သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြဿနာ အဖြေရှာရေး လုံလောက်တဲ့ အချိန်ပေးဖို့ ဒေါ်စုပန်ကြား


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့၏ သတင်းစာရှင်းလင်းပွဲ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့၏ သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးဖြေရှင်းရာမှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့အခက်အခဲကိုနားလည်ပြီး ဖြေရှင်းဖို့အတွက် လုံလောက်တဲ့အချိန်ပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ ဒီပြသနာကိုဖြေရှင်းရာမှာ အမေရိကန်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကူညီပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဂျွန်ကယ်ရီကလည်း ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုကြား ဖြစ်နေတဲ့ ပဋိပက္ခဟာ အလွန်ခက်ခဲတဲ့ ပြဿနာဖြစ်တာကြောင့် NLD အစိုးရအနေနဲ့ အားလုံးလက်ခံနိုင်တဲ့အဖြေရအောင် ကြိုးစားကိုင်တွယ်နေပြီး ဒီအတွက်လည်း လုံလောက်တဲ့အချိန်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလိုပြောကြားခဲ့ပါတယ်။

“ကျမ ဘာ့ကြောင့် စိတ်ခံစားမှု ဖြစ်စေမယ့် စကားအသုံးနှုန်းတွေ မသုံးဖို့ ပြောရသလဲ ဆိုရင် ကျမတို့ဟာ စိတ်ခံစားမှုကို ဖြစ်စေမယ့် စကား အသုံးအနှုန်းတွေနဲ့ ပါတ်သက်ရင် ခိုင်မာဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ခံစားမှုဖြစ်စေတဲ့ စကားလုံးတွေဟာ ကျွန်မတို့ရဲ့ပြဿနာ အတွက် ငြိမ်းချမ်းပြီး အဓိပ္ပါယ်ရှိတဲ့ အဖြေရအောင်ရှာဖို့ ခက်ခဲစေတာကြောင့်ပါ။ အဲဒီလို စိတ်ခံစားမှုဖြစ်စေတဲ့ စကားလုံးနှစ်ခုရှိပြီး ဒါနဲ့ပတ်သက်လို့ မျှမျှတတနဲ့တိတိကျကျ ကိုင်တွယ်ဖို့လိုပါတယ်။

ရခိုင် ဗုဒ္ဓဘာသာဝင်တွေက ရိုဟင်ဂျာဆိုတဲ့စကားလုံးကို ကန့်ကွက်ကြသလို မူဆလင်တွေကလည်း ဘင်္ဂလီလို့ သုံးတာကို ကန့်ကွက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်နဲ့တဖက် လက်မခံနိုင်ကြတဲ့ နိုင်ငံရေးအရရော၊ စိတ်ခံစားမှုအရပါ အကျိုးသက်ရောက်မှုက အစုံရှိနေလို့ ဖြစ်ပါတယ်။ ကျွန်မတို့ပြော နေရတာက ကျွန်မတို့ ရင်ဆိုင်နေရတဲ့အခက်အခဲကို နားလည်ပြီး၊ ဒါကိုဖြေ ရှင်းဖို့အတွက် လုံလောက်တဲ့ အချိန် ပေးဖို့ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးခဲ့ကြောင်းနဲ့ အမေရိကန်ဘက်က ဒီပြဿနာကိုကြီးထွားအောင်လုပ်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဝန်ကြီးနဲ့ ကျနော်ဒီနေ့ဆွေးနွေးခဲ့တဲ့အထဲမှာလည်း အခု သူပြောသွားတဲ့အတိုင်းပါပဲ။ အဲဒါတွေကတော့ ဒီပြဿနာကိုဖြေရှင်းရာမှာ အဓိကအရေးကြီးတဲ့အချက်၊နောက် ဖွံဖြိုးမှု မြှင့်တင်ဖို့၊ လူ့အခွင့်အရေး အပေါ်လေးစားမှုမြှင့်တင်ဖို့ စတဲ့ အခြေအနေတွေ အဲဒီဒေသမှာ တိုးတက်လာဖို့ အဓိကအာရုံစိုက်ရမယ့်အချက်နဲ့ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံးက လူမျိုးစုအသိုင်းအဝိုင်းတွေ အကျိုးရှိစေဖို့ စတာတွေဆွေးနွေးခဲ့ကြတာပါ။ ဒါကြောင့်လည်း ဝန်ကြီးနဲ့ပြောဆိုဖို့ ကျနော်တို့ ဒီကိုလာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါဟာ ပြဿနာကိုကြိုးစားဖြေရှင်းပေးဖို့ဖြစ်ပြီး ကြီးထွားလာစေဖို့ မဟုတ်ပါဘူး။ နောက်ပြီး အဖြေရအောင်အထောက်အကူပေးဖို့ဖြစ်ပြီး ကွဲပြားသွားစေဖို့မဟုတ်ပါဘူး။ ဒါကြောင့် ဒီဦးတည်ချက်မှာ အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အားလုံးအတွက်အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ သတင်းစာရှင်းလင်းပွဲမတိုင်ခင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံပြီး အမေရိကန်ဘက်က အကူအညီပေးရေးကိစ္စတွေအပါအဝင် ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး စတာတွေကို အဓိကဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG