သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး အမေရိကန် အခိုင်အမာ ဆက်ထောက်ခံ


သမ္မတအိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာရှအရေးကို ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ ဗဟိုပြု အာရုံစိုက်ခဲ့ရတဲ့နိုင်ငံဖြစ်ပါကြောင်း၊ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာတာကို ကြိုဆိုလိုက်ပြီး ဒီမိုကရေစီရေး အတွက် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆို လိုက်ပါတယ်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုး ဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ သမ္မတအိုဘားမားအစိုးရရဲ့ အာရှအရေး ဦးစားပေးတဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့အရေးကို ဗဟိုပြု အာရုံစိုက် ခဲ့ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အခုလိုပြောဆိုလိုက်ပါတယ်။

“သမ္မတအိုဘားမားက သူ့ရဲ့ သမ္မတသက်တမ်းတလျှောက် အာရှအရေးကို ဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဟာ အမေရိကန်အတွက် ဗဟိုပြု အာရုံစိုက်ခဲ့ရတဲ့ မူဝါဒဖြစ်ပါတယ်။ သူဟာ ဒီနိုင်ငံကို ၂ ကြိမ်လာရောက်ခဲ့တာဟာ သိသိသာသာ ထူးခြားပါတယ်။ ရွေးကောက်ခံအစိုးရပိုင်းနဲ့ရော၊ ဥပဒေပြုလွှတ်တော်နဲ့ပါ တိုင်ပင်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှှုတွေ ကို ပြန်လည်ပြင်ဆင်လိုက်ပါပြီ။ ဒီမိုကရေစီရေး၊ အားလုံးသာတူညီမျှ စီးပွားရေးတိုးတက်ရေး၊ အရပ်သားအစိုးရ လက်ထက်မှာ နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရေးအတွက် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာ တချို့ ပိတ်ဆို့မှုတွေကိုတော့ ဆက်ပြီး ထိန်းထားနေရဆဲဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံသူတွေ၊ ဌာနအသီးသီး၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင်၊ လူ့ဘောင်အသိုင်းအဝိုင်းအနေနဲ့ အရပ်သားအစိုးရ ပြုပြင်ပြောင်းလဲမှုဆက်လက်ကြိုးစားနိုင်ရေးနဲ့ အရပ်သား ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် စုပေါင်း ဆောင်ကြဉ်းကြဖို့ ထောက်ခံနိုင်အောင် အားပေး နေတာဖြစ်ပါတယ်။”

အိမ်ရှင်မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိတ်ဆို့မှုတွေကို မကြောက်ပါဘူးလို့ အခုလိုပြောဆိုလိုက်ပါတယ်။

“ကျမတို့ပိတ်ဆို့မှုတွေကို မကြောက်ပါဘူး။ ထိန်းချုပ်တာ ချုပ်ကိုင်တာတွေကိုလည်းမကြောက်ပါဘူး။ ကျမတို့လမ်းမှန်ကို ဆက်လျှောက်သွားမယ်ဆိုရင် အချိန်ကာလအတိုင်းအတာတခုမှာ ရှိသမျှပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းသွားမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့လည်း အခက်အခဲမရှိပါဘူး။ ကျမနားလည်ပါတယ်။ ခံနိုင်ရည်လည်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တကယ်တော့ မိတ်ဆွေနိုင်ငံပါ။ ကျမတို့ကို ထိခိုက်နစ်နာအောင်လုပ်တာမဟုတ်ပါဘူး။ ကျမတို့ကို ကူညီနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ယုံကြည်လို့ အခုလိုပိတ်ဆို့မှုတွေလုပ်တာပါ။” လို့ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေးနဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမယ့်အကြောင်းပြောရင်း ပြုပြင်ပြောင်းလဲရေး ခရီးရောက်သင့်သလောက်မရောက်ရတဲ့ အကြောင်းအရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကအခုလို သုံးသပ်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးဖြစ်နေတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဆိုတာ ကျွန်တော် အလေးအနက်ပြောလိုပါတယ်။ ပြည်သူ့ဆန္ဒကို ဘယ်လောက်အလေးထားလဲ၊ အာဏာခွဲဝေမှုမှာကော ဘယ်လိုသတ်မှတ်ထားလဲဆိုတာတွေကစ ဒီမိုကရေစီနည်းကျတဲ့အပြောင်းအလဲတွေဖြစ်အောင် လုပ်ဆောင်ရပါမယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံခြားရေဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဒီသတင်းပတ်တွေအတွင်းမှာ အပြောင်းအလဲတွေ ဖော်ဆောင်နေတာကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒီမိုကရေစီဖော်ဆောင်မှုအရှိန်အဟုန်ကိုလိုက်ပြီးတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီပေးမှုတွေကို တဦးချင်းကော ၊ ကဣတစ်ခုချင်းအလိုက်ပါ ပြောင်းလဲသွားဖို့ စီစဉ်သွားမှာပါ။”

တဆက်ထဲမှာပဲ ရခိုင်ပြည်နယ်နေကြတဲ့ လူနည်းစု မူဆလင်အသိုင်းအဝိုင်းအခေါ်အဝေါ် အငြင်းပွားတဲ့ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က အခုလိုရှင်းလင်းပြောဆိုလိုက်ပါတယ်။

“ဒီပြဿနာကို အဖြေရှာဖို့ ကျမတို့ကြိုးစားနေပါတယ်။ ကျမတို့ဒီလိုကြိုးစားနေတဲ့အချိန်မှာ ကျမတို့မိတ်ဆွေတွေအနေနဲ့ အကူအညီပေးစေလိုပါတယ်။ ဘယ်လူ့အဖွဲ့အစည်းကိုမှ မှေးမှိန်သေးသိမ်အောင်လုပ်ဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုတာကို နားလည်ပေးစေလိုပါတယ်။ ကျမတို့ဟာ နည်းလမ်းတွေရှာနေပါတယ်။ ရှေ့ဆက်လို့ရမယ့် နည်းလမ်းကို ရှာနေကြတာပါ။ အသိုင်းအဝိုင်း ၂ ခုစလုံးက လက်ခံနိုင်မယ့် အဖြေကို ရှာနိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို ခက်ခဲမယ်ဆိုတာလည်း မငြင်းလိုပါဘူး။ ကျမတို့မိတ်ဆွေတွေက ကျမတို့နဲ့ပူးပေါင်းဖို့ အဆင်သင့်မဖြစ်ဘူးဆိုရင် ကျမတို့အလုပ်လုပ်ဖို့ ပိုပြီးခက်ခဲစေပါတယ်။ ဒါပေမယ့် ကျမတို့ နောက်မဆုတ်ပါဘူး။ ဒီကိစ္စမှာ ကျမတို့ တာဝန်ရှိပါတယ်။ ဒီပြဿနာကို အဖြေရှာဖို့ အကောင်းဆုံးဖြစ်အောင် အသိုင်းအဝိုင်း၂ခုစလုံးအတွက် အကျိုးရှိအောင် ကျမတို့ကြိုးစားပြီးအဖြေရှာသွားမှာပါ။” လို့ပြောဆိုသွားတာပါ။

နေပြည်တော်ကို နေ့ချင်းပြန်ခရီးရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
မြန်မာ့ဒီမိုကရေစီရေး အမေရိကန် အခိုင်အမာ ဆက်ထောက်ခံ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG