AA) ကို ဆက်သွယ်ခဲ့တယ်ဆိုပြီး လွန်ခဲ့တဲ့ ၄ လလောက် ကတည်းက ဖမ်းဆီးထားတဲ့ လူငယ်တွေကို အခုနောက်ဆုံး တရားရုံးက ထောင်ဒဏ် စီရင်ချက်တွေ ချမှတ်ခဲ့တာပါ။

စစ်တွေချက်ပှိုင့်မှာ လုံခြုံရေးတင်းကျပ်စွာရှာဖွေစစ်ဆေးနေစဉ်။
စစ်တွေချက်ပှိုင့်မှာ လုံခြုံရေးတင်းကျပ်စွာရှာဖွေစစ်ဆေးနေစဉ်။

စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ပဲ ရခိုင်လူငယ် ၁၃ ယောက်ကို မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) အရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။ အသက် ၃၀ အောက်အရွယ် လူငယ်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ကြောင်း ဝန်ခံခဲ့ကြပြီးနောက် အခုလို စီရင်ချက် ချလိုက်တာလို့လည်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

" သူတို့ကို စွဲချက်တင်တဲ့အခါမှာ ဝန်ခံတယ်ဆိုတဲ့အနေအထားကိုရောက်သွားတယ်။ ဝန်ခံတော့ ပြစ်ဒဏ်ချမှတ်ခြင်း ခံရတဲ့သူတွေကတော့ အယူခံတက်ခွင့်မရှိတော့ဘူး။ သူတို့ကိုစွဲချက်တင်တာကတော့ AA ရခိုင့်တပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွဲတာပါ။ သူတို့ကတော့ ယုံကြည်ချက်နဲ့ လုပ်တဲ့အလုပ်အပေါ်မှာ ရဲရဲဝင့်ဝင့် ဝန်ခံမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဝန်ခံလိုက်တဲ့သဘောပါ။ သူတို့ကိုစွဲချက်တင်တဲ့အခါမှာ ဒီလိုငြိစွန်းတဲ့အတွက် မတရားအသင်းနဲ့ဆက်သွယ်တဲ့ ပုဒ်မ ၁၇ (၁) အရ စွဲချက်တင်တယ်။ အပြစ်ရှိလားဆိုတော့ ရှိပါတယ် ပေါ့ ဒီလိုပဲ ပြောကြတာ။ "

ဒါပေမဲ့လည်း သက်ဆိုင်ရာမိသားစုတွေက အကူအညီတောင်းခံခဲ့ရင်တော့ အမှုသည်တွေ သက်သာရာရအောင် ဥပဒေကြောင်းအရ ဆက်လက်ကြိုးပမ်းသွား ဖို့ ပြင်ဆင်နေတယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။

" အဲ့ကလေးတွေက ဒီလိုထောင်သုံးနှစ်ချမှတ်တာကို ဥပဒေနဲ့အညီ ပြစ်ဒဏ် ကို ပြင်ဆင်မှု တရပ်ပေးပါဆိုရင်တော့ ကျမတို့ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိ ပါတယ်။ အဲ့တာတော့ သူတို့ဆွေမျိုးတွေက မေးမြန်းပြီးတော့ လာပြီးတော့ ပြောကြပါလိမ့်မယ်။ ဒီပုဒ်မက အနည်းဆုံး ၂ နှစ် ၊ အများဆုံး ၃ နှစ်ဆိုတော့ ပြစ်ဒဏ်အပေါ်မှာ ပြင်ဆင်မှု တက်လို့ရပါတယ်။ ဝန်ခံထားတဲ့သူတွေက။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ကတော့ တိုင်းပြည်မှာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေတဲ့ အချိန်မျိုးမှာ အခုလို အပြစ်ပေးအရေးယူတာဟာ နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

" နယ်ချဲ့အစိုးရကနေ မြန်မာနိုင်ငံမှာ သူတို့ကိုတော်လှန်မှာစိုးလို့မတော်လှန်ရဲအောင် ထုတ်ထားတဲ့ ဥပဒေပေါ့လေ။ ဒီဥပဒေမျိုးက အခုသွားနေတဲ့ ဒီမိုကရေစီစနစ်မျိုးနဲ့ဆို မကိုက်ညီတော့ပါဘူး။ ဆက်သုံးနေတာကိုက ဘာကို ပြနေလဲဆိုတော့ မြန်မာနိုင်ငံ မှာ အစိုးရက တော်လှန် တာကို မကြိုက်ဘူးဆိုတဲ့ဟာမျိုးကို သွားပြနေတာကို သက်ရောက်နေတယ်။ နောက်တခုက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး က ဒီဥပဒေက အနှောင့်အယှက် အများကြီးဖြစ်စေပါတယ်။ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို လျော့ကျ သွားစေပါတယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေမျိုးကို အခုအချိန်မှာတော့ မသုံးသင့်တော့ပါဘူး။ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာတော့ ဒါမျိုးတွေ ဆွေးနွေး တာတွေ ရှိတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က တိုင်းပြည်မှာ မငြိမ်သက်မှုတွေရှိနေသရွေ့ ပုံစံမျိုးနဲ့ ဖြုတ်ဖို့အတွက်ကို ငြင်းထားတယ်။ အဲ့တော့ တကယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကို တကယ်စဉ်းစားတယ် ဆိုရင် ဒီလိုမျိုး ထောင် ထပ် ချတာမျိုးတွေ လုပ်မယ့်အစား လွှတ်ပေးတာ မျိုးတွေ၊ နောက် ထောင်ထဲမှာ ရှိတဲ့ တခြားတိုင်းရင်းသား တွေ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်မှာပါ။ ဖမ်းဆီးထားခြင်းကတော့ အနှောင့်အယှက်ပဲဖြစ်စေပါတယ်။ "

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ် တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA-တောင်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့တို့ကို မတရားအသင်းအဖြစ်ကနေ အစိုးရက ပယ်ဖျက်ပေးခဲ့တာပါ။

ဒါပေမဲ့လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကတော့ မြန်မာအစိုးရနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ လည်း မျှော်လင့်နေ တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG