သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်အတွက် အကူအညီပေးအပ်


တူရကီ နိုင်ငံခြားရေး ဝန်ကြီး ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီးမူဆလင် အသိုင်းအဝိုင်း အတွက်ရော စစ်ရှောင် ဒုက္ခသည်တွေ အတွက်ပါ အကူအညီတွေ ပေးအပ်ခဲ့

မြန်မာနိုင်ငံကို အလည်ရောက်နေတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီးမူဆလင် အသိုင်းအဝိုင်း အတွက်ရော စစ်ရှောင် ဒုက္ခသည်တွေ အတွက်ပါ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။တူရကီ နိုင်ငံ အနေနဲ့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံကို ကူညီသွားမှာ ဖြစ်တယ်လို့လည်း တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပြီး နောက်မှာဘဲ အခုလို အကူအညီပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်လို့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်နဲ့ လာရောက်တဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ဟာ မနေ့ကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး မူဆလင် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မူဆလင် အသိုင်းအဝိုင်း အတွက်ရော စစ်ရှောင် ဒုက္ခသည်တွေကိုပါ အကူအညီ ခွဲေ၀ ပေအပ်ခဲ့တယ်လို့ ရခိုင်အစိုးရ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ခရီးစဉ်ကို အခုလို ပြောပါတယ်။

“စစ်တွေကို မနေ့က ညနေဘက် ၄ နာရီကျော်ကျော်လောက်မှာရောက်တယ်ခင်ဗျ။ သူကလေယာဉ်ကွင်းကိုရောက်တဲ့အချိန်မှာ လေယာဉ်ကွင်းမှာ အဆင်သင့်လုပ်ထားတဲ့ ကူညီကယ်ဆယ်ရေး ကျနော်တို့ တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားတွေ၊ ဒီနိုင်ငံသူနိုင်ငံသားတွေအတွက် ကျနော်တို့ကို ဆန်အိတ် ၅၀၀ ကူညီခဲ့တယ်။ ဒီပြင့် ဒုက္ခသည်စခန်းကတော့မသွားဘူး အဲဒီ စစ်တွေမြို့မှာရှိတဲ့ အောင်မင်္ဂလာရပ်ကွက်မှာ အစ္စလမ်ဘာသာဝင်တွေအများစုနေထိုင်ကြတယ် အဲဒီမှာ လူဦးရေး ၄၀၀၀ လောက်ရှိတယ်။ အဲဒီမှာတော့ ၁၀၀၀ လောက်လှူခဲ့တယ်။ ကျနော်တို့ တိုက်ပွဲရှောင် မှာကျတော့ ကျနော်တို့ လူဦးရေ ၁၈၀၀-၂၀၀၀ လောက်ရှိတယ်။ အဲဒီအတွက်ကို ဆန်အိတ် ၅၀၀ လှူခဲ့တယ်။”

တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu က နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြုလုပ်တဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ လူမျိုး ဘာသာ မခွဲခြားဘဲ အကူအညီတွေ ပေးအပ်သွားမယ်လို့ အခုလို ပြောဆိုသွားပါတယ်။

“ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း တူရကီအနေနဲ့ ဆက်လက် ကူညီသွားမှာ ဖြစ်သလို ဒီလိုလုပ်ဆောင်ရာမှာလည်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်ထောင်စုအစိုးရ၊ ကုလသမဂ္ဂ၊ အေဂျင်စီတွေ၊ ဒေသအာဏာပိုင်တွေနဲ့ အတူ ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Cavusoglu က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။”

ရခိုင်ပြည်နယ် ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် လူမှုအသိုင်းအဝိုင်း ၂ ခုကြား ကွဲပြားမှုတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြရဆဲ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက် ရခိုင်ပြည်နယ်တွင်း မြို့နယ် သုံးခုမှာ လူဝင်မှု ကြီးကြပ်ရေး စတင်ဆောင်ရွက်မှုတွေမှာတော့ အဆင်ပြေ ချောမွေ့ပေမယ့် အချိန်ယူ စေ့စပ်နေရတာတွေလည်း ရှိနေတယ်လို့ ရခိုင် အစိုးရ ပြောခွင့်ရ ဦးမင်းအောင်က ပြောပါတယ်။

“ကျောက်ဖြူနဲ့ မြေပုံတို့ကတော့ အေးအေးဆေးဆေး လိုလိုလားလား ပါပဲ၊ အခု ဒီ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ ကာတီဆိုတဲ့ရွာမှာတော့ သူတို့ စဉ်းစားပါမယ်ဆိုပြီး တပတ်လောက်အချိန်ပေးပါ ဆိုပြီးပြောထားတာရှိပါတယ်။”

မနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ၂ ဦးတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရခိုင် အရေးကိစ္စ အပေါ်မှာ တူရကီ ဘက်က နားလည်မှု ရှိရှိ ဆောင်ရွက်တဲ့ အပေါ် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က စတင်ခဲ့တဲ့ တူရကီနဲ့ မြန်မာ နှစ်နိုင်ငံ သံခင်းမန်ခင်း ဆက်ဆံရေးက ဆယ်စုနှစ် ၆ ခုနီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုချိန်ထိတော့ တူရကီ နိုင်ငံမှာ မြန်မာသံရုံး မဖွင့်လှစ်နိုင်သေးဘဲ အီဂျစ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ပူးတွဲတာဝန်ယူထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံရုံးကိုတော့ ၂၀၁၂ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီမတိုင်ခင်ကတော့ ထိုင်းနိုင်ငံ ဆိုင်ရာ တူရကီ သံရုံးက မြန်မာနိုင်ငံနဲ့ သံတမန်ရေးကို ပူးတွဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG